ဈေးကွက်လိုအပ်ချက်အရ ရန်ကုန်မြို့တွင် လူနေအိမ်နှင့် ဆိုင်ခန်းများကို ဟိုတယ်အဖြစ် ပြန်လည်ပြုပြင်ဖွင့်လှစ်ထားသော ဟိုတယ်အသေးစားများစွာ ပေါ်ပေါက်လာနိုင်

ပို့စ်တင်ချိန် - 1/08/2014 10:11:00 AM




မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော နိုင်ငံခြားသား ခရီးသွားဧည့်သည်များ စံချိန်တင် များပြားလာမှုနှင့်အတူ ဈေးကွက်လိုအပ်ချက်အရ ရန်ကုန်မြို့တွင် လူနေအိမ်ခန်းနှင့် ဆိုင်ခန်းများကို ပြန်လည်ပြုပြင် ဖွင့်လှစ်ထားသော ဟိုတယ်အသေးစား (Boutique Hotel) များ များစွာပေါ်ထွက်လာနိုင်ကြောင်း ခရီးသွားလုပ်ငန်း အသိုင်းအ၀ိုင်းမှ သုံးသပ်လျက်ရှိသည်။

“Boutique ဟိုတယ်ဆိုတာ နိုင်ငံတကာ စံနှုန်းနဲ့ဆိုရင် အရမ်းသေးတာတော့ မဟုတ်ဘူး။ ဒီက အတော်အတန်ကြီးတဲ့ ဟိုတယ်အမျိုးအစားတောင် Boutique ဟိုတယ် အမျိုးအစားထဲမှာပါတယ်။ ဒါပေမဲ့ ဒီမှာတော့ မြေအခက်အခဲကြောင့် လူနေအိမ်ရာတွေ၊ ဆိုင်ခန်းတွေကို ပြန်ပြုပြင်ထားတဲ့ ဟိုတယ်တွေ အတော်လေး ဖွင့်လာကြတယ်” ဟု ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ဆိုသည်။

၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားဦးရေမှာ သမိုင်းတစ်လျှောက် အမြင့်ဆုံးဖြစ်ခဲ့ပြီး လူဦးရေ တစ်သန်းကျော် လာရောက်ခဲ့သလို ၂၀၁၃ ခုနှစ်တွင်လည်း မျှော်မှန်းထားသည့် ခရီးသွားဦးရေ နှစ်သန်းထက် တိုးမြှင့်ဖွယ်ရှိနေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။

နိုင်ငံခြားသား ခရီးသွား တိုးတက်လာမှုနှင့်အတူ ဟိုတယ်လိုအပ်ချက်မှာလည်း မြင့်မားလာသဖြင့် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြား ဟိုတယ်လုပ်ငန်းစုကြီးများမှ လာရောက်ရင်းနှီး မြှုပ်နှံမှုများလည်း ရှိလာခဲ့သည်။

ထိုသို့မြှုပ်နှံမှုများ ရှိနေသော်လည်း ဟိုတယ်လိုအပ်ချက် ပြည့်မီခြင်း မရှိသဖြင့် အလျင်အမြန် တည်ဆောက်ပြုပြင်နိုင်သော ဟိုတယ်အသေးစားများ ပေါ်ပေါက်လာရခြင်း ဖြစ်သည်။

“ဟိုတယ်အကြီးကြီးတွေ တည်ဆောက်ဖို့က မြေအခက်အခဲလည်း ရှိတယ်။ အချိန်လည်း ပေးရတယ်။ ဒါ့ကြောင့် ဈေးကွက်လိုအပ်ချက်အရ မြန်မြန်ပေါ်ပေါက်လာနိုင်တဲ့ ဟိုတယ်အသေးစားတွေ ဖွင့်လှစ်လာကြတာပါ။ အခုတောင် ရန်ကုန်ထဲမှာ ဟိုတယ်အသေးတွေ တော်တော်များလာပါတယ်” ဟု ခရီးသွားလုပ်ငန်း လေ့လာသူတစ်ဦးက ဆိုသည်။

၂၀၁၃-၂၀၂၀ ပြည့်နှစ်အထိ မြန်မာ့ခရီးသွား ပင်မစီမံကိန်း (Myanmar Tourism Master Plan 2013-2020) အရ မြန်မာနိုင်ငံသို့ ပြည်ပခရီးသွား ၀င်ရောက်မှုနှုန်းမှာ ၂၀၁၅ ခုနှစ်တွင် ၃ ဒသမ ၁ သန်းနှင့် ၂၀၂၀ ခုနှစ်တွင် ၇ သန်းကျော်အထိ ရရှိရန် ရည်မှန်းထားကြောင်း သိရသည်။

(ဦးချစ်မောင်အိမ်ရာတွင် ပြန်လည်ပြုပြင် တည်ဆောက်ထားသော Green Leaf ဟိုတယ်အား တွေ့ရစဉ် (ဓာတ်ပုံ-ကေခိုင်ဝင့်) )

eleven media group