လစာမဲ့ခွင့်ယူသော ကျောင်းဆရာမ လစာထုတ်ယူမှုကြောင့် ကျောင်းအုပ်ဆရာမနှင့် အခြားဆရာမများ ပြဿနာဖြစ်နေ

ပို့စ်တင်ချိန် - 1/12/2014 10:30:00 AM

လားရှိုး၊ ဇန်နဝါရီ ၁၁။

ဇန်န၀ါရီလ(၆)နေ့က လားရှိုးမြို့ ရပ်ကွက်(၁၂) နယ်မြေ(၁၂)အတွင်းရှိ အ.မ.က (၂၇) မူလွန်ကျောင်းမှ လယ်/ပြ ဆရာမ တစ်ဦးသည် ကျောင်းမတက်ဘဲ တရားမ၀င်လစာ (၂)လစာကို ထုတ်ယူမှုနှင့် ပတ်သက်၍ ကျောင်းအုပ် ဆရာမကြီး နှင့်အခြား ဆရာမများ အချင်းချင်းပြဿနာ ဖြစ်ပွားနေကြောင်း သိရသည်။
အမက- မူလွန်ကျောင်းမှ လယ်/ပြ ဆရာမသည် ၎င်း၏လသား အရွယ်ရှိ သမီးလေး ရောဂါဖြစ်၍ ဆေးထောက်ခံ ချက်ဖြင့် ဆေးခွင့်တင်ရာ ၎င်းဆေးခွင့့််(၂)ပတ်ရရှိ ခံစားပြီး နောက်ဆေးခွင့် ထပ်မံ တင်ပြခြင်း မရှိဘဲ ယင်းကျောင်းမှ ကျောင်းအုပ်ဆရာမနှင့် ညှိနှိင်း၍ ကျောင်းမတတ်တော့သည်မှာ (၃)လခန့် ရှိသော်လည်း ထိုကျောင်းရှိ ၀န်ထမ်း ခွင့်စာအုပ်တွင် ကျောင်းတက်နေကြောင်း လက်မှတ်အတုများ ရေးထိုးထားပြီး လစာမဲ့ (ခွင့်)ဆိုသော စာလုံးကို မှင်ဖျက်ဆေး အသုံးပြုကာ (ခွင့်) ဟု ပြန်လည်ပြင်ဆင်ရေး သားထားကြောင်း ၊ယင်းအပြင် ကျောင်း အုပ်ဆရာမကိုယ်တိုင် ခွင့်ယူသူ ဆရာမ၏ အိမ်သို့ သွားရောက်ကာ ကိုယ်တိုင် လက်မှတ်ရေးထိုးစေခဲ့ကြောင်းလည်း သိရှိသူများက ပြောကြသည်။
“ ဒီကိစ္စနဲ့ ပတ်သက်လို့ ပြောရရင် မဖြစ်သင့်ဘူး၊ ကျောင်းလဲမတက် စာလဲမသင် ခွင့်မတင်ဘဲနဲ့ နိုင်ငံတော်ရဲ့ ဘဏ္ဍာလစာ ငွေကို ထုတ်စားရာ ရောက်နေတာပေါ့၊ နောက်ကျောင်းရဲ့ ဂုဏ်သိက္ခာ ကျဆင်းစေတယ် အဓိက ကလေးတွေရဲ့
ပညာရေး ကိုထိခိုက် စေပါတယ်” ဟု ယင်းကျောင်းမှ ကျောင်းသား မိဘတစ်ဦးက ပြောသည်။

ကျောင်းမတက်၊ ခွင့်မတင်ဘဲ လစာထုတ်ယူနေသည်ဟု ကျောင်းမှ ဆရာမများ သိရှိသွားသောကြောင့် ကျောင်းအုပ် ဆရာမကြီးနှင့် ကျန်သည့်ပညာရေး ၀န်ထမ်းအချင်းချင်း ဘက်လိုက်မှု ပုံစံများ ဖြစ်ပေါ်နေခြင်းအတွက် ပြဿနာတက်၍ စကားများ နေကြောင်း သိရသည်။

အဆိုပါ အ.မ.က (၂၇) မူလွန်ကျောင်းတွင် ကျောင်းအုပ် ဆရာမကြီး(၁)ဦး၊ လယ်/ပြ ဆရာမ(၅)ဦး၊ မူ/ပြ(၄)ဦး ၊ အထွေထွေ လုပ်သား (၁)ဦးရှိပြီး၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၄၁)ဦး ပညာသင်ကြားလျှက်ရှိရာ ကျောင်းသားဦးရေနှင့် ဆရာ/ဆရာမ ဦးရေ ကိုက်ညီလျှက် ရှိသော်လည်း ခွင့်တင်ခြင်း မရှိဘဲ ကျောင်းမတက်သည့် ဆရာမ တစ်ဦး၏ လစ်လပ်နေရာအစား အခြားဆရာမများမှ အစားထိုး ၀င်ရောက်ကာ ကလေးသူငယ် များအား သင်ကြားပေးနေရကြောင်း သိရသည်။
မနုဿဇေယျာ (လားရှိုး)

The Myanma Age