တောင်ငူတွင် ပုဒ်မ-၅၉ (ဃ/စ) ဆန့်ကျင်ကန့်ကွက် ဆန္ဒပြမည်

ပို့စ်တင်ချိန် - 1/19/2014 03:33:00 PM


တောင်ငူ၊ ဇန်နဝါရီ ၁၈

နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများနှင့် ဆန္ဒပြသူများကို ဖမ်းဆီးရာတွင် အသုံးပြုသော ငြိမ်း/စု/စီ ပုဒ်မ (၁၈)၊ ပုဒ်မ ၅၀၅ (ခ)/(ဂ) နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ-၅၉ (ဃ/စ) တို့ကို ဆန့်ကျင်ကန့်ကွက်သည့် အနေနှင့် တောင်ငူမြို့ခံ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၅၀ ခန့်က ဇန်နဝါရီ ၂၀ ရက်နေ့ နံနက် ၉ နာရီအချိန်၌ ဆန္ဒဖော်ထုတ်သွားမည် ဖြစ်ကြောင်း အဆိုပါ ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင် စီစဉ်သူ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဦးသန့်ဇင်က The Voice သို့ပြောကြားသည်။

“ကျွန်တော်တို့ပုဒ်မ (၁၈) နဲ့ ၅၀၅ (ခ)(ဂ) အပြင် လူထုခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သီးသန့် ကန့်သတ်သလို ဖြစ်တဲ့ပုဒ်မ (၅၉)-ဃ/စကို လုံးဝလက် မခံနိုင်တဲ့အတွက် ကန့်ကွက် ဆန္ဒဖော်ထုတ်ဖို့ လုပ်ဆောင်ရခြင်း ဖြစ်ပါတယ်။ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက ခွင့်ပြုချက်ကိုလည်း ဇန်နဝါရီ ၁၆ ရက်နေ့မှာ ရရှိပြီး ဖြစ်ပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် တောင်ငူမြို့ခံ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၅၀ ဦးခန့် ပါဝင်မည်ဖြစ်ပြီး ကြွေးကြော်မှုများ ပြုလုပ်မည် မဟုက်ဘဲ ပုဒ်မ ၅၉(ဃ)(စ) အလိုမရှိဟူသော အနီရောင် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်မည် ဖြစ်ကြောင်း၊ တောင်ငူမြို့နယ် အမှတ် (၁၂)၊ ၅ လမ်း၊ မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးခန်းရှေ့မှ ကန်လမ်း၊ ကုန်သည်ကြီး လမ်းနှင့် ဗိုလ်မှူးဖိုးကွန်းလမ်းတို့ကို ဖြတ်သန်းကာ မူလစုရပ်ဖြစ်သော NLD မြို့နယ်ရုံးသို့ ပြန်လည် ဝင်ရောက်ပြီး ငြိမ်းချမ်းစွာ လူစုခွဲမည် ဖြစ်ကြောင်း အဆိုပါ ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင် ပါဝင်သူတစ်ဦး ဖြစ်သော ကိုဆန်ဂျေး (ခ) ကိုဌေးအောင်က ဆိုသည်။

တောင်ငူမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနှင့် အဆိုပါ ကန့်ကွက် ဆန္ဒဖော်ထုတ်မှုကို ဝန်းရံမှုသာ ပြုသွားမည် ဖြစ်ပြီး ပါတီဝင် လူငယ်များအနေဖြင့် ကိုယ့်သဘောဆန္ဒအတိုင်း လိုက်ပါ လမ်းလျှောက် ဆန္ဒဖော်ထုတ်လိုပါက ဖော်ထုတ်နိုင်ကြောင်း အဆိုပါ NLD ပါတီ မြို့နယ် ဒုတိယဥက္ကဋ္ဌ ဦးဘိုတောက် (ခ) ဦးစိုးမြင့်က ပြောကြားသည်။

ဥပဒေပြုရေး အာဏာကို မြန်မြန်ဆန်ဆန် ပြောင်းလဲနိုင်ရန်အတွက် ယခုလို ကန့်ကွက်ဆန္ဒ ဖော်ထုတ်မှုကို လက်သင့်ခံပါကြောင်းနှင့် နိုင်ငံရေး လုပ်ကိုင်ဆောင်ရွက်သူများကို အကျပ်အတည်း ဖြစ်စေသော ပုဒ်မ (၁၈) နှင့် လူထုထောက်ခံမှု ရရှိထားသည့် ဒေါ်အောင်ဆန်းစုကြည်လို အမျိုးသမီးတစ်ဦးကို တစ်ဖက်သတ် ပိတ်ဆို့ပြီး ထုတ်ပြန် ရေးဆွဲခဲ့သော ပုဒ်မ (၅၉) ဃ/စ ကို ကန့်ကွက်သည်ကို လက်ခံပါကြောင်း တောင်ငူမြို့နယ် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးဝင်းထွန်းက သုံးသပ်ပြောကြားသည်။

ယခုလ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် နဝမအကြိမ် အစည်းအဝေးတွင် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများကို တရားစွဲဆို ဖမ်းဆီးနေသော ပုဒ်မတစ်ခုဖြစ်သည့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ရေး ဥပဒေပါပုဒ်မ (၁၈)ကို ပြန်လည် ပြင်ဆင်ရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် သူရဦးအောင်ကိုက တင်သွင်းထားကြောင်း ပြည်တွင်းပြည်ပ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

အဆိုပါ ပုဒ်မ ၁၈ သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် ဆိုင်သော ပုဒ်မ ၃၅၄ နှင့် ဆန့်ကျင်နေသောကြောင့် ဇန်နဝါရီလ ၅ ရက်နေ့တွင် ၈၈ မျိုးဆက်ပွင့်လင်း လူ့အဖွဲ့အစည်း အပါအဝင် အရပ်ဘက် အဖွဲ့အစည်းများက ရန်ကုန်မြို့နှင့် နယ်မြို့အချို့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဇေယျာကို (တောင်ငူ)
The Voice Weekly Myanmar