ဆောင်းဥတုတွင် အချဉ်အရသာ များများစားသင့်

ပို့စ်တင်ချိန် - 1/27/2014 04:45:00 PM




ဆောင်းရာသီတွင် နှင်းကျပြီး ပြင်ပ လောက ဓာတ်တွင် အအေးပတ် ဖွဲ့သော ကာလ ဖြစ်သည်။

ပြင်ပတွင် အေးသော အခါလူတို့၏ ခန္ဓာကိုယ် မွေးညှင်းပေါက် များမှချွေး မထွက်တော့ သဖြင့် ကိုယ်တွင်း အောင်းသော အပူဓာတ်မှာ အခြား ရာသီဥတု များထက် ပိုလွန်း နေပေသည်။ ထို့ကြောင့် အလွန်အေးသော နံနက်ခင်းနှင့် ညဥ့်နက်ပိုင်း တို့တွင် ပါးစပ်ဟ လိုက်သောအခါ အခိုးများ ထွက်နေသည်ကို ပင်မြင်နိုင် ပေသည်။

ဆောင်းတွင် အေးသဖြင့် လူအများမှာ ရေနွေကြမ်းကို ပိုမို သောက်လေ့ ရှိကြသည်။ နံနက် အိပ်ရာ ထချိန်မှ စပြီး တစ်နေကုန် ရေနွေး ကြမ်းကိုသာ တစ်အိုးပြီး တစ်အိုး သောက်လေ့ ရှိကြသည်။ ထိုသို့ ရေနွေကြမ်း (အဖန်ရည်) သောက်သူ များမှာ ဝမ်းချုပ်ပြီး နောက်ဆက်တွဲ လိပ်ခေါင်း ရောဂါ ရတတ်ပေသည်။ လက်ဖက်ခြောက် အဖန်ရည်၏ သတ္တိလူကို ပိန်စေသည်။ အဆီကို ကျစေသည်။ သို့သော် အသောက်များလျှင် ဝမ်းချုပ် တတ်သည်။ လက်ဖက်ခြောက် များတွင် ဆိုးဆေးများ ပါလျှင် အစာအိမ်နှင့် အူလမ်းကြောင်းကို အဆိပ်အတောက် ဖြစ်စေနိုင် သည်ကိုသတိပြု သင့်သည်။

ဆောင်းဥတုတွင် အပြင်အေး၊ အတွင်းပူ ဖြစ်သဖြင့် အပူအစပ်နှင့် ဝမ်းချုပ်စေသော မာသော အစာ ကောက်ညှင်း၊ ဆန်စေးများ ကိုလည်း ရှောင်ကြဉ် သင့်သည်။ ရေအေးကို များများ သောက်သင့်သည်။ ညအိပ်ရာ ဝင်ချိန်တွင် ရေတစ်ဖန်ခွက် နံနက်အိပ်ရာ ထချိန်တွင် ရေတစ်ဖန်ခွက် မှန်မှန် သောက်သင့်သည်။ ဝမ်းချုပ်သော ဓာတ်အခံရှိလျှင် ထိုထက်ပို၍ ရေနှစ်ဖန်ခွက် (လီတာ) သို့မဟုတ် သောက်ရေသန့် ဘူးသေး တစ်ဘူး စာသောက်ခြင်းဖြင့် ဝမ်းမှန်ပြီး ကျန်းမာရေး ကောင်းစေ နိုင်သည်။ ဆောင်းတွင်း ကာလ၌ ချဉ်သော အရသာ များများ စားပေးခြင်းဖြင့် ဝမ်းမှန်ပြီး ပေါ့ပါး သွက်လက် စေနိုင်သည်။

အထူးသဖြင့် ဆောင်းရာသီတွင် လူ၏ အရေပြားတွင် ဖြစ်လေ့ရှိသော အသားပတ်ခြင်းနှင့် ကြာဆူး ထွက်ခြင်းများကို ကာကွယ်နိုင်သည်။ ရှေးက တိုင်းရင်း မြန်မာဆေး ဆရာကြီးများသည် ဓာတ်စာ ပေးရာတွင် “နွေ-ချို၊” “မိုး-ခါး”၊ “ဆောင်း-ချဉ်” ဟု ပေးလေ့ ရှိကြသည်။

ကျန်းမာ ပေါ့ပါး သွက်လက်သော ခန္ဓာကိုယ် ဖြစ်စေရန် ဥတု အလိုက် ပေးသောဓာတ်စာ စား နည်း ဖြစ်သည်။ အချဉ်သည် အတွင်း ပထဝီဝင်ကို ဖျက်သဖြင့် ဝမ်းချုပ်ခြင်းကို ပယ်ဖျက် စေနိုင်သည်။ ရှောက်သီး ဖျော်ရည် မန်ကျည်းမှည့် ဖျော်ရည်များ ဖျော်ပေးလျှင် ဝမ်းမှန် ကျန်းမာစေသည်။

ဟင်းချက်လျှင် အသားဟင်းများတွင် သရက်သီးခြောက်၊ မရမ်းသီးခြောက် ထည့်ချက် သင့်သည်။ ဟင်းအရည် သောက်များတွင် ချဉ်စော်ကားသီး ထည့်ချက်လျှင် ခံတွင်း မြိန်စေသည်။ မန်ကျည်းရွက်၊ ကင်ပွန်းချဉ်ရွက် ဟင်းချိုများ သောက်ပေးလျှင် ဆောင်းဥတုနှင့် သင့်သော ဓာတ်စာ ဖြစ်သည်။

မြ၀တီ