ဟုမ္မလင်းမြို့နယ် နန်းမီလောင်ချောင်းဖျား အတွင်း ရွှေတူးဖော်သည့် ကုမ္ပဏီအား ဒေသခံ တောင်သူများ ကန့်ကွက်

ပို့စ်တင်ချိန် - 1/08/2014 03:10:00 PM


စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နောင်လွန်ကျေးရွာအုပ်စု နန်းမီလောင်ချောင်းဖျားတွင် ရွှေတူးဖော်ရန် ပြုလုပ်လျက်ရှိသော ရွှေတူးဖော်ရေးကုမ္ပဏီတစ်ခုအား ဒေသခံတောင်သူ ၂၀၀ ကျော်က လယ်မြေများ ပျက်စီးမည်စိုးရိမ်၍ ရွှေတူးဖော်သည့်လုပ်ငန်း ဆက်မလုပ်ရန် ကန့်ကွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

““နန်းမီလောင်ချောင်းဖျားမှာ ရွှေတူးမယ်ဆိုရင် လယ်ဧက တစ်ထောင်လောက် ပျက်စီးမှာဖြစ်တဲ့အတွက်ကြောင့် ဆက်မလုပ်ဖို့ဆိုပြီး ကန့်ကွက်ကြပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ကိုယ်တိုင် ကွင်းဆင်းလေ့လာရာမှာလည်း အဲဒီလိုဖြစ်နိုင်တယ်ဆိုတာ တွေ့မြင်ရတဲ့အတွက်ကြောင့် ကုမ္ပဏီဘက်ကို ဆက်မလုပ်ဖို့ ခဏဆိုင်းငံ့ထားရပါတယ်။ ကုမ္ပဏီအနေနဲ့ကလည်း  သက်ဆိုင်ရာ သတ္တုတွင်းဝန်ကြီးဌာနကို ၀င်ရောက်လုပ်ကိုင်ဖို့ဆိုပြီး ရွှေ ၂၄ ကျပ်သား ပေးထားပြီးပြီလို့ ပြောပါတယ်။ ဒီလုပ်ငန်းခွင်ကို ဆက်လုပ်မယ်ဆိုရင် လယ်ဧကများစွာ ဆုံးရှုံးနိုင်သလို ဆက်မလုပ်ဘူးဆိုရင်လည်း ကုမ္ပဏီအနေနဲ့ အစိုးရကိုပေးထားရတဲ့ ငွေကြေးကလည်း ဆုံးရှုံးမှာဖြစ်တဲ့အတွက် ဒီကိစ္စကို ဆက်လုပ်သင့်၊ မလုပ်သင့် ထပ်ပြီးညှိနှိုင်းရဦးမှာ။ လောလောဆယ်တော့ လုပ်ငန်းတွေကို ဆက်မလုပ်ဖို့ဆိုပြီး နားခိုင်းထားတာ ဒီဇင်ဘာ ၂၈ ရက်ကတော့ စတင်ပိတ်ထားပြီးပါပြီ”” ဟု ကုမ္ပဏီနှင့် တောင်သူများအကြား လက်ရှိဖြစ်ပွားနေသော ပြဿနာနှင့် ပတ်သက်၍ ဟုမ္မလင်းမြို့နယ် မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးက ပြောသည်။

ဟုမ္မလင်းဒေသခံတောင်သူများနှင့် ရွှေတူးဖော်သည့် ကုမ္ပဏီများအကြား အထက်ပါကဲ့သို့သောပြဿနာများ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး ယင်းကဲ့သို့ ဖြစ်ရခြင်းမှာ သတ္တုတွင်းဝန်ကြီးဌာန လက်အောက်ရှိ ၀န်ထမ်းများနှင့် မြေစာရင်းဌာနများတွင် တာဝန်ထမ်းဆောင်နေကြသော ၀န်ထမ်းများ၏ ပေါ့လျော့မှုကြောင့် ဖြစ်သည်ဟု ဟုမ္မလင်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးက ဆက်လက်ပြောသည်။

““ကျွန်တော်တို့နေထိုင်ကြတဲ့ နေရာဒေသတွေ အများစုက ရတနာထွက်တဲ့ ဒေသတွေဖြစ်တာကြောင့် ဒေသခံပြည်သူတွေ လုပ်ကိုင်စားသောက်နေကြတဲ့ လယ်ယာတွေမှာ ကုမ္ပဏီတွေက ၀င်ရောက်လုပ်ကိုင်ကြတယ်။ လယ်မရှိတော့တဲ့ ဒေသခံ သျှမ်းနီတိုင်းရင်းသားတွေက အောက်ခြေအလုပ်သမားတွေအဖြစ် ၀င်လုပ်ပြီးတော့ အလုပ်ပင်ပန်းလို့ဆိုပြီး မူးယစ်ဆေးသုံးစွဲရာကနေ လူငယ်တွေ မူးယစ်ဆေးဝါးသုံးစွဲမှုဟာ အခုဆိုရင် မြင့်တက်လာတယ်။ မူးယစ်ဆေးသုံးစွဲတဲ့လူငယ်တွေကို ဖမ်းပြီး အချုပ်ထဲထည့်ထားတာတောင် အချုပ်ခန်းမဆံ့တဲ့ ပြဿနာတွေတောင် ရှိလာတယ်လို့ ကျွန်တော်တို့ ကြားနေရတာပဲ”” ဟု သျှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်က ပြောသည်။

ရွှေမျောလုပ်ငန်းများ လုပ်ကိုင်ခြင်းသည် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေကြောင်း ရွှေတူးသူများက နားမလည်ကြကြောင်း၊ ယနေ့ခေတ် ရွှေတူးဖော်ရာတွင် တရားမ၀င် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ဆောင်ကြရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ဒီ ဇင်ဘာ ၁၅ ရက် နေ့လယ် ၁ နာရီတွင် ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ ပန်ဒါဟိုတယ်၌ ပြုလုပ်သော (၁၁) ကြိမ်မြောက် ရွှေလုပ်ငန်းရှင်များအသင်း နှစ်ပတ်လည်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

7 Day Daily