ရှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်များ ရွှေ့ပြောင်းရန် တိုင်းမှူး ညွှန်ကြား

ပို့စ်တင်ချိန် - 1/02/2014 12:53:00 PM


SSA တပ်ဖွဲ့ဝင်များ

ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း သီပေါမြို့နယ်အတွင်းမှာ လှုပ်ရှားနေတဲ့ ရှမ်းပြည်တိုးတက်ရေး ပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) လက်အောက်ခံ တပ်တွေဟာ အစိုးရ စစ်ကြောင်းတွေ လှုပ်ရှားသွားလာဖို့ အတားအဆီး ရှိနေတဲ့အတွက် ပြောင်းရွှေ့ဖို့ တိုင်းမှူးက ညွှန်ကြား လိုက်ပါတယ်။

သီပေါမြို့နယ်ထဲက ဟူးမီအုပ်စု နားတော်၊ နားဆိုင်း(ခိုနန်းဖ)နဲ့ နမ့်မ အုပ်စု စတဲ့နေရာမှာ လှုပ်ရှား နေတဲ့ SSPP/SSA လက်အောက်ခံ တပ်တွေက အစိုးရ စစ်ကြောင်းတွေ သွားလာဖို့ အတားအဆီး ဖြစ်နေသလို တပ်ချင်း အလွန်နီးကပ်နေတဲ့ အတွက် ဒီနေရာတွေမှာ မလှုပ်ရှားဘဲ ပြောင်းရွှေ့ဖို့ အရှေ့မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်အောင်စိုးက SSPP/SSA လားရှိုး ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူး အောင်လတ်ကို ဒီဇင်ဘာလ ၃၀ ရက်နေ့က ပြောကြားတယ်လို့ SSPP/SSA ပြောခွင့်ရက ပြောပါတယ်။
ဒီတပ်တွေဟာ ဒီနေရာတွေမှာ လှုပ်ရှားနေတာ နှစ်ပေါင်း ၃၀ နီးပါး ရှိနေသလို တပ်စခန်း အတည် တကျ မရှိဘဲ သွားလာလှုပ်ရှားနေတာသာ ဖြစ်ပြီး ဒီလို ရာဇသံ အမိန်တွေကြောင့် တပ်တွေအကြား ထိတွေ့ ပစ်ခတ်မှုတွေ ရှိနေတာလို့ SSPP/SSA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စိုင်းလှက ဒီဗွီဘီကို ပြောပါတယ

“ကျနော်တို့က လှုပ်ရှားနေကြနေရာမှာ ရှိနေမှာပဲ။ ရွှေ့ခိုင်းတဲ့ နေရာတိုင်းကို ရွှေ့ပေးလိုက်ရင် ၀န့်ထိုင်းမှာပဲလာနေဖို့ပဲ ရှိတယ်။ ၀န့်ထိုင်းမှာ အားလုံး လာနေဖို့လည်း အချိန်မကြသေးဘူး။ သဘောတူညီချက် ရှိထားတဲ့အတိုင်းသာ တဖက်နဲ့တဖက် သွားမယ်လာမယ်ဆိုရင် ကြိုတင် ဆက်သွယ်ပြီး သတင်းပို့ထားရင် ထိတွေ့မှု မရှိအောင် ရှောင်ရှားလို့ရတယ်။ အဲဒီလိုမျိုး မဟုတ်ပဲနဲ့ ကျနော်တို့ ရှိတဲ့နေရာကို နယ်မြေရှင်းလင်းတာတို့ တောနင်းတာတို့ လုပ်လာရင်လည်း ပြဿနာတွေ အများကြီး ဆက်ဖြစ်မှာပဲ။ အဲဒီ ကိစ္စတွေကြောင့် ကျနော်တို့ အောက်ခြေတပ်တွေလည်း သူတို့အပေါ် ယုံကြည်မှု မရှိတော့ဘူး။ တဖက်နဲ့ တဖက် ယုံကြည်မှု မရှိရင်တော့ ရှေ့ဆက်မယ့် လုပ်ငန်းတွေအပေါ် အများကြီး အဟန့်အတား ဖြစ်တာပေါ့။”

အစိုးရနဲ့ SSPP/SSA ရှမ်းလက်နက်ကိုင်အဖွဲ့အကြား ၂၀၁၂ ဇန်န၀ါရီလကတည်းက ပြည်ထောင်စု အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိထားတာပါ။ ငြိမ်းချမ်းရေး သဘောတူညီချက်ထဲမှာတော့ ရောက်ရှိတဲ့နေရာမှာ ဖြန့်ခွဲနေထိုင်ဖို့ သဘော တူညီချက်လည်း ပါရှိ တာဖြစ်ပါတယ်။

အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ပြီးတဲ့နောက်မှာတော့ SSPP/SSAနဲ့ အစိုးရတပ်တို့ တိုက်ပွဲ ဖြစ်ပွား တာ အကြိမ် ၂၀၀ နီးပါး ရှိခဲ့ပြီး ၂၀၁၃ ခုနှစ်မှာတော့ တိုက်ပွဲ ၇၀ နီးပါး ဖြစ်ပွားခဲ့တယ်လို့ ရှမ်းတပ်မတော်ကပြောပါတယ်။

ဒီလို ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် တွေ့ဆုံဆွေးနွေးအဖြေရှာရေးနဲ့ ယုံကြည်မှု တည်ဆောက် တာကို အများကြီး ထိခိုက်နိုင် တယ်လို့လည်း SSPP/SSAက ဒီဇင်ဘာ ၃၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ နှစ်ချုပ် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ဖို့ အကြမ်းနည်းနဲ့ ဖြေရှင်းနေရင် ရောက်နိုင်မှာ မဟုတ်တဲ့အကြောင်းနဲ့ ပစ်ခတ်မှုတွေမရှိအောင် တပ်တွေကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ပေးဖို့ အစိုးရကို တောင်းဆိုချင်တယ်လို့ ဒုဗိုလ်မှူးကြီး စိုင်းလှက ပြောပါတယ်။
DVB Burmese