မုံရွာမြို့ပေါ်တွင် ဆိုင်ကယ်စီး၍ ပိုက်ဆံအိတ်လိုက်လံ လုယက်သူများကို အလုပ်နှင့်ထောင်ဒဏ် ၂၁ နှစ်ချမှတ်

ပို့စ်တင်ချိန် - 1/27/2014 08:20:00 PM

သတင်း + ဓာတ်ပုံ = ကိုတိုးကြီး (Facebook)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် ညအချိန် ဆိုင်ကယ်စီးနင်း၍ သွားလာလျက်ရှိသော အမျိုးသမီးများထံမှ လက်ကိုင်ပိုက်ဆံ အိတ်များကို ဆိုင်ကယ်စီး လူငယ်တစ်စုက လိုက်လံလုယက်လျက်ရှိရာ ရဲတပ်ဖွဲ့ဝင်များမှ အဆိုပါ လုယက်လူငယ်တစ်စုအား အချိန်မီဖမ်းဆီးပြီး တရားစွဲဆိုနိုင်ခဲ့သည့်အတွက် တရားရုံးက ကြားနာစစ်ဆေးပြီးနောက် ယခုလ ၂၂ ရက်နေ့က အလုပ်နှင့် ထောင်ဒဏ်များကို သိးခြားစီးချမှတ်လိုက်ပြီးဖြစ်ကြောင်း မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကြူအင်းက ပြောသည်။

အဆိုပါ ဆိုင်ကယ်စီးလုယက် လူငယ်အဖွဲ့သည် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်နေ့ည ၈ နာရီက မုံရွာပြည်သူ့ဆေးရုံ ကြီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဒေါက်တာ ဒေါ်ဖြိုးသန္တာသိန်းသည် တာဝန်ချိန်ပြီးဆုံး၍ ဆိုင်ကယ်စီး၍ နေအိမ်သို့ အပြန်လမ်းခရီးတွင် လိုက်ကိုင်ပိုက်ဆံအိတ်အား လုယက်ခံရသည့်အတွက် မုံရွာမြို့မရဲစခန်းတွင် သွားရောက်တိုင်တန်းခဲ့ရာ ရဲစခန်းက(ပ) ၆၀၂/ ၂၀၁၃ ပြစ်မှု ပုဒ်မ ၃၈၂ အရ အမှုဖွင့်လက်ခံခဲ့သည်။
ထို့နောက် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်ည ၁၁ နာရီက မုံရွာမြို့၊ ဒေါနခြံရပ်ကွက်နေ ပရဟိတ ပညာရေးဒါန ကျူရှင်ဆရာ မ ဒေါ်သီတာဝင်းသည် စာသင်ချိန်ပြီးဆုံး၍ နေအိမ်သို့ ဆိုင်ကယ်စီး၍ ပြန်လာစဉ် သူမ၏ လက်ကိုင်ပိုက်ဆံအိတ်အား ဆိုင် ကယ်စီး လူငယ်တစုမှ လုယက်ခဲ့ကြောင်း မုံရွာမြို့မရဲစခန်းတွင် သွားရောက်တိုင်တန်းခဲ့ရာ ရဲစခန်းက(ပ) ၆၀၀/ ၂၀၁၃ ပြစ်မှု ပုဒ်မ ၃၈၂ အရ အမှုဖွင့်လက်ခံခဲ့သည်။

အဆိုပါ အခြေအနေများကြောင့် ဒေသတွင် အများပြည်သူ အထိတ်တလန့်မှုများမဖြစ်ပေါ်စေရန်နှင့် ဖြစ်ပေါ်ပြီးအမှုများအား အမြန်ဆုံး ဖော်ထုတ်တရားစွဲဆိုရန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြိးချုပ် ဦးသာအေးမှ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေထွန်းထံ လမ်းညွှန်မှာကြားခဲ့ရာ ယင်းတာဝန်များအား မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကြူအင်း၊ မုံရွာမြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်ကျော်ညွှန့် နှင့်အဖွဲ့မှ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာတွင် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့ညက ပိုက်ဆံအိတ်များ လိုက်လံလုယက်နေသည့် အုပ်စုဖွဲ့ရမ်းကား လူငယ်တစ်စုအား ပိုက်ဆံအိတ် လိုက်လံလုယက်နေစဉ် သက် သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း မှတ်တမ်းများတွင်ဖော်ပြထားသည်။

အများပြည်သူ အထိတ်တလန့်ဖြစ်စေရန် ပိုက်ဆံအိတ်များ လိုက်လံလုယက်ယူသည့် လူငယ်လေးဦးမှာ နေလင်းအောင် အသက်(၂၀)နှစ်၊ (ဘ) ဦးမန်းရှိန် တံခွန်တိုင်ကျေးရွာ၊ မုံရွာမြို့နယ်၊ တင်ထွန်းအောင် အသက်(၂၂)နှစ်(ဘ) ဦးကျော်တင်၊ လယ်တော်ကျေးရွာ ၊ မုံရွာမြို့နယ်၊ ရဲအောင် အသက်(၂၀)နှစ်၊ (ဘ) ဦးဆွေဦး တံခွန်တိုင်ကျေးရွာ၊ မုံရွာမြို့နယ်၊ ဆိုသူနှင့် ခင်မောင်တိုး အသက်(၂၀)နှစ်၊ (ဘ) ဦးအောင်လေး နဂါးတွင်းကျေးရွာ၊ မုံရွာမြို့နယ် ဆိုသူတို့လေးဦးဖြစ်ကြောင်း ရဲစခန်း၏ မှုခင်းမှတ်တမ်းများအရ သိရသည်။

အဆိုပါ လူငယ်လေးဦးအား အမှုစစ်ရဲအရာရှိများက မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၏ ရဲစွဲချက်အမှတ် (စွဲ ၆၈၀/ ၂၀၁၃)၊ အရ တရားစွဲဆိုခဲ့ရာ မုံရွာမြို့နယ်တရားရုံးက ပြစ်မှုကြီးဆိုင်ရာ အမှုအမှတ်( ၉၅၄/ ၂၀၁၄)အရ တွဲဘက်မြို့နယ်တရားသူကြီး ဦး တင်အောင်က လက်ခံ၍ ထိုအမှုအား အများပြည်သူတို့၏ ရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာ ကြားနာစစ်ဆေးခဲ့ပြီးခဲ့နောက် ပိုက်ဆံအိတ်များ လိုက်လံလုယက်ကြောင်း ပြစ်မှုထင်ရှားသည်ဟုဆိုကာ နေလင်းအောင်ဆိုသူနှင့် တင်ထွန်အောင်ဆိုသူ နှစ်ဦးတို့အား အလုပ်နှင့် ထောင်ဒဏ် ခြောက်နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း တရားရေးဌာနရှိ ၀န်ထမ်းတစ် ဦးက အတည်ပြုပြောကြားခဲ့သည်။

ထိုမျှမက မုံရွာမြို့နယ် တရားသူကြီး ဦးခင်မောင်ဝင်း၏ရုံးတော်တွင် ၎င်းလူငယ်လေးဦးအား ကျန်ရှိအမှုများဖြင့် စွဲထားသည့် လုယက်မှုများအပေါ် စီးရင်ချက်မှတ်ရာတွင် (၇)နှစ်တစ်မှု၊ (၄)နှစ်၊ နှစ်မှု၊ဖြစ်ရာ အဆိုပါ ပြစ်ဒဏ်များအား သီးခြားစီကျခံ စေရန် ခွဲခြား၍ အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် နေလင်အောင်နှင့် တင်ထွန်းအောင်သည် အလုပ်နှင့်ထောင်ဒဏ် (၇)နှစ်တစ်မှု၊ အလုပ်နှင့်ထောင်ဒဏ်(၆)နှစ်တစ်မှု၊ အလုပ်နှင့်ထောင်ဒဏ်(၄)နှစ်၊ နှစ်မှု စုစုပေါင်း အလုပ်နှင့်ထောင်ဒဏ်(၂၁) ကျခံစေရန် ချမှတ်ခဲ့ခြင်းဖြစ်သည်။ ထိုသူတို့နှင့်အတူ ပိုက်ဆံအိတ်လုယက်နေစဉ် အဖော်အဖြစ်လိုက်ပါကာ ဘေးမှလက် ခုပ်တီး၍ အားပေးခဲ့သူ ရဲအောင်ဆိုသူနှင့် ခင်မောင်တိုးဆိုသူနှစ်ဦးတို့အား အလုပ်နှင့်ထောင်ဒဏ် (၇)နှစ်ကျခံစေရန် မုံရွာမြို့ နယ်တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပိုက်ဆံအိတ်လိုက်လံလုယက်သူများသည် လုယက်ရရှိလာသည့် ပိုက်ဆံအိတ်အတွင်းမှ တန်းဖိုးကြီးပစ္စည်းများ တစ် စုံတစ်ခုပါလာခဲ့ခြင်းမရှိကြောင်းပြောပြရာ ပစ္စည်းပိုင်ရှင်များကလည်း ဟုတ်မှန်ကြောင်း ပြောပြခဲ့သည်။