၂ဝ၁၅လွန် အာဆီယံအသိုင်းအဝိုင်း မျှော်မှန်းချက် ပုဂံထိပ်သီးဆွေးနွေးပွဲ၌ စတင်ဆွေးနွေး

ပို့စ်တင်ချိန် - 1/17/2014 08:15:00 PM


အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေးကို ဇန်နဝါရီ ၁၆ရက်နေ့က ပုဂံမြို့ ရွှေနန်းတော်ဟိုတယ် နန်းမြင့်မျှော်စင်မှာ စတင်ကျင်းပခဲ့ပြီး ၂ဝ၁၅လွန် အာဆီယံအသိုက်အဝိုင်းအတွက် မျှော်မှန်းချက်နဲ့ အာဆီယံပြင်ပဆက်ဆံရေး လမ်းညွှန်ချက်တွေကို စတင်ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

၁၉၉၇ခုနှစ်မှာ အဖွဲ့ဝင်နိုင်ငံဖြစ်ပြီးကတည်းက ပထမဆုံး အာဆီယံဥက္ကဌအဖြစ် စတင်တာဝန်ယူတဲ့အချိန် မှာတော့ ဒေသတွင်းပြဿနာတွေကို ဘက်မလိုက်ဘဲ ဖြေရှင်းမှာဖြစ်တယ်လို့ မြန်မာအစိုးရ ဒုတိယပြန်ကြားရေး ဝန်ကြီးက သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောဆိုခဲ့ပါတယ်။

အာဆီယံဒေသတွင်းမှာရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ပတ်သက်ပြီး ကျန်နိုင်ငံတွေနဲ့ ဖြေရှင်းမယ့် မူဘောင်တစ်ခုရှိတဲ့အကြောင်းနဲ့ နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုတွေကိုလည်း ပြေလည်အောင် ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

တောင်တရုတ်ပင်လယ်တွင်း ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး အနှောင့်အယှက်အတားအဆီး မဟုတ်ဘဲ နိုင်ငံအချင်းချင်းအကြား ဆက်ဆံရေးပိုမိုကောင်းမွန်စေဖို့ ရည်ရွယ်ထားပြီး အာဆီယံဒေသတွင်း စိန်ခေါ်မှုတွေဟာ နိုင်ငံအလိုက် သူ့နေရာနဲ့သူရှိနေတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၁၅ရက်နေ့ကနေ ၁၈ရက်နေ့အထိ ကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေးကိုတက်ဖို့အတွက် ဒေသတွင်းက နိုင်ငံခြားရေးဝန်ကြီးတွေဟာ ပုဂံမြို့ကို ဇန်နဝါရီ ၁၆ရက်နေ့မှာ ရောက်လာခဲ့ပါတယ်။
Kamayut Media