အင်းလေးကန် ရေသယံဇာတ တိုးပွားရေး၊ ဘက်ထရီ ရှော့ခ်တိုက် ငါးဖမ်း စနစ်ပပျောက်ရေး ဆောင်ရွက်လျက်ရှိ

ပို့စ်တင်ချိန် - 1/20/2014 10:39:00 AM


ညောင်ရွှေ ဇန်နဝါရီ ၂၀

အင်းလေးကန်အတွင်း ရေသယံဇာတတိုးပွားရေး၊ ဘက်ထရီရှော့ခ်တိုက်ငါးဖမ်းစနစ်ပပျောက်ရေးကို ဒေသခံများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးစိတ်ပါဝင်စားသူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း အင်း လေးကန် ဘေးမဲ့တောအုပ်ချုပ်ရေးမှူး ဦးစိန်ထွန်းက ပြောသည်။ အင်းလေးကန်အတွင်း ငါးမျိုးစိတ်ပေါင်း ၅၉ မျိုးရှိကြောင်း ၊ ၁၆ မျိုးမှာမည်သည့်နေရာတွင်မှမတွေ့ရဘဲ အင်းလေးကန်၌သာတွေ့ရကြောင်း၊ ယနေ့အချိန်အခါတွင် အင်းလေးကန်အတွင်း ငါးဖမ်းနည်းစနစ်များ ပြောင်းလဲလာခဲ့ကြောင်း၊ ဘက်ထရီရှော့ခ်တိုက်စနစ်ကြောင့် ငါးများသာမကဘဲ ရေထုအတွင်းနေရေထုသန့်စင်ပေး သည့် အဏုဇီဝပိုးများပါသေစေနိုင်သည့်အတွက် ရေထုသန့်စင်မှုလုပ်ငန်းကို ထိခိုက်နိုင်ကြောင်း၊ ဘက်ထရီ ရှော့ခ်တိုက်စနစ်ပပျောက်ရေးကို ဒေသခံများနှင့်ပူးပေါင်း၍ ပညာပေးလုပ်ဆောင်လျက်ရှိကြောင်း ၎င်းကဆက် လက်ပြောကြားသည်။

ကေလာကျေးရွာမှ ခရမ်းချဉ်စိုက်ပျိုးသူတစ်ဦးက ဘက်ထရီရှော့ခ်တိုက်ငါးဖမ်းမှုကြောင့် ရေပေါ်စိုက် ခင်းတွင် ပျိုးထောင်ထားရှိသည့်ခရမ်းချဉ်ပျိုးပင်များ လျှပ်စစ်စီးကြောင်းကြောင့် သေကြေပျက်စီးခဲ့သည်ဟု ဆိုသည်။

ဘက်ထရီရှော့ခ်တိုက်ငါးဖမ်းခြင်းသည် ရေပေါ်ရေအောက်ကြမ်းပြင်ရှိရေနေသတ္တဝါများအားလုံး သေကြေပျက်စီးနိုင်ကြောင်း၊ လွတ်မြောက်သွားသည့်ငါးသည်လည်း ကြီးထွားဖွံ့ဖြိုးမှုမရှိဘဲ မျိုးပွားမှုလည်း ပျက်စီးသွားကြောင်း၊ ထိုငါးများကိုစားသုံးမိပါက လျှပ်စစ်စီးထားသောငါးများဖြစ်သည့်အတွက် ရေရှည်တွင် ကိုယ်အဂါင်္ တုန်ရီသောရောဂါများဖြစ်စေနိုင်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

သဘာဝသယံဇာတများကိုပျက်စီးစေပြီး ငါးမျိုးများပြုန်းတီးစေနိုင်သဖြင့် လျှပ်စစ်ဓာတ်ဖြင့်ငါးဖမ်း ခြင်း၊ ဘက်ထရီရှော့ခ်တိုက်(ကျင်စက်)ငါးဖမ်းနည်းဖြင့် ငါးဖမ်းဆီးခြင်းမပြုလုပ်ရန် ငါးလုပ်ငန်းဦးစီးဌာနက အမိန့်ကြော်ငြာစာအမှတ်(၁၀/၂၀၀၅)ဖြင့် ထုတ်ပြန်တားမြစ်ထားပြီးဖြစ်ကြောင်း သိရသည်။

MOI Webportal Myanmar