လေးရက်အတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အကောက်ခွန်မဲ့ပစ္စည်း ဖမ်းဆီးရမိမှု ရှစ်မှုထိရှိ

ပို့စ်တင်ချိန် - 1/12/2014 12:17:00 PM


လေးရက်အတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အကောက်ခွန်မဲ့ပစ္စည်း ဖမ်းဆီးရမိမှု ရှစ်မှုထိရှိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ခရီးသည်တစ်ဦးမှ ၀န်စည်အဖြစ် သယ်ဆောင်နိုင်သည်ထက်ပို၍ တင်သွင်းခွင့်အထောက်အထား တစ်စုံတစ်ရာမရှိဘဲ တရားမ၀င် တင်သွင်းလာသည်ဟုသတ်မှတ်ကာ ဖမ်းဆီးမှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ဖမ်းဆီးမှုများ လုပ်ဆောင်နေရာမှ ဇန်န၀ါရီ ၄ ရက်မှ ၈ ရက်အတွင်း ဖမ်းဆီးခဲ့သည့်အမှုမှာ ရှစ်မှုထိရှိခဲ့ပြီး မြန်မာနိုင်ငံသားအပါအ၀င် နိုင်ငံခြားသားများလည်း ယင်းဖြစ်စဉ်များနှင့် ပါဝင်ပတ်သက်မှုများရှိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိမှုအနေဖြင့် နိုင်ငံတကာလေကြောင်းလိုင်းများမှ လိုက်ပါစီးနင်းလာသူ အများစုဖြစ်ပြီး ဇန်န၀ါရီ ၄ ရက်တွင် China Airline ဖြင့် တိုင်ပေမှ ရန်ကုန်သို့ မြန်မာနိုင်ငံသားခရီးသည်ထံမှ ကျပ်သိန်း ၅၀ ခန့်ရှိသည့် အလှကုန်ပစ္စည်းများ၊ ဇန်န၀ါရီ ၅ ရက်တွင်လည်း Asian Airline လေကြောင်းခရီးစဉ်တွင် ဆိုးလ်မှရန်ကုန်သို့ လိုက်ပါလာသည့် မြန်မာနိုင်ငံသားထံမှ ဖုန်းများကို စစ်ဆေးဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါနေ့ရက်၌ပင် Singapore Airline လေကြောင်းခရီးစဉ်ဖြင့် စင်ကာပူမှ ရန်ကုန်သို့ လိုက်ပါလာသည့် စင်ကာပူနိုင်ငံသားထံမှ DAIKIN Optional Accessory For Aircon ပစ္စည်းများ၊ ဇန်န၀ါရီ ၆ ရက်တွင် Thai Airway လေကြောင်းခရီးစဉ်ဖြင့် လိုက်ပါလာသည့် ထိုင်းနိုင်ငံသားထံမှ စားပွဲတင်နာရီများနှင့် Golden Myanmar လေကြောင်းမှ မြန်မာနိုင်ငံသားတစ်ဦးထံမှ Food Suppliment ပစ္စည်းများကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

ကိုရီးယားဟန်းဖုန်း အလုံး ၆၀ သယ်ဆောင်လာခဲ့သည့် Korean Airline လေကြောင်းလိုင်းပေါ်မှ ကိုရီးယားနိုင်ငံသားတစ်ဦးကိုလည်းကောင်း ဇန်န၀ါရီ ၇ ရက်တွင် အမှုဖွင့်ခဲ့သည့်အပြင် ဇန်န၀ါရီ ၈ ရက်တွင်လည်း Air Aisa လေကြောင်းခရီးစဉ်တွင်လည်း ထိုင်းခရီးသည်တစ်ဦးထံမှ ဒီဗွီဒီခွေ ၂၀၀၀ ကိုတွေ့ရှိခဲ့ပြီး စစ်ဆေးအမှုဖွင့်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အပြင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ၊ ပြည်တွင်းဆိပ်ကမ်းများကိုပါ စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နေသည့်အပြင် ၂၀၁၃ ခုနှစ် ဧပြီမှ နိုဝင်ဘာ ၃၀ ရက်အထိ စစ်ဆေးရှာဖွေခဲ့ရာ ရန်ကုန်လေဆိပ်၊ ရေဆိပ်များမှ ဖမ်းဆီးရမှု ၂၄၁ မှု စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေ ၁၂၁၇၄ ဒသမ ၅၁ သိန်းနှင့် နယ်စပ်ဝင်ပေါက်များမှ ၂၈၃ မှု၊ ခန့်မှန်းတန်ဖိုးကျပ် ၁၇၅၉၁ ဒသမ ၇၈ ဖမ်းဆီးရမိခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

တရားမ၀င်ကုန်သွယ်မှုများ၊ ခွင့်ပြုချက်မရှိဘဲ ကုန်စည်တင်သွင်းမှုများကို အကောက်ခွန်ဦးစီးဌာနမှ စစ်ဆေးအရေးယူနေသကဲ့သို့ Mobile Team အဖွဲ့များကလည်း စစ်ဆေးအရေးယူနေကြောင်း သိရသည်။

eleven media group