အာဏာရသူများ ရှုံးနိမ့်နိုင်သည့် အနေအထား ဖြစ်ပေါ်လာပါက ရွေးကောက်ပွဲ မသမာမှုများ ပြုလုပ်လာနိုင်ပြီး ရွေးကောက်ပွဲ စောင့်ကြည့်နိုင်ရေး စတင်လုပ်ဆောင်သင့်ကြောင်း ပါမောက္ခ လာရီဒိုင်းမွန်း သတိပေး

ပို့စ်တင်ချိန် - 1/01/2014 09:15:00 PM


Published on: December 31, 2013
Written by:
ဖြိုးဝေ

ပါမောက္ခ လာရီဒိုင်းမွန်း မြန်မာ့နိုင်ငံရေးဖြစ်စဉ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားစဉ်
လက်ရှိအာဏာရယူထားသူများ အနေဖြင့် ဆက်လက်ကျင်းပမည့် ရွေးကောက်ပွဲတွင် ရှုံးနိမ့်နိုင်သည့် အနေအထား ဖြစ်ပေါ်လာပါက ရွေးကောက်ပွဲ မသမာမှုများ ပြုလုပ်လာနိုင်ပြီး မြန်မာနိုင်ငံရှိ အရပ်ဘက် အဖွဲ့အစည်းများ အနေဖြင့် လက်ရှိကာလမှ စတင်ကာ ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲစောင့်ကြည့်ရေး လုပ်ငန်းစဉ်များအား စတင်ပြင်ဆင် လုပ်ဆောင်သင့်ကြောင်း ပါမောက္ခလာရီဒိုင်းမွန်းက သတိပေးပြောကြားခဲ့သည်။

ပါမောက္ခလာရီဒိုင်းမွန်းသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဆိုင်ရာ ကမ္ဘာ့ထိပ်တန်း ပညာရှင်တစ်ဦးဖြစ်ပြီး အမေရိကန် စတမ်းဖို့တက္ကသိုလ်တွင် သုတေသနနှင့် သင်ကြားပို့ချမှု ပြုလုပ်နေသူဖြစ်ကာ Journal of Democracy ကို စတင်တည်ထောင်ခဲ့ပြီး ယင်းဂျာနယ်မှ အယ်ဒီတာတစ်ဦးလည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲပြုလုပ်စဉ်က မဲမသမာမှုများ၊ မဲလိမ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများမှ စောင့်ကြည့်ဝေဖန်မှုများ ဖြစ်ပွားခဲ့သကဲ့သို့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း အတိုက်အခံပါတီဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ မျိုးဆက်သစ်လှိုင်း စသည့်အဖွဲ့အစည်းများက လူငယ်များ စောင့်ကြည့်ခဲ့ပြီး မဲပေးရာတွင် မဲကိုဖယောင်းသုတ်မှုများ ရှိခဲ့ကြောင်း ဝေဖန်မှုများ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

“အာဏာလက်ဝယ်ရှိသူတွေက ရှုံးနိုင်တယ်ဆိုတာသိရင် မဟုတ်တာ ပိုလုပ်လေ့ရှိတယ်။ လွတ်လပ်တဲ့ရွေးကောက်ပွဲ စောင့်ကြည့်သူတွေ ဒီမိုကရေစီ ရရှိဖို့အတွက် မသမာမှုတွေ လုပ်ထားကြောင်း ထောက်ပြနိုင်တယ်။ ဒီလုပ်ငန်းစဉ်တွေအတွက် နိုင်ငံတကာက ရွေးကောက်ပွဲစောင့်ကြည့်ရေး ကျွမ်းကျင်သူတွေအနေနဲ့ စနစ်တကျ လေ့ကျင့်သင်ကြား ပေးနိုင်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေအနေနဲ့ အခုကတည်းက စတင်ပြင်ဆင်သင့်ပါတယ်။ နှစ်လသုံးလလောက် အလိုကျမှ ဖုတ်ပူမီးတိုက် ထလုပ်မယ်ဆိုရင် မအောင်မြင်နိုင်ပါဘူး” ဟု လာရီဒိုင်းမွန်းက သတိပေးပြောကြားသည်။

မြန်မာနိုင်ငံ၌ ၂၀၁၅ ခုနှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲများတွင် မဲမသမာမှု၊ မဲခိုးမှု၊ မဲမသမာမှု၏ နောက်ဆက်တွဲ ပြဿနာများ စသည့်ပြဿနာများ ဖြစ်ပွားမှု လျော့နည်းစေရန် ရွေးကောက်ပွဲ စောင့်ကြည့်မှုဆိုင်ရာ နည်းဗျူဟာများကို မြန်မာနိုင်ငံရှိ အရပ်ဘက် အဖွဲ့အစည်းများနှင့် သတင်းမီဒီယာများသို့ ဖြန့်ဝေကူညီပေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ အခြေစိုက် (COMFREL) အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ Mr.Koul Panha က ကမ်းလှမ်းထားကြောင်း ပေါင်းကူးအဖွဲ့မှ ဒေါက်တာကျော်သူက ပြောကြားသည်။

ကမ္ဘောဒီးယားနိုင်ငံ၏ ရွေးကောက်ပွဲ အများစုသည် မြန်မာနိုင်ငံကဲ့သို့ မဲမသမာမှုများ၊ မဲခိုးမှုများ ဖြစ်ပေါ်လေ့ရှိသဖြင့် ရွေးကောက်ပွဲ တရားမျှတရန် ဆန္ဒဖော်ထုတ်မှုများ ဖြစ်ပွားလေ့ရှိကာ ၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်း ရွေးကောက်ပွဲပြုလုပ်ရာ၌ ကြိုတင်ပြင်ဆင်မှုဖြင့် လူပေါင်း ၁၁၀၀၀ ကျော် အားစုစည်းနိုင်ခဲ့ကာ ကုန်ကျစရိတ် အနည်းငယ်ဖြင့် ရွေးကောက်ပွဲ စောင့်ကြည့်မှုများ ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

“ရွေးကောက်ပွဲတွေကို စောင့်ကြည့်မှုတွေ ပြုလုပ်ပေးခြင်းအားဖြင့် မမျှတမှု၊ အကြမ်းဖက်မှုတွေကို လျှော့ချနိုင်ပါမယ်။ မြန်မာနိုင်ငံကို ဘာတွေကူညီနိုင်မလဲ ဆိုရင်တော့ ကျွန်တော့်ရဲ့ ရွေးကောက်ပွဲ စောင့်ကြည့်မှုဆိုင်ရာ နည်းဗျူဟာတွေကို ဖြန့်ဝေပေးခြင်းအားဖြင့် ကူညီပါ့မယ်” ဟု Mr. Koul Panha က ပြောကြားသည်။

“ရွေးကောက်ပွဲ မသမာမှုလုပ်ရင် ပြဿနာ အများကြီးရှိတယ်။ ကျွန်တော်တို့အနေနဲ့ ရွေးကောက်ပွဲစောင့်ကြည့်မှု၊ သတင်းရယူမှုတွေအတွက် COMFREL ဆီမှာ နည်းပညာ အကြံဥာဏ်တွေ လိုချင်ရင် ဆက်သွယ်ပေးပါမယ်” ဟု ပေါင်းကူးအဖွဲ့မှ ဒေါက်တာကျော်သူက ဆိုသည်။

ရွေးကောက်ပွဲတွင် စောင့်ကြည့်သူများ အနေဖြင့် အာဏာရ အစိုးရ၏ အတိုက်အခံပါတီ မဖြစ်ခြင်း၊ ဘက်လိုက်မှုမရှိဘဲ အမှန်တရားကိုသာ ပြောဆိုခြင်း၊ ရွေးကောက်ပွဲ မှန်ကန်မှုရှိမရှိ အများသိရှိရန် ပြည်သူများ၏ ဝေဖန်ပြောကြားသံများ၊ ရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် အကြောင်းအရာများ ပြောကြားခြင်း၊ ထိုရလဒ်များကို ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြခြင်း စသည့်လုပ်ငန်းစဉ်များအား အဓိကလုပ်ဆောင်ရကြောင်း Mr.Koul Panha က ပြောကြားသည်။

eleven media group