ကျွန်မတို့တစ်ရွာလုံး ကြိုက်လို့တင်တာပါ။ နောက်ထပ် အကြိမ်တစ်ရာ လာရွေးလဲ သူ့ကို ပြန်ရွေးမှာပဲဆိုကာ လူထုထောက်ခံသည့် အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်ရန်အသိအမှတ်ပြုမခံရ

ပို့စ်တင်ချိန် - 1/03/2014 12:50:00 PM


မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်ခေါင်းကွဲကျေးရွာမှ ကျေးရွာပြည်သူများကရွေးချယ် တင်မြှောက်ထားသော ကျေးရွာအုပ်ချုပ်ရေးမှူးကို ယနေ့အချိန်ထိ မြို့နယ်မှ အသိမှတ်မပြုသောကြောင့် ကျေးရွာပြည်သူများမှ ခရိုင်အုပ်ချုပ်ရေးမှူးအား ကန့်ကွက်ပွဲ ဇန်န၀ါရီ ၂ ရက်က ပြုလုပ်ခဲ့သည်။

ကျေးရွာတွင် အုပ်ချုပ်မှူးမရှိသည်မှာ ငါးလခန့်ရှိပြီဖြစ်သောကြာင့် ကန့်ကွက်ရခြင်းဖြစ်ကြောင်း ရပ်မိရပ်ဖ ဦးကျော်အေးက မဇ္ဈိမကို ပြောသည်။

ကျေးရွာတွင် အုပ်ချုပ်မှုမဲ့နေသောကြောင့် ရွာ၏အခွင့်အရေး ဆုံးရှုံးခြင်း၊ ဖွံ့ဖြိုးမှုများ နောက်ကျခြင်းနှင့် ဒုစရိုက်မှုများ ပိုမိုဖြစ်ပွားနိုင်ခြင်းများရှိကြောင်း ကျေးရွာအထောက်ကူပြုအဖွဲ့မှ ဦးဖိုးပြားက မဇ္ဈိမကို ပြော သည်။

“ကျုပ်တို့ရွာ တံတားဦး ဟိုတယ်ဇုန်ထဲမှာရှိနေတော့ လူစုံနယ်စုံဆိုတော့ မျက်နှာစိမ်း ရွာထဲဝင်ရင်ကိုပဲ မျက်စိဒေါက်ထောက် ကြည့်နေရတယ်။ ဒါတွေကို မြို့နယ်က ဒီအတိုင်းကြည့်နေတာ စဉ်းစားမရဘူး”ဟု ဦးဖိုးပြားက ပြောသည်။

အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းအား ၂၀၁၁ ခုနှစ် ၁၁ လပိုင်းက တစ်ကြိမ်၊ ၂၀၁၃ ခုနှစ် ရှစ်လပိုင်း ၁၄ ရက် က တစ်ကြိမ်၊ ၂၁ ရက်က တစ်ကြိမ် အကြိမ်ကြိမ် ရွေးချယ်ခဲ့သော်လည်း ရပ်ရွာအားလုံးမှ ဦးကျော်ဆန်း ခိုင်တစ်ဦးသာ မဲပေး၍ အကြိမ်ကြိမ် ရွေးချယ်ပေးခဲ့ခြင်းအား မြို့နယ်နှင့် ခရိုင်မှ အသိအမှတ်မပြုခြင်းအား ကန့်ကွက်ခြင်း ဖြစ်သည်။

“အခုဟာက ကျေးရွာကို မျက်ကွယ်ပြုပြီး သူတို့ထင်သလို လုပ်နေတယ်။ ညှိနှိုင်းမှုလည်းဘာမှမလုပ်ဘူး။ သူတို့ကြိုက်တဲ့သူ ရွေးချယ်တင်မြောက်ဖို့ လုပ်နေတယ်။ ဒါကို တစ်ရွာလုံးက ကန့်ကွက်နေကြတာပါ။ ရွာ ကောင်းကျိုးလုပ်မယ့်သူ ဘယ်သူမဆို တင်မှာပါ။ ကျွန်တော်ကလည်း ဖယ်ပေးမှာပါ”ဟု အရွေးချယ်ခံ ထားရသူ ဦးကျော်ဆန်းခိုင်က မဇ္ဈိမကို ပြောသည်။

ကျေးရွာမှ ကြိုက်၍ တင်ထားသော အုပ်ချုပ်ရေးမှူးသည် ရပ်ကျိုးရွာကျိုးများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သည့်အပြင် ကျေးရွာပြည်သူလူထုများပိုင်သော လယ်ယာမြေများ တံတားဦး ဟိုတယ်ဇုန်ထဲ မပါစေရန် သက်ဆိုင်ရာအာဏာပိုင်များနှင့် အတိုက်အခံလုပ်၍ ပြန်လည်ရရှိအောင် ဆောင်ရွက်ခဲ့သည့် အတွက် အုပ်ချုပ်ရေးမှူးအဖြစ် အသိအမှတ်ပြုကြောင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

တံတားဦးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ဇန်န၀ါရီ ၁ ရက်တွင် အုပ်ချုပ်ရေးမှူး ရွေးချယ်ရန် ၂ ရက် မွန်းလွဲ ၁ နာရီတွင် ရွာဦးကျောင်း၌ တစ်အိမ်တစ်ယောက် လာရမည်ဟု အသံချဲ့စက်ဖြင့် ရွာထဲတွင် လိုက်လံ အော်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ထို့ကြောင့် ရွာသူရွာသားများသည် လယ်တောသို့မသွားပဲ လာရောက် ကန့်ကွက်ခြင်းဖြစ်ကြောင်း သိရ သည်။ သို့သော် မြို့နယ်အုပ်ချုပ်ရေးမှူး မလာသောကြောင့် ရွာသူရွာသားများသည် ရွာလယ်ဓမ္မာရုံတွင် ဆက်လက် ကန့်ကွက်နေခြင်း ဖြစ်သည်။

“ကျွန်မတို့တစ်ရွာလုံး ကြိုက်လို့တင်တာပါ။ နောက်ထပ် အကြိမ်တစ်ရာ လာရွေးလဲ သူ့ကို ပြန်ရွေးမှာပါ။ ပြည်သူကိုဗဟိုပြုတဲ့ အစိုးရဆိုပြီး ပြည်သူကတင်မြောက်တဲ့ အုပ်ချုပ်ရေးမှူးကို အသိအမှတ်မပြုတာကို ဘယ်လိုနားလည်ရမှန်းမသိဘူး”ဟု ကန့်ကွက်နေသော ခေါင်းကွဲရွာမှ မစုစုလှိုင်က မဇ္ဈိမကို ပြောသည်။

ကျေးရွာသူ ကျေးရွာသားများသည် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့ ဇန်န၀ါရီ ၃ ရက် နေ့ လာပါကလည်း ရွာထဲသို့ အ၀င်မခံဘဲ ရွာပေါက်မှ ပိတ်၍ ကန့်ကွက်သွားမည်ဟု ဒေသခံတို့က ဆို သည်။

ခေါင်းကွဲကျေးရွာတွင် အိမ်ခြေ ၆၀၀ ကျော်ရှိပြီး တစ်ရွာလုံးမှ ထောက်ခံထားသော အုပ်ချုပ်ရေးမှူးအား အသိအမှတ်ပြုပေးရန် ဇန်န၀ါရီ ၁၀ ရက်တွင် တိုင်းဒေသကြီးအစိုးရထံ ရွာသူရွာသားအားလုံးမှ လက် မှတ်ထိုး၍ တိုင်ကြားမည်ဖြစ်သည်။

ကျေးရွာမှရွေးချယ်ထားသော အုပ်ချုပ်ရေးမှူးအား အသိအမှတ်မပြုခြင်းနှင့်ပတ်သက်၍ တံတားမြို့ဦး နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်မေးမြန်းရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး မရှိကြောင်း ထိုရုံးမှ စာရေးတစ်ဦးက ပြောသည်။
Mizzima Burmese