ဒီမိုကရေစီစနစ်နှင့်ကိုက်ညီမည့်မြန်မာနိုင်ငံပညာရေးမြင့်တင်မှုအကောင်အထည်ဖော်

ပို့စ်တင်ချိန် - 1/04/2014 08:15:00 AM


လားရှိုး၊ ဇန်န၀ါရီ ၃။
မြန်မာနိုင်ငံ၊ နိုင်ငံတော်သမ္မကြီးဦးသိန်းစိန်၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာနမှ ဒီမိုကရေစီနည်းလမ်းနှင့် ကိုက်ညီသော အဆင့်မြင့်ပညာရေးမြင့်တင်မှု အကောင်အထည်ဖေါ်ရေး
မူကြမ်းကို အကြံပြုဆွေးနွေးပွဲတစ်ရပ်အဖြင့် ယမန်နေ့၂ရက်၊ နံနက်၉း၀၀နာရီအချိန်တွင် လားရှိုးတက္ကသိုလ်၊ ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပညာရေးမြင့်တင်မှု အကောင်အထည်ဖေါ်နိုင်ရေးအတွက် မြန်မာနိုင်ငံ ပညာရေးမြင့်တင်မှုလုပ်ငန်းကော်မတီမှ အလုပ်အဖွဲ့(၁၈)ဖွဲ့ ဖွဲ့ကာယင်းမှတဆင့် မြန်မာနိုင်ငံတိုင်းနှင့်ပြည်နယ် အသီးသီးရှိ တက္ကသိုလ်ကျောင်းမှ ဆရာ/ဆရာမများကို လုပ်ငန်းတာာဝန်ခွဲစေပြီး “လက်တွေ့ကျသော ပညာရေးမြင့်တင်မှု အကောင်အထည်ဖေါ်ရေး”
ခေါင်းစဉ်ဖြင့် ယခုလိုဆွေးနွေးအကြံပြုချက် အခမ်းအနားပြုလုပ်ရခြင်းဖြစ်ကြောင်း လားရှိုးတက္ကသိုလ်မှ တာဝန်ခံပါမောက္ခချူပ် ဒေါက်တာမောင်မောင်က အဆိုပါအခမ်းအနားတွင် ပြောကြားသည်။

ယင်းကဲ့သို့ပညာရေးမြင့်တင်မှုမူကြမ်းကို မြန်မာနိုင်ငံတွင်၂၀၁၂ခုနှစ်မှ စ၍ပညာရေးမြင့်တင်ရေး လုပ်ငန်းကော်မတီက သဘောထားစာရင်းများ ကောက်ယူပြီး အချိန်ယူလုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ အဆိုပါကော်မတီမှ ဒုတိယမူကြမ်း ရေးဆွဲကာ ယခုလိုပညာရေးလုပ်ငန်း အဖွဲ့ငယ်များက သက်ဆိုင်ရာဌာနအဖွဲ့အစည်းများကို ဖိတ်ခေါ်ပြီး သဘောထား အကြံပြုချက်များ ရယူဆွေးနွေးခြင်းဖြစ်ကြောင်း ဒေါက်တာမောင်မောင်က ဆက်လက်ပြောကြားသည်။

အခမ်းအနားသို့ဖိတ်ကြားထားသော သက်ဆိုင်ရာအဆင့်မြင့် လားရှိုးတက္ကသိုလ်ကျောင်းများမှ ဆရာ/ဆရာမများ၊ အုပ်ချုပ်ရေးဌာနမှပုဂ္ဂိုလ်များ၊ ပါတီကိုယ်စားလှယ်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ တိုင်းရင်းသား ညီအစ်ကိုအဖွဲ့အစည်းမှ ပုဂ္ဂိုလ်များအသီးသီး တက်ရောက်ကာ၊ တက်ရောက်သူ(၃၆၀)ကျော်ရှိကြောင်း၎င်းအခမ်းအနားမှသိရသည်။

ဆွေးနွေးပွဲ၌လားရှိုး တက္ကသိုလ်၊ပထ၀ီဌာနမှ ဒေါက်တာသက်ထွန်းက မြန်မာနိုင်ငံတွင်အဆင့်မြင့်ပညာရေး အကောင်အထည်ဖေါ်ရာမှာ ပညာသင်ရိုးညွှန်းတမ်းများကို မြန်မာဘာသာစကားဖြင့်သာ ရေးဆွဲသင့်သည်ဟုမြင်ကြောင်း၊ ဘာသာရပ်တစ်ခုတတ်ကျွမ်းနားလည်ရန်မှာ ကိုယ့်လူမျိုးဘာသာစကားဖြင့်သာ အဆင်ပြေနိုင်ကြောင်း၊ သို့မှသာကျောင်းသားများ တတ်သိနားလည်လွယ်ပြီး ကျောင်းပညာရေးကို စိတ်ဝင်စားနိုင်မည်ဖြစ်ကြောင်း၊ တိုင်းပြည်အတွက် အမှန်တကယ်တတ်သိနားလည်သော ပညာတတ်များပေါ်ထွက်လာနိုင်မည်ဖြစ်ပြီး ဒီမိုကရေစီ ပညာရေးလမ်းကြောင်းအမှန် ရောက်နိုင်ကြောင်း၊ တစ်ချို့ကျောင်းသားများမှာ formulaအစားထိုးနည်းကို ဘယ်နေရာ၌အစားထိုးရမှန်းမသိဘဲ ဘွဲ့ရပုဂ္ဂိုလ်များရှိနေကြောင်း၊ ဂျပန်၊ကိုးရီးယား၊ ဂျာမဏီ၊ တရုတ်နှင့်စင်္ကာပူနိုင်ငံများသည် ကိုယ့်နိင်ငံသုံးဘာသာစကားဖြင့် အခြေခံပညာသင်ကျောင်းများ၌ အဆင့်မြင့်ဒီမိုကရေစီပညာရေးကို လုပ်ဆောင်နေကြောင်း၊ အင်္ဂလိပ်စာသင်ရိုးကို အသေအခြာနားလည်နိုင်မှု မရှိဘဲ ကျောင်းသားများ အလွတ်ကျက်မှတ်ဖြေဆိုနေသည်ကို တွေ့နေရကြောင်း၊ ဒီမိုကရေစီဆိုတာ အင်္ဂလိပ်စာမဟုတ်ဘဲ ပွင့်လင်းမြင်သာသည့်နားလည်မှုကို ရည်ညွှန်းခြင်းသာဖြစ်ကြောင်းကို အထက်ပါဆရာကပြောကြားသွားခြင်းဖြစ်သည်။
ယင်းအပြင် လားရှိုးတက္ကသိုလ်၊ မြန်မာစာကထိက ဆရာဦးစောလွင်မှလည်း ဒီမိုကရေ ဒီနည်းနှင့် ကိုက်ညီဖို့ ကျောင်းသား/ကျောင်းသူများကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများကို အဓိက အလေးထား ပြုပြင်ပြောင်းလဲပေးရန် လိုကြောင်း၊ ကျောင်းနေအဆောက်အဦး၊ ကျောင်းပတ်ဝန်းကျင်၊ ကျောင်းစာသင်ခုံ၊ စာသင်ခန်းများကအစ သင်ထောက်ကူပစ္စည်များကို ကျောင်းသာများ နှစ်လိုစိတ်ဝင်စားလာအောင် ပြုလုပ်ပေးရမည်ဖြစ်ကြောင်း၊ စိတ်ကြောင့်ရုပ်ပြောင်းလဲမှုများဖြစ်ပေါ်ကာ ကျွန်တော်တို့ လိုချင်သော အဆင့်မြင့် ဒီမိုကရေစီ ပညာရေးစနစ်ကို အကောင်အထည်ဖေါ်နိုင်မည်ဖြစ်ကြောင်း၊ ဒုတိယကမ္ဘာစစ်အနုမြူဗုံး ခံခဲ့ရသော ဂျပန်နိင်ငံသားတို့၏ စိတ်ဓါတ်ပြုပြင်ရေး ပညာရေးစနစ်ကိုကြည့်ခြင်းအားဖြင့် ဂျပန်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုမှာ ကမ္ဘာကိုရင်ဘောင်တန်းနိုင်ပြီဖြစ်ကြောင်း၊ ထို့အတူ စင်္ကာပူလို ကျွန်းနိုင်ငံငယ်လေးမှာလည်း ကမ္ဘာကိုရင်ဘောင်တန်းနိုင်ပြီဖြစ်ကြောင်းကို ဆရာဦးစောလွင်မှ ဆွေးနွေး တင်ပြသွားပြီး အခြားတက်ရောက်သူများကလည်း ဒီမိုကရေစီနှင့် ကိုက်ညီသည့် အဆင့်မြင့်ပညာရေး၊ သင်ရိုးညွှန်းတမ်များကို အဆိုပါအခမ်းအနားတွင် ဖြည့်စွက်အကြံပြုပြောကြားသွားသည်။
ယင်းနောက်ဆွေးနွေးတက်ရောက်လာသူများမှပညာရေးနှင့်ပတ်သက်သည့်သုံးသပ်တင်ပြချက်များ၊ကြိုတင်ပြုစုထားသောအကြံပြုချက်များကိုလားရှိုးတက္ကသိုလ်တာဝန်ခံပါမောက္ခချူပ်ကပြန်လည်ဆွေးနွေးပြောကြားသွားပြီးပညာရေးလုပ်ငန်းအဖွဲ့မှအထက်ပါဆွေးနွေးအကြံပြူချက်များကိုမှတ်တမ်းကောက်ယူကာမြန်မာနိုင်ငံပညာရေးမြင့်တင်မှုလုပ်ငန်းကော်မတီသို့တင်ပြပေးသွားမည်ဖြစ်ကြောင်းသိရပြီးအဆိုပါအခမ်းအနားကိုညနေပိုင်းအချိန်တွင်အောင်မြင်စွာရုတ်သိမ်းခဲ့သည်။
ထွန်းထွန်း၊စိုးမင်းနိုင်။

The Myanma Age