အငြိမ်းစားဝန်ထမ်းတွေအတွက် ၁၅ဝဝ တန်ဖုန်းကတ်

ပို့စ်တင်ချိန် - 1/22/2014 03:17:00 PM


ထောင့်ငါးရာတန်ဖုန်းကတ်တွေ ဒီလထဲ သုံးသိန်းခွဲ ချပေးမယ်၊ အဲဒီထဲ အငြိမ်းစားဝန်ထမ်းတွေအတွက် အရေအတွက် ငါးသောင်း ပါတယ် ဆိုတဲ့ ဆက်သွယ်ရေးဌာနရဲ့ ကြေညာချက်ကို ဒီကနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ တွေ့ရပါတယ်။

ဒါဟာ ဦးသိန်းစိန်အစိုးရ လက်ခုပ်သံအများအပြားရမယ့် အစီအစဉ်ပါပဲ။

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ ဖုန်းကတ်အများအပြား လစဉ် မဲနှိုက်ပေးကြတဲ့အတွက် မဲပေါက်ကြသူတွေ အများအပြား ရှိပါတယ်။ လစဉ်လတိုင်း လူအများအပြားကို ပျော်ရွှင်စေတဲ့အစီအစဉ် ဖြစ်နေပါပြီ။

ဒါဟာ မဲဆွယ်တဲ့အစီအစဉ်တမျိုးပဲလို့ ဆိုသူက ဆိုပါလိမ့်မယ်။
ရွေးကောက်ပွဲက အဝေးကြီးလိုသေးတယ်၊ မဲမဆွယ်သေးပါဘူးလို့ ဖြေသူက ဖြေဖွယ်ရှိပါတယ်။

ဖြန့်မယ်  မဲနှိုက်ကြမယ် ပျော်ကြမယ် ဆိုတဲ့အခါမှာ ဘယ်သူဘယ်ဝါ ဆိုရင်ဖြင့် နှိုက်ခွင့်မရ ဆိုတဲ့ အသံတွေလည်း ဟိုကဒီကနေ ထွက်လာပါတယ်။

ကဲ... အခု... ဖုန်းကတ်ငါးသောင်း ဘယ်ကနေဖြန့်မယ် မသိပါဘူး။
အငြိမ်းစားဝန်ထမ်းတွေလည်း ဒီကတ်ငါးသောင်း မဲနှိုက်ရမယ် ထင်ပါရဲ့။
မဲပေါက်ပြီဆိုရင်တော့ ဖုန်းသုံးကြ၊ လူကြီးမင်း..... ဆိုတဲ့ အသံချိုချိုကို မကြာခဏဆိုသလို ကြားကြရမှာ သေချာနေပါပြီ။

ထောင့်ငါးရာတန်ဖုန်းကတ် ဆိုတာကို တချို့ကလည်း တန်ဖိုးနည်းဖုန်းကတ်လို့ ဆိုကြပါတယ်။
အဲဒီကတ်က ပြင်ပအရောင်းဆိုင်တွေကို သွားသွင်းရန် ရှစ်သောင်းဝန်းကျင်တော့ ရကြပါတယ်လို့ တောင်ကြီးမြို့က ဟင်းန်ဆက် အရောင်းဆိုင်တခုက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပြောပြပါတယ်။

ဆိုင်တွေက ငါးထောင်၊ တသောင်း အမြတ်တင်ပြီး ပြန်ရောင်းကြပါတယ်။
တချို့ကလည်း ဒီဖုန်းကတ်ရောင်းချိန်မှာ သိသာသိစေ မမြင်စေနဲ့ ဆိုပြီး ပေါင်ပေါင်ထင်ထင် မရောင်းပါ။
ဖုန်းကတ် (sim card) ရောင်းတယ်ဆိုပြီး ဆိုင်းဘုတ်တင်ကြော်ငြာရောင်းချတဲ့ဆိုင်ကတော့ အင်မတန် ရှားပါတယ်။

ဒီလကုန်ပိုင်း အငြိမ်းစားဝန်ထမ်းအများအပြား ဖုန်းကတ်တွေ မဲပေါက်ကြ၊ ဆိုင်တွေကို ပြန်သွင်းလို့ ငွေရွှင်ကြ၊ တချို့လည်း ကိုယ်ကိုယ်တိုင် သို့မဟုတ် မိသားစုတွင်းကတယောက်ယောက်ကို ပေးသုံးကြတော့မှာဖြစ်ပါတယ်။
Irrawaddy