ပြင်သစ်သမ္မတ လက်တွဲဖော်နှင့် လမ်းခွဲ

ပို့စ်တင်ချိန် - 1/26/2014 07:47:00 PM


ဇန်နဝါရီ ၂၆။

သရုပ်ဆောင် အမျိုးသမီး တစ်ဦးနှင့် ဇာတ်လမ်းများ ထွက်ပေါ်လာပြီးနောက် နှစ်ပတ်အကြာတွင် ပြင်သစ်သမ္မတ ဖရန်ကို ဟော်လန်ဒီသည် လက်တွဲဖော် ဗယ်လာရီ ထရီဝယ်လာ နှင့် ဇာတ်လမ်းကို အဆုံးသတ်ခဲ့ကြောင်း သက်ဆိုင်ရာမှ စနေနေ့တွင် ပြောကြားခဲ့သည်။ သမ္မတ၏ အထောက်အကူပြု အရာရှိတစ်ဦးမှ သမ္မတသည် အဖော်ဖြစ်သူနှင့် ခုနစ်နှစ်ကြာ ဆက်ဆံရေးကို အဆုံးသတ်ခဲ့ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

ကွဲကွာမှုကို ပထမဆုံး သတင်းတင်ခဲ့သည့် ပြင်သစ်သတင်း အေဂျင်စီ AFP မှ သမ္မတ ဟော်လန်ဒီသည် ထရီဝယ်လာနှင့် ပတ်သက်ပြီး “ အဆုံးသတ်ဖို့အတွက် လုပ်ရမယ်ဆိုတာ ငါသိပါတယ် ” ဟု တယ်လီဖုန်း ပြောကြားမှုတွင် ပြောခဲ့သည်ဟု ဆိုသည်။

သမ္မတနေရာသို့ ဝင်ရောက်ယှဉ်ပြိုင်မှု ပြုခဲ့သူ ဆီဂိုလင်း ရွိုင်ရယ်နှင့် ရရှိခဲ့သော သားသမီး လေးယောက်၏ ဖခင်ဖြစ်သူ ဟော်လန်ဒီသည် သူ့အနေဖြင့် နိုင်ငံ့ခေါင်းဆောင် အဖြစ် မဟုတ်ပဲ ပုဂ္ဂလိက လူသားတစ်ဦး အနေဖြင့် ပြောကြားခြင်း ဖြစ်ကြောင်း သတင်းဌာနသို့ ပြောဆိုခဲ့သည်။ သူနှင့် ထရီဝယ်လာတို့သည် ၂၀၀၇ ခုနှစ်ကတည်းက လက်မထပ်ပဲ အတူနေထိုင်ခဲ့ကြသည်။ ထရီဝယ်လာသည် သမ္မတကတော်၏ လုပ်ဆောင်မှုများ၊ သမ္မတ၏ ဇနီးပုံစံဖြင့် ခရီးသွားခြင်းများ ပြုလုပ်ခဲ့ပြီး သူ့အား ပြင်သစ်နိုင်ငံ၏ ဖတ်စ်လေဒီ အဖြစ် အသိအမှတ် ပြုခဲ့ကြသည်။

ဇန်နဝါရီ ၁၄ ရက်က ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ဟော်လန်ဒီသည် ထရီဝယ်လာ၏ အခြေအနေများကို မေးမြန်းသည့် မေးခွန်းများကို ရှောင်လွှဲခဲ့ပြီး ဖတ်စ်လေဒီ ဖြစ်သေးသလား ဆိုသော မေးခွန်းများကို ဖြေကြားရန် ငြင်းဆိုခဲ့သည်။ အသက် ၅၉ နှစ်အရွယ် ဟော်လန်ဒီသည် အသက် ၄၁ နှစ် အရွယ်ရှိ သရုပ်ဆောင်ဖြစ်သူ ဂျူလီဂါယက်နှင့် ဇာတ်လမ်းဖြစ်နေကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ၎င်းမေးခွန်းများကို မေးမြန်းခဲ့ကြခြင်း ဖြစ်သည်။ ဂါယက်နှင့် တွေ့ဆုံရန် နေရာသို့ သွားနေသည့် စကူတာ၏ နောက်တွင်ထိုင်ပြီး ဟဲလ်မက်ဆောင်းထားသူ၏ ဓာတ်ပုံများကို မဂ္ဂဇင်းတစ်စောင်မှ ပုံနှိပ်ထုတ်ဝေခဲ့ပြီး ၎င်းအမျိုးသားမှာ သမ္မတပင် ဖြစ်ကြောင်း ပြောကြားထားခဲ့သည်။

ယင်းဇာတ်လမ်း သတင်းများ ထွက်ပေါ်လာပြီးနောက် ထရီဝယ်လာမှာ ဆေးရုံသို့ တစ်ပတ်ကြာ တက်ရောက်ခဲ့ရသည်။ ဆေးရုံမှ ဆင်းပြီးနောက်ပိုင်းတွင် ဗာဆေးရှိ သမ္မတ အိမ်ယာ၌ ရက်အနည်းငယ် အကြာ နေထိုင်ခဲ့သည်။ ဟော်လန်သည် အမေရိကန်သို့ ဖေဖော်ဝါရီ ၁၁ ရက် နိုင်ငံခရီးစဉ် မထွက်ခွာမှီ ဖတ်စ်လေဒီနှင့် အခြေအနေများကို ရှင်းလင်းအောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲအတွင်း ကတိပေး ပြောကြားခဲ့သည်။ ဟော်လန်ဒီ၏ အတ္ထုပတ္တိ ရေးသားသူမှ ထရီဝယ်လာနှင့် လူသိရှင်ကြား ဇာတ်လမ်း အဆုံးသတ်သွားမှုသည် သမ္မတအတွက် အလွန်ပင် ခက်ခဲမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ဟော်လန်ဒီမှာ ပြင်သစ်နိုင်ငံ သမိုင်းအတွင်း လူကြိုက်အနည်းဆုံး သမ္မတများတွင် ပါဝင်သည်။ သို့ရာတွင် သူ၏ သတင်းများ ထွက်ပေါ်လာပြီး နောက်ပိုင်းတွင်လည်း သူ့အား ထောက်ခံမှု နှုန်းထားများမှာ ပြောင်းလဲမသွားခဲ့ပေ။ သမ္မတ ဟော်လန်ဒီ၏ သတင်းများကြောင့် ပြင်သစ်မီဒီယာများ လှုပ်ခတ်ခဲ့ပြီး သမ္မတ၏ ကိုယ်ရေးကိုယ်တာ အပေါ် သဘောထား နိုင်ငံ၏ နာမည်ကျော် လိုင်ဇယ်ဖဲယ် ( ပြုလုပ်ရန် ခွင့်ပြုထားသော) မှာလည်း ပျက်စီးခဲ့သည်။ သမ္မတ၏ လူထုဆိုင်ရာနှင့် ကိုယ်ရေးကိုယ်တာ ဆိုင်ရာ ဘဝအပေါ်ရှိ စည်းမျဉ်းများကိုလည်း စကားရည်လုပွဲများ ကျင်းပ၍ ဆွေးနွေးခဲ့ကြသည်။

“ ကျွန်တော်တို့ နိုင်ငံဟာ ကိုယ်ရေးကိုယ်တာ ဘဝကို ပြဇာတ်လုပ် ကြည့်ရှုအားပေးကြတဲ့ အင်္ဂလန်လို အမေရိကန်လို နိုင်ငံတွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ပြည်သူ့သမ္မတ နိုင်ငံ၊ ရွေးကော်တင်မြှောက်ခြင်း ခံရတဲ့သူဟာ တရားဝင် အခွင့်အာဏာ ရှိတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံအတွက် ဖတ်စ်လေဒီဆိုတာ မလိုအပ်ပါဘူး ” ဟု BMF TV သို့ ပါလီမန်ထရီ ဆိုရှယ်လစ်မှ ပြောရေးဆိုခွင့် ရှိသူ သယ်ရီမန်းဒွန်းမှ ပြောကြားခဲ့သည်။

ဟော်လန်ဒီနှင့် ပတ်သက်၍ ပဲရစ်မြို့ လမ်းပေါ်ရှိ အသံများမှာလည်း ကွဲပြားခြားနားလျက် ရှိသည်။ “ ကျွန်တော်တို့ကို သူ ဒါတွေ ဖုံးကွယ်ထားခဲ့တယ်။ တခြား ဘာတွေရော သူ ဖုံးကွယ်ထားသေးလဲ ” ဟု စားသောက်ဆိုင် စားဖိုမှုး  ဟာဗီးချယ်ရီယာ မှ ပြောဆိုခဲ့သည်။ ၂၃ နှစ် အရွယ် ဥပဒေကျောင်းသူ ကလဲရာရိုစင်ဘို့စ် ကမူ “ ဒီကိစ္စကို ရှင်းလင်းပြီး နောက်ဆုံးကျ ယောကျာ်းတစ်ယောက်လို ဆုံးဖြတ်ချက် ချခဲ့တာအတွက် ရိုးသားတယ်လို့ မြင်ပါတယ်။ နိုင်ငံရေးမှာလည်း သူ ဒီလိုမျိုး ရဲရဲဝံ့ဝံ့ ဆောင်ရွက်သင့်ပါတယ် ” ဟု ပြောကြားသွားသည်။

REF: Washington Post
The Myanma Age