ဆေးမင်ရည် စုတ်ထိုးဟာ မြန်မာတို့ရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုပါ

ပို့စ်တင်ချိန် - 1/12/2014 03:30:00 PM


ခန္ဓာကိုယ်ပေါ်မှာ ဆေးမင်ကြောင်တွေ ရေးထိုးကြတယ်ဆိုတာ နှစ်ထောင်နဲ့ချီရှိပြီဖြစ်တဲ့ လူသားတွေရဲ့ ယဉ်ကျေးမှုသမိုင်းမျက်နှာစာတစ်ခုပါ။ ရှေးဟောင်းသုတေသနပညာရှင်တွေရဲ့ တွေ့ရှိချက်တွေမှာ ဆေးမင်ကြောင်တွေ ရေးထိုးမှုဟာ အခိုင်အမာ သက်သေခံနေပါတယ်။ မြန်မာပြည်ဟာလည်း ဆေးမင်ကြောင်နဲ့ တစိမ်းပြင်ပြင် ဖြစ်မနေခဲ့ပါဘူး။

ကိုလိုနီလှိုင်းလုံးတွေ ရိုက်ခတ်ချိန်မှာ ဆေးမင်ကြောင်ထိုးတဲ့ဓလေ့၊ သျှောင်ကြီးပွေနဲ့မောင်တွေ တဖြုတ်ဖြုတ် ပျောက်ကွယ်ခဲ့ပါတယ်။ ယဉ်ကျေးမှုအရထိုးတဲ့ ဆေးမင်ကြောင်အဖြစ်ကနေ အလှအပအတွက်၊ ဒဿနအတွက် ရေးထိုးတဲ့ ဆေးမင်ကြောင်တွေ ဂလိုဘယ်စီးကြောင်းထဲ ခုန်ပေါက်ဝင်ရောက်လို့ လာပါပြီ။

မီဒီယာတွေအားကောင်းမောင်းသန်ဖြစ်လာတဲ့ ဒီကနေ့ခေတ်မှာ တက်တူးလို့ခေါ်တဲ့ ဆေးမင်ကြောင်တွေကို လူငယ်တွေ တကျော့ပြန်စိတ်ဝင်စားလာနေပါတယ်။ နိုင်ငံတကာယဉ်ကျေးမှုတွေ ဒွေးရောယှက်တင်လာချိန်နဲ့ တက်တူးထိုးသူတွေရဲ့ အနုပညာလက်ရာတွေ ဖန်တီးမှုကို အသိအမှတ်ပြုလာချိန် လူငယ်ရော လူကြီးပါ တက်တူးကို စိတ်ဝင်စားကြတယ်လို့ မြန်မာပြည်ရဲ့ ပထမဆုံး အမျိုးသမီး Tattoo Artist မဖြူသဇင်စိုးက ဆိုပါတယ်။

Tattoo Artist တွေဟာ စက္ကူပေါ်မှာတောင် ရေးဆွဲဖို့ခက်တဲ့လက်ရာတွေကို လူရဲ့အရေပြားပေါ် ရသမြောက်အောင် ဖန်တီးနိုင်လာကြပြီမို့ တက်တူးကို အနုပညာတစ်ခုအနေနဲ့ မသတ်မှတ်လို့မရဘူးလို့ တက်တူးထိုးတဲ့စက်တွေ မြန်မာပြည်မရောက်ခင်ကတည်းက တက်တူးအနုပညာရှင်အဖြစ် ရပ်တည်ခဲ့တဲ့ ကိုတွတ်ပီက ဆိုပါတယ်။

ခေတ်သစ်ကမ္ဘာကြီးထဲ တက်တူးယဉ်ကျေးမှုဟာ ဖက်ရှင်အဖြစ် ဝင်ရောက်လာပေမယ့် မြန်မာလူ့အဖွဲ့အစည်းကတော့ ဆေးမင်ကြောင်ကို အနုပညာအဖြစ် မမြင်နိုင်သေးဘဲ လမ်းသရဲဆန်တယ်လို့ ရှုမြင်နေကြဆဲပါ။ တက်တူးထိုးတာဟာ မူးယစ်ဆေးစွဲပြီး စာရိတ္တယိုယွင်းနေတာမဟုတ်လို့ လွတ်လပ်စွာ ဖန်တီးမှုကို မတားပါနဲ့လို့ အန်ဒရီယာက တောင်းဆိုပါတယ်။

အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမင်ရည် စုတ်ထိုး ဤသုံးမျိုး ချက်မပိုင်လျင် နောင်ပြင်ရန် ခက်သည့်အမျိုးလို့ ဆိုရိုးစကားရှိပေမယ့် ခေတ်မီ နည်းပညာနဲ့ ဆေးမင်ထိုးတာကို ပြင်လို့တော့ ရနေပါပြီ။

ရောဂါပိုးကူးစက်မှုတွေထဲမှာ ဆေးမင်ကြောင်ထိုးတဲ့နည်းက တစ်ခုအပါအဝင်ဖြစ်တာမို့ ကျန်းမာရေးအရ ယုံကြည်စိတ်ချရတဲ့ Tattoo Studio တွေ အပြိုင်အဆိုင်ပေါ်လာနေပါတယ်။ ဒေါက်တာမြင့်ဦးက တက်တူးတွေကို အကြောင်းကြောင်းကြောင့် ပြန်ဖျက်ချင်တယ်ဆိုရင် လေဆာရောင်ခြည်သုံးစက်တွေနဲ့ ဖယ်ရှားလို့ရပေမယ့် တက်တူးထိုးတဲ့ကုန်ကျစားရိတ်ထက် အဆ ၅ဝလောက် ကုန်မှာမို့ သေသေချာချာ ချင့်ချိန်စဉ်းစားစေချင်တယ်လို့ ဆိုပါတယ်။

နောင်ပြင်ရန် ခက်သည့်အမျိုးထဲမှာ တက်တူးထိုးတာ မပါဝင်တော့ဘူးဆိုပေမယ့် တက်တူးတွေ ရှိနေတာကြောင့် အလုပ်အကိုင်အခွင့်အလမ်း အတားအဆီးတွေဖြစ်မယ်ဆိုရင် ဒီစိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီး တာဝန်ယူမှုရှိဖို့ လိုတယ်လို့ တက်တူးအနုပညာရှင် ကိုကကြီးက သတိပေးပါတယ်။

ယောက်ျားလေးအများစုရဲ့ ခေတ်ပေါ် တက်တူးတွေကို ခန္ဓာကိုယ်အနှံ့ရေးဆွဲတဲ့အပေါ် မြန်မာလူ့အဖွဲ့အစည်းက အနုတ်လက္ခဏာအဖြစ်ရှုမြင်နေဆဲမှာပဲ မိန်းကလေးတွေကပါ တက်တူးကို ဖက်ရှင်တစ်ခုအဖြစ် ရေးထိုးလာနေပါတယ်။

တက်တူးထိုးတဲ့ မိန်းကလေးဟာ ကိုယ်ကျင့်တရားဖောက်ပြန်တဲ့သူ၊ လျှပ်ပေါ်လော်လည်တဲ့သူလို့ ယောက်ျားလေးအများစုကတောင် သဘောထားနေကြဆဲပါ။ တက်တူးနဲ့ ကိုယ်ကျင့်တရား ဘာမှ မပတ်သတ်ဘူးလို့ Left Bank Media ရဲ့ အယ်ဒီတာချုပ် မမေသော်က ဆိုပါတယ်။

ဆေးမင်ကြောင်တွေ ဘဝတသက်လုံးပါသွားမှာမို့ ဘဝအတွက် အမှတ်တရဖြစ်မယ့်ပုံ၊ အဓိပ္ပာယ်ရှိတဲ့စာသားတွေကိုသာထိုးပြီး အနုပညာတစ်ခုအနေနဲ့ တန်ဖိုးထားသလို ဘဝရဲ့ အစိတ်အပိုင်းတစ်ခုလို့လည်း ခံယူတယ်လို့ ဆူးချိုးက ယူပါတယ်။

တကယ်တော့ တက်တူးနဲ့ပတ်သက်ရင် အတိုက်အခံလုပ်ရတာတွေ၊ နှိမ်ချခွဲခြားဆက်ဆံမှုတွေ၊ ဖယ်ကျဉ်မှုတွေကို အပြင်းအထန်ရင်ဆိုင်ရဆဲမို့ တက်တူးထိုးတဲ့ အနုပညာရှင်အဖြစ် မြန်မာမိန်းကလေးတစ်ယောက်က ရပ်တည်မယ်ဆိုရင် အခက်အခဲတွေက တောင်လိုပုံနေဆဲပါလို့ မဖြူသဇင်စိုးက ဆိုပါတယ်။

ဆေးမင်ကြောင်လို့ ခေါ်တဲ့ တက်တူးဟာ ဘုရားပွဲတွေ၊ ဈေးပွဲတော်တွေမှာ တစ်ခါသုံးအပ်နဲ့မဟုတ်ဘဲ အပ်တစ်ချောင်းတည်းနဲ့ လူပေါင်းများစွာကို စုတ်ထိုးရတာမို့ အန္တရာယ်သိပ်များတယ်လို့ ကိုတွတ်ပီကပြောပါတယ်။ ခေတ်မီ စက်ကိရိယာတွေသုံးတဲ့ Tattoo Studio တွေမှာတော့ ပရော်ဖက်ရှင်နယ် အနုပညာသမားတွေက တစ်ခါသုံးအပ်နဲ့ထိုးတာမို့ အပြည့်အဝ အာမခံချက်ရှိတယ်လို့ ဆိုပါတယ်။

ဘာပဲပြောပြာ နှစ်ပေါင်းထောင်နဲ့ချီ ကြာမြင့်စွာတည်ရှိခဲ့တဲ့ မြန်မာတို့ရဲ့ ဆေးမင်ကြောင်ရေးထိုးမှုဟာ ၂၁ရာစု ဂလိုဘယ်လှိုင်းလုံးနဲ့အတူ တကျော့ပြန် ပွေ့ဖက်ကြတဲ့အခါ ယောက်ျားရယ်၊ မိန်းမရယ် ခွဲခြားမှုဆိုတဲ့ တံတိုင်းကြီးကိုပါ ဖြိုလှဲနေတဲ့ လူသားရဲ့ အမြင့်မြတ်ဆုံးသော အနုပညာခံစားစိတ်ကတော့ ထင်ဟပ်နေပါပြီ။

ဆေးမင်ကြောင်ထိုးတာ သူရဲကောင်းတွေပါဆိုတဲ့ ယဉ်ကျေးမှုကို ဘာလို့များ တစိမ်းပြင်ပြင်ဖြစ်နေကြပါလဲ။ သေချာတာကတော့ သံကွန်ခြာအထပ်ထပ်အောက်မှာ ပိတ်မိနေခဲ့တဲ့ မြန်မာလူ့အဖွဲ့အစည်းအတွက်တော့ ချက်ချင်းကြီး လက်ခံဖို့ အဆင်သင့်ဖြစ်ကြပုံ မပေါ်ပေမယ့်လည်း ဂလိုဘယ်ရေစီးကြောင်းကတော့ အရှိန်အဟုန်ကောင်းကောင်းနဲ့ ဖြတ်သန်းစီးဆင်းနေမှာပဲ ဖြစ်ပါတယ်။

Kamayut Media