သုခချမ်းသာ ရစေဖို့ရာ ထာဝရယတြာ

ပို့စ်တင်ချိန် - 1/01/2014 10:52:00 AM


တစ်ခါတုန်းက ကျွန်တော့်ရဲ့ အီးမေးလ်ထဲကို မိတ်ဆွေတစ်ဦးက စာရေးသားပြီး မေးမြန်းခဲ့ပါတယ်။

သူမေးတာက ယတြာချေတဲ့နေရာမှာ ခဏခဏ လုပ်ရတဲ့ ယတြာတွေ ရှိသလို တစ်သက်လုံးအတွက် ကံကောင်းစေမယ့် လုပ်ငန်း ဆောင်တာများ ချောမော အောင်မြင်စေမယ့် တိုးတက်စေမယ့် ယတြာတွေ မရှိဘူးလားလို့ မေးဘူးပါတယ်။
သူက ဆက်ပြောသေးပါတယ်။ ဥပမာပေါ့ ဆရာရယ်တဲ့ သစ်ပင်စိုက်တာတို့ ဘာတို့ပေါ့တဲ့။
အဲဒီတော့ အခု ပြောမယ့် ယတြာနည်းကတော့ သစ်ပင်စိုက်တဲ့ ယတြာနည်း ဖြစ်ပါတယ်။ ဘာကောင်းလဲဆိုတော့ ကိုယ်ကြိုးစားရင် ကြိုးစားသလောက် အောင်မြင်စေနိုင်တယ်။

လုပ်သမျှ ကိုင်သမျှ အပေါက်အလန်းတည့်တယ်။ ချွတ်ချော်မှု့တွေ အနည်းနဲ့အများ ဆိုသလို ကင်းဝေးလာစေတယ်။
အစားအသောက် အနေအထိုင် နေရာထိုင်ခင်း အစာရေစာ အတွက် ပူပင်သောကတွေ ကင်းဝေးလာစေတယ်။ စီးပွားရေး လုပ်ငန်းတွေမှာ တဖြည်းဖြည်း တိုးတက်လာစေတယ်။
တဆင့်ထက်တဆင့် မြင့်သထက်မြင့်လာစေတယ်။ ဒီရေအလား စီးပွားတိုးတက်လာစေတယ်။

အောက်မှာ နေ့သားအလိုက် စိုက်ရမည့် သစ်ပင်နဲ့ သစ်ပင်စိုက်ရမည့် အရပ်ဒေသတွေကို ဖော်ပြပေးလိုက်ရပါတယ်။
သစ်ပင်စိုက်တဲ့အခါမှာ အရပ်ဒေသမှန်မှန် ကန်ကန်မှာ ရွှေရည် ငွေရည်လောင်းပြီး စိုက်ကြပေတော့.....

    တနင်္ဂနွေသားသမီးများ အိမ်၏ အနောက်မြောက်အရပ်မှာ ဒန်းကြီးပင် စိုက်ပါ။
    တနင်္လာသားသမီးများ အိမ်၏ အရှေ့အရပ်မှာ သြဇာပင်စိုက်ပါ။

    အင်္ဂါသားသမီးများ အိမ်၏ အနောက်တောင်အရပ်မှာ ခရေပင်စိုက်ပါ။
    ဗုဒ္ဓဟူးသားသမီးများ အိမ်၏မြောက်အရပ်မှာ စိန်ပန်းပင် (သို့) စံပယ်ပင် စိုက်ပါ။

    ကြာသပတေးသားသမီးများ အိမ်၏ အနောက်အရပ်မှာ လောက်သေပင်စိုက်ပါ။
    သောကြာသားသမီးများ အိမ်၏ တောင်အရပ်မှာ ပိတောက်ပင် (သို့) ပိန္နဲပင်စိုက်ပါ။

    စနေသားသမီးများ အိမ်၏ အရှေ့တောင်ထောင့်အရပ်မှာ သင်အူပင် စိုက်ပါ။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဆရာဟိန်းတင့်ဇော် (ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့)
ဧရာဝတီ သတင်း