ပြေတီဦးနှင့် ဖွေးဖွေးတို့ ပရဟိတနေရာ ၁၁ နေရာအတွက် အလှူငွေများ လှူဒါန်း

ပို့စ်တင်ချိန် - 1/03/2014 03:50:00 PM



၂၀၁၂ ခုနှစ်၏ အကယ်ဒမီဆုများကို ရရှိခဲ့ကြသည့် အနုပညာမောင်နှမနှစ်ဦး ဖြစ်သည့် ထပ်ဆင့်အကယ် ဒမီ ပြေတီဦးနှင့်အကယ်ဒမီဖွေးဖွေးတို့သည် အကယ်ဒမီရရှိခဲ့သည့် လက်ပံဇာတ်ကား၏ အနုပညာအလှူ ဖြစ်သည့် သိန်းပေါင်း ၁၁၀ ကို လိုအပ်နေသည့်ပရဟိတလုပ်ငန်းများအတွက် ဇန်န၀ါရီ ၂ရက်တွင် အလံပြ ဘုရားလမ်းရှိ Park Royal Hotel တွင် လှူဒါန်းခဲ့ကြသည်။

“ကျွန်တော်တို့အနေနဲ့ ပရိသတ်ကို ကိုယ်စားပြုပြီး ရည်ရွယ်လှူဒါန်းတာပါ။ ဒုတိယရည်ရွယ်ချက်က အနု ပညာမောင်နှမတွေ အားလုံးကိုယ်စား လှူဒါန်းခြင်းပါပဲ” ဟု ပြေတီဦးက ဆိုသည်။

ယင်းတို့အနေဖြင့် အလှူနေရာ ၁၁ နေရာကို လှူဒါန်းခဲ့ကြခြင်းဖြစ်ပြီး ပြေတီဦးအနေဖြင့် အနုပညာလော ကထဲ ၀င်ရောက်လာသည့်အချိန်တွင် စီနီယာများ၏ လက်တွဲခေါ်ယူမှုများ၊ နေရာ တစ်နေရာစာ မရရှိခဲ့သည့်အချိန်တွင် ဂျူနီယာများ၊ စက်မှုပိုင်းဆိုင်ရာ အနုပညာအဖွဲ့သားများအတွက်ကိုလည်း ရည်ရွယ်ပြီး တက်ညီလက်ညီဖြင့် ယခုချိန်ထိ လက်တွဲလုပ်ခဲ့သူများကို ရည်ရွယ်ပြီး လှူခဲ့ခြင်းဖြစ်သည်။

“လိုအပ်မယ်ထင်တဲ့နေရာတွေကို လှူခဲ့တာပါ။ ဒီအတွက် လှူရတာ အများကြီး ၀မ်းသာပါတယ်” ဟု အကယ်ဒမီဖွေးဖွေးက မဇ္ဈိမသို့ပြောသည်။

ယင်းတို့သည် တစ်ဦးလျှင် အလှူငွေသိန်း ၆၀ စီ အချိုးကျပါဝင်ပြီး လှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။ ယင်းသို့ လှူဒါန်းခဲ့သည့် နေရာများမှာ ရုပ်ရှင်သက်ကြီးရန်ပုံငွေ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၊ ဆည်းဆာရိပ် ဂိလာန ဘိုးဘွားရိပ်သာ၊ သုခရိပ်မြုံ၊ အမျိုးသမီး အသက်မွေးအတတ်ပညာသင်ကျောင်း၊ ၀ိသာခါသီလ ရှင် အမျိုးသမီးစာသင်ကျောင်း၊ မေရီချက်မင် ကလေးများစာသင်ကျောင်း၊ ထိန်လင်း အခမဲ့ဆေးခန်း၊ လက်ပံဇာတ်ကားတွင် ပါဝင်ခဲ့ကြသည့် စက်မှုလုပ်သားများ၊ ပြေတီဦးဖောင်ဒေးရှင်းနှင့် ပုဂ္ဂလိက စာနယ် ဇင်းနာမကျန်းတို့ ဖြစ်သည်။

Mizzima Burmese