ဘော်တွင်းအခြေအနေအများသိစေရန် ပွဲကျင်းပမည်

ပို့စ်တင်ချိန် - 1/11/2014 09:30:00 AM

နမ္မတူ၊ ဇန်နဝါရီ ၁၀။
နမ္မတူ-ဘော်တွင်းဒေသ အလုပ်သမားများ၏ ဘ၀အခြေအနေနှင့် ဖြစ်ပျက်နေမှုတို့အား အများသိစေနိုင်ရန် ရည်ရွယ်၍ ဧပြီလအတွင်း နှစ်တစ်ရာပြည့်ပွဲအား ကျင်းပသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိနေကြောင်း သိရှိရသည်။

နမ္မတူ-ဘော်တွင်းဒေသ ၀န်ထမ်းများအနေဖြင့် ယခင်ကဲ့သို့ စက်ရုံများ လုပ်ငန်းလည်ပတ်နိုင်မှု မရှိတော့၍ အကြပ်အတည်းများနှင့် ရင်ဆိုင်နေရပြီး စက်ရုံမှ တစ်လလျှင်တစ်ကြိမ် အရေအတွက်သတ်မှတ်ချက်ဖြင့်
အလုပ်သမားများအား အလုပ်ဖြုတ်နေသဖြင့် အလုပ်သမားများ၏ ဘ၀ရပ်တည်နိုင်ရေး ခက်ခဲလာနေပြီ ဖြစ်ကြောင်း သိရှိရသည်။
” နမ္မတူမြို့မှာဆိုရင် အရင်က သတ္တုချက်တဲ့ စက်ရုံတွေရှိတယ်၊ အခုအားလုံး ပိတ်သွားပြီ၊ ဒေသခံဝန်ထမ်း ဟောင်းတွေက မြို့သံယောဇဉ်နဲ့ ဘယ်ကိုမှ မသွားကြဘဲ ရှိတာစားပြီး နေနေကြတာ၊ တစ်ရက်ပြန်ပြီး
အလုပ်ဖြစ်နိုးနိုးဆိုတဲ့ မျှော်လင့်ချက်နဲ့ နေနေကြပေမဲ့ အခြေအနေတွေက ပိုဆိုး လာနေပါတယ် ” ဟု ဘော်တွင်း အလုပ်သမား အစည်းအရုံးဥက္ကဋ္ဌ ကိုမြင့်ဦးက ပြောသည်။

ဘော်တွင်းမိုင်းလုပ်ငန်းအား ၁၉၁၃ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဒေသခံများနှင့် ဒေသအတွင်း လာရောက် လုပ်ကိုင်သူများအတွက် အားထားမှီခိုစရာ ဒေသတစ်ခု ဖြစ်ခဲ့သော်လည်း ယခုအခါတွင် ဒေသအတွင်း လုပ်ငန်းများ လုံးဝရပ်ဆိုင်းထားပြီး ဘော်တွင်းဒေသ တစ်ခုတည်းတွင်သာ လုပ်ငန်းလည်ပတ်မှု ရှိနေကြောင်း သိရှိရသည်။

လုပ်ငန်းလည်ပတ်ရာတွင်လည်း ကုန်ကြမ်းသာ အဓိကတူးဖော်ရောင်းချနေသဖြင့် ပိုလျှံသော လူအင်အား အရေအတွက်ကို တစ်လလျှင်တစ်ကြိမ်နှုန်း လျော့ချနေခြင်းဖြစ်ကြောင်း သိရှိရသည်။ လက်ရှိ နမ္မတူ-ဘော်တွင်း မိုင်းဒေသအတွင်း ဖြစ်ပေါ်နေသော အခြေအနေများအတွက် သိရှိနိုင်စေရန် ရည်ရွယ်၍ နှစ်တစ်ရာပြည့် အခမ်းအနားအား ကျင်းပမည်ဖြစ်ပြီး ရန်ကုန်မြို့ရှိ စာရေးဆရာများ၊ သတင်းထောက်များအား ဖိတ်ကြားသွားမည် ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရှိရသည်။

စိုင်းကံသာ (လားရှိုး)
The Myanma Age