စီရော်နယ်ဒိုကို နိုင်ငံ့အမြင့်ဆုံး ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်

ပို့စ်တင်ချိန် - 1/22/2014 07:00:00 AM


မကြာသေးခင်က ကမ္ဘာ့အကောင်းဆုံးသမားဆုအဖြစ် ရွေးချယ်ခံရတဲ့ စီရော်နယ်ဒိုကို သူမိခင်နိုင်ငံ ပေါ်တူရဲ့ အဆင့်အမြင့်ဆုံးဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် ချီးမြှင့်လိုက်ပါတယ်။

ပေါ်တူဂီဘောလုံးကြယ်ပွင့် စီရော်နယ်ဒိုကိုဟာ ပေါ်တူဂီနိုင်ငံရဲ့ အဆင့်မြင့်ဂုဏ်ထူးဆောင်ဆုတံဆိပ်တခုဖြစ်တဲ့ Grand Officer ဆုကို မနေ့က ချီးမြှင့်ခံခဲ့ရပါတယ်။

ဆုတံဆိပ်ချီးမြှင့်ပွဲကို သမ္မတနန်းတော်မှာ ကျင်းပခဲ့ပြီး သမ္မတ ကိုဗားကို စီဗာက ရိုနယ်ဒိုရဲ့ နိုင်ငံအပေါ် စွမ်းဆောင်ခဲ့မှုတွေနဲ့ ပေါ်တူဂီနိုင်ငံကို ယူဆောင်ပေးခဲ့တဲ့ ဂုဏ်သိက္ခာတွေအတွက် ချီးကျူးခဲ့ပါတယ်။

ဒီဆုတံဆိပ်ချီးမြှင့်ပွဲဟာ ပြီးခဲ့တဲ့အပတ်က ၂၀၁၃ ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံးသမားဆုကို စီရော်နယ်ဒို ရရှိခဲ့ပြီး ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။

ပေါ်တူဂီနိုင်ငံသားတွေအတွက် ပျော်ရွင်မှု ယူဆောင်ပေးခဲ့တဲ့အတွက် သမ္မတက ကျေးဇူးတင်စကား ပြောဆိုခဲ့ပြီး သူ့ရဲ့ အငြင်းပွားဖွယ်ရာမရှိတဲ့ စွမ်းဆောင်ရည်၊ သူ့ရဲ့ အနိုင်ရလို စိတ်ပြင်းပြမှု၊ ကြိုးစားအားထုတ်မှု၊ စိတ်ဆန္ဒနဲ့ စည်းကမ်းတွေဟာ ဒီဆုတံဆိပ်နဲ့ ထိုက်တန်တယ်လို့ ပြောဆိုခဲ့ပါတယ်။

စီရော်နယ်ဒိုကလည်း ဆုတံဆိပ်ရရှိခဲ့တာအတွက် အလွန်ဂုဏ်ယူကြောင်းနဲ့ ပေါ်တူဂီနိုင်ငံကို နောက်ထပ် အဆင့်အမြင့်ဆုံး ကိုယ်စားပြုနိုင်ဖို့ ထပ်မံကြိုးစားအားထုတ်လိုစိတ်တွေ ဖြစ်လာစေတယ်လို့ ပြောဆိုခဲ့ပါတယ်။

အသက် ၂၈ နှစ်ရှိ ရီးယယ်မဒရစ်ရှေ့တန်းကစားသမား စီရော်နယ်ဒိုက ပေါ်တူဂီသမ္မတကို သူ ဒုတိယအကြိမ်မြောက် ရရှိခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ပြသခဲ့ပါတယ်။ အဲ့ဒီဆုကို ပြီးခဲ့တဲ့လကမှ သူ့ရဲ့မွေးရပ်မြေ မာဒီဒါကျွန်းမှာ ဖွင့်လှစ်ခဲ့တဲ့ သူ့ရဲ့ကိုယ်ပိုင်ပြတိုက်မှာ ပြသထားမှာဖြစ်ပါတယ်။

ပေါ်တူဂီသမ္မတဟာ ၂၀၁၃ ခုနှစ်အတွင်း ရီးယယ်မဒရစ်အသင်းအတွက် ၅၉ ဂိုးနဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ၁၀ ဂိုး စုစုပေါင်း ၆၉ ဂိုးသွင်းယူပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလက ဆွီဒင်နိုင်ငံအသင်းကို အနိုင်ယူပြီး ၂၀၁၄ ကမ္ဘာ့ဖလားပွဲခြေစစ်ပွဲ ပေါ်တူဂီအသင်းအောင်နိုင်ရေးမှာ အဓိကစွမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။
DVB Burmese