မြို့ပြရောဂါအတွက် ဆေးခါးကြီးတစ်ခွက်

ပို့စ်တင်ချိန် - 1/09/2014 08:50:00 AM


------------------
ရေးသားသူ- ခန့်ထက်၊ ဇွဲမာန်

ရန်ကုန်မြို့လယ်တွင် လူဦးရေတစ်ရာခန့်ရှိသော လူအုပ်ကြီးက တစ်နေရာအား စိတ်ဝင်တစား ၀ိုင်းအုံကြည့်နေသည်။ ဈေးသည်မဟုတ်၊ မျက်လှည့်ပွဲတစ်ခုမဟုတ်၊ ရန်ပွဲမဟုတ်ပါ။ အဆိုပါလူအုပ်ကြီးထဲတွင် အစိုးရအာဏာပိုင်များ၊ ယာဉ်ထိန်းရဲများနှင့် စည်ပင်သာယာရေးဝန်ထမ်းများလည်း ပါဝင်သည်။

၂၀၁၃ နိုဝင်ဘာ ဒုတိယပတ်က လှည်းတန်းစိန်ဂေဟာရှေ့တွင် စည်းကမ်းမဲ့ရပ်နားထားသော လိုက်ထရပ်ယာဉ်တစ်စီးအား ယာဉ်ထိန်းရဲတပ်ဖွဲ့က ကရိန်းဖြင့်ဆွဲနေစဉ် လူအများက
ဝိုင်းအုံကြည့်နေခြင်းဖြစ်သည်။ နိုင်ငံတော်၏ ကားအဟောင်းဖျက်သိမ်းရေးအစီအစဉ်အရ ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၉ ရက်မှစ၍ ကားအဟောင်းများဖျက်သိမ်းပြီး ကားအသစ်များကို
တင်သွင်းခွင့်ပြုသည်။ ထို့အပြင် နိုင်ငံသားတိုင်းကို ကားသွင်းခွင့်ပြုခဲ့ရာ ၂၀၁၃ နှစ်ကုန်အရောက်တွင် အစီးရေနှစ်သိန်းခွဲနီးပါး တင်သွင်းခဲ့ပြီးဖြစ်သည်။

ထို့ကြောင့် ရန်ကုန်တွင် တစ်နေ့ထက်တစ်နေ့ ကားအစီးရေများသည်နှင့်အမျှ လမ်းမများတွင် ယာဉ်ကြောပိတ်ဆို့မှုမှာလည်း တစ်နေ့ထက်တစ်နေ့ ဆိုးရွားလာသည်။

အဆိုပါ စိန်ခေါ်မှုကို ရင်ဆိုင်ရန်အတွက် လက်ရှိအစိုးရသစ်လက်ထက်တွင် ယာဉ်ကြောပိတ်ဆို့မှုများသော လမ်းဆုံများတွင် ခုံးကျော်တံတားများ တည်ဆောက်ခြင်း၊ လမ်းချဲ့ထွင်၍ရသော လမ်းများအား ချဲ့ထွင်ခြင်းများကို ပြုလုပ်ခဲ့သည်။

သို့သော် ယာဉ်ကြောပိတ်ဆို့မှုများ လျော့ကျမသွား၍ ယခုနောက်ဆုံးမြို့တွင်း ၆ လမ်းသွား လမ်းမကြီးအပါအ၀င် အဓိကလမ်းမကြီးများ ၃၇ လမ်းကို ၂၀၁၃ နိုဝင်ဘာ ၁၁ ရက်မှစတင်ကာ ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ် ယာဉ်မရပ်ရဇုန်များအဖြစ် တရားဝင်သတ်မှတ်ခဲ့ပြီး ယာဉ်ရပ်နားပါကဖမ်းဆီးခဲ့သည်။

မြို့တွင်းရှိ ကျန်ရှိသောလမ်းမကြီး ၂၀ အား ဒီဇင်ဘာ ၁၂ ရက်က ထပ်မံ၍ ယာဉ်မရပ်ရလမ်းများအဖြစ် သတ်မှတ်ခဲ့သည်။

ထို့အပြင် မကြာမီ စည်ပင်သာယာနယ်နမိတ်အတွင်းရှိ ၃၃ မြို့နယ်အတွင်းရှိ လမ်းမကြီးများကို ယာဉ်မရပ်ရဇုန်အဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း ကြေညာထားသည်။

“ကားဖမ်းတာ ရပ်ကွက်ထဲ အနုကြမ်းဝင်စီးသလိုပဲ။ လမ်းပိတ်မှာစိုးလို့ ကရိန်းနဲ့ဖမ်းတာတဲ့။ ကရိန်းပေါ်တင်တာကို ၀ိုင်းအုံကြည့်တဲ့လူတွေကြောင့် နာရီဝက်ကျော်လောက် ကားပိတ်သွားတယ်”ဟု ကမာရွတ်မြို့နယ်အတွင်း စည်းကမ်းမဲ့ရပ်နားထားသောယာဉ်ကို ပထမဆုံးအကြိမ်ဖမ်းယူစဉ် ကြည့်နေသူတစ်ဦးကပြောသည်။

ဖမ်းဆီးအရေးယူရာတွင် စည်းကမ်းမဲ့ရပ်နားထားသောယာဉ်များ ချလန်ဖြတ်အရေးယူသည့်စနစ်သာမက လက်ရှိနိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသော ယာဉ်ကို ကရိန်းဖြင့် ဆွဲယူသယ်ဆောင်သွားသည့်စနစ်ကိုပါ စတင်ကျင့်သုံးသည်။

ကရိန်းဖြင့် ဆွဲယူဖမ်းဆီးခြင်းခံခဲ့ရသော ကမာရွတ်မြို့နယ်မှ ယာဉ်ပိုင်ရှင်တစ်ဦးက “အစ်ကိုတို့က စည်းကမ်းမလိုက်နာချင်လို့ မဟုတ်ပါဘူး။ စည်းကမ်းလိုက်နာလို့မရတာပါ။ ကားကို ကိုယ့်တိုက်အောက်မှာမှမရပ်ရင် ရပ်စရာမရှိတော့ဘူး။ ဖမ်းတဲ့သူတွေကလည်း တာဝန်အရဖမ်းရတယ်ဆိုတာ နားလည်ပါတယ်။ ဒီတော့ ရပ်စရာမရှိလို့ ရပ်မိတဲ့သူက အပြစ်လား၊ တာဝန်အရ ဖမ်းတဲ့သူကအပြစ်လား၊ မပြောတတ်တော့ဘူး”ဟု သူ၏ခံစားချက်ကိုပြောသည်။

ယာဉ်မရပ်ရဇုန်များ သတ်မှတ်ဖမ်းဆီးခြင်းကို ရန်ကုန်မြို့နေ မော်တော်ယာဉ်သုံးစွဲသူများက ဝေဖန်မှုများရှိသည်။ သို့သော်လည်း ယင်းစနစ်သည် လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ခန့်က ရှိရင်းစွဲမြို့တော်စည်ပင်သာယာရေးဥပဒေတွင် ပါဝင်သည်ဟုဆိုသည်။

“စည်ပင်သာယာနယ်နမိတ်ထဲမှာ ယာဉ်မရပ်ရဘူးဆိုတာ ခုမှထပြီး သတ်မှတ်လိုက်တာမဟုတ်ပါဘူး။ အရင်ကတည်းကရှိပြီးသား ဥပဒေဖြစ်တဲ့အတွက် ကျန်ရှိနေတဲ့လမ်းတွေကို အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ တစ်ဆင့်ချင်းပိတ်ပင်သွားမှာပါ”ဟု မြို့တော်စည်ပင်လမ်း၊ တံတားဌာနမှ အင်ဂျင်နီယာတစ်ဦးကဆိုသည်။

ဖြေလျှော့ပေးသည့်အနေဖြင့် ယခင်က အရေးယူဆောင်ရွက်ခြင်းမပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန်တွင် မြို့တော်လိုအပ်ချက်အရ ဥပဒေအား ပြန်လည်အသက်သွင်းရခြင်းဖြစ်ကြောင်း မြို့တော်စည်ပင်မှ အရာရှိတစ်ဦးကပြောသည်။ စည်ပင်မှ ပြန်လည်အသက်သွင်းခဲ့သော ယာဉ်မရပ်ရစနစ်ကို ရှစ်လခန့်အလိုတွင် ယာဉ်ပိုင်ရှင်များအား အသိပေးခဲ့သော်လည်း ယာဉ်ပိုင်ရှင်များမှာ မြို့တွင်းကားရပ်နားရာ မြေနေရာမလုံလောက်ခြင်း၊ အသိပေးချက်များကို သေချာစွာနားမလည်ခြင်းတို့ကြောင့် အဖမ်းခံရသူများသည်။ နှစ်လအတွင်း ယာဉ်အစီးရေ ၁၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။

စည်းကမ်းမဲ့ ရပ်နားယာဉ် များကို ဖမ်းဆီးသည့်အချိန်၌သာ ယာဉ်ကြောရှင်းသွားပြီးဖမ်းဆီး ရေးအဖွဲ့မရှိပါက စည်းကမ်းမဲ့ ယာဉ်များသည် ရပ်မြဲအတိုင်းရပ် သည်ဟု အင်းစိန်မှ ဆူလေးသို့ ပြေးဆွဲသော ယာဉ်တစ်လိုင်းမှ ယာဉ်မောင်းတစ်ဦးကပြောသည်။

သို့သော် အဆိုပါစနစ်မှာ ယာဉ်ကြောပိတ်ဆို့မှုကို အမှန်တကယ်လျော့ကျစေမည်လောဟူသည့်အချက်ကို သက်ဆိုင်ရာအဖွဲ့အစည်းများ ခေါင်းချင်းရိုက်ကာ အဖြေရှာနေကြချိန်တွင် အမှန်တကယ်ဖမ်းဆီးမှုပြုလုပ်နေရသော အောက်ခြေ၀န်ထမ်းများ၊ စည်ပင်၊ ယာဉ်ထိန်းရဲတို့မှာ အခက်အခဲပေါင်းစုံနှင့် ရင်ဆိုင်နေကြရသည်။

“အကျိုးအမြတ်အတွက် လုပ်နေရတာမဟုတ်ပါဘူး။ တာဝန်အရ လူမုန်းခံပြီးလုပ်နေရတာပါ။ တစ်ခါတလေ လူတွေဝိုင်းအုံလာပြီး ပြောဆိုတာတွေ၊ ကိုယ်ထိလက်ရောက်မဟုတ်ပေမယ့် စကားလုံးတွေနဲ့ စော်ကားတာတွေကိုလည်း သည်းခံရတယ်”ဟု ယာဉ်ထိန်းတပ်သားတစ်ဦးက သူ၏အတွေ့အကြုံကိုပြောသည်။

ဖမ်းဆီးခံရသူများအနက် အချို့သည် အစိုးရအာဏာပိုင်အဖွဲ့အစည်း၏နာမည်ကိုသုံးပြီး အရေးမယူရန် ဖိအားပေးမှုများလည်းရှိနေသည်။

ဖမ်းဆီးအရေးယူခဲ့မှုများတွင် အရာရှိအချို့၏ မော်တော်ယာဉ်များ ပါဝင်နေခြင်းတို့ကလည်း စည်းကမ်းမဲ့ရပ်နားထားသော ယာဉ်ဟူသမျှ ဖမ်းဆီးခွင့်ရှိသည့် စည်းမျဉ်းစည်းကမ်းများကို အလိုအလျောက် မသိကျိုးကျွံပြုထားလိုက်ရသည့် အခြေအနေများစွာရှိကြောင်း ဖမ်းဆီးရာတွင် ပါဝင်ဆောင်ရွက်နေရသူအချို့ကပြောသည်။

“အချို့ကပြောပါလိမ့်မယ်။ ကားရွေးဖမ်းတယ်တို့၊ ဖမ်းပြီးသားကားကို လူရောက်လာတော့ ပြန်လွှတ်ပေးတယ်တို့ဆိုတာ။ ရွေးဖမ်းတယ်ဆိုတာက အားလုံးကိုမဖမ်းနိုင်တဲ့အတွက် စံပြအနေနဲ့ဖမ်းတာပါ။ လူကြီးကားမို့လို့ မဖမ်းတာလည်းမဟုတ်ပါဘူး။ ဘယ်ကားမဆို စည်းကမ်းမဲ့ရပ်ရင် ဖမ်းပါတယ်”ဟု ဖမ်းဆီးထိန်းသိမ်းရေးအဖွဲ့(၁)တွင် ပါဝင်သူတစ်ဦးကပြောသည်။

ဖမ်းဆီးခံရသော ကားပိုင်ရှင်များအနေနှင့်လည်း မသက်သာလှပေ။ မိမိယာဉ်အား ကရိန်းဖြင့်ဆွဲယူဖမ်းဆီးခံရပါက ကရိန်းဆွဲခ ကျပ်ငါးသောင်းအပြင် ဒဏ်ငွေ အနည်းဆုံးကျပ်တစ်သိန်းမှ ငါးသိန်းအထိ ပေးဆောင်ရသည်။

ထို့အပြင် ယာဉ်ကို ချက်ချင်းဒဏ်ငွေဆောင်ကာ မရွေးနိုင်ပါက တစ်နေ့လျှင် ကျပ်သုံးထောင်နှုန်းဖြင့် နေ့စဉ်ဒဏ်ငွေပေးဆောင်ရမည်ဖြစ်သည်။

ထို့အပြင် စည်းကမ်းမဲ့ရပ်နားသော ယာဉ်များဖမ်းဆီးအရေးယူရာတွင် နောက်ဆက်တွဲအနေဖြင့် လိုင်စင်မဲ့မော်တော်ကားများပါ ဖမ်းဆီးရမိသည်များလည်း ရှိသည်။

“ငါးစီးမှာတစ်စီးလောက်က လိုင်စင်မဲ့ဖြစ်နေတယ်။ လိုင်စင်မဲ့ယာဉ်ဖြစ်တဲ့အတွက် ဖမ်းခံရတဲ့ယာဉ်ပိုင်ရှင်တွေကလည်း လာမရွေးကြတော့ဘူး။ အဆုံးခံလိုက်ကြတယ်”ဟု ဖမ်းဆီးရေးအဖွဲ့ဝင်ပါဝင်သည့် ယာဉ်ထိန်းရဲတပ်သားတစ်ဦးကပြောသည်။

လက်ရှိ ဇန်န၀ါရီလဆန်းပိုင်းအထိ ကရိန်းဖြင့်တင်ဆောင်ကာ ဖမ်းဆီးအရေးယူခဲ့ရသော ယာဉ်အစီးရေ ၁၂၀၀ ကျော်အနက် အရေအတွက်သုံးရာကျော်မှာ လိုင်စင်မဲ့မော်တော်ကားများ ပါဝင်နေသည်။ ထိုကဲ့သို့ အရေးယူဆောင်ရွက်မှုများသည် နိုင်ငံတကာတွင်လည်း ကျင့်သုံးသော ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းသောနည်းလမ်းတစ်ခုဖြစ်ပြီး ရန်ကုန်မြို့၌လည်း ယင်းစနစ်ကျင့်သုံးခြင်းသည် လုပ်ဆောင်သင့်သောနည်းလမ်းဖြစ်ကြောင်း မြို့ပြရေးရာကျွမ်းကျင်သူ ဦးအောင်မြင့်ကပြောသည်။

ကားမရပ်ရဇုန်များတွင် ကားရပ်သောကြောင့် အရေးယူမှုစနစ်ကို ကျင့်သုံးလာသောအခါ ကားရပ်ရန်နေရာမရှိသော တိုက်ခန်းနေ ကားပိုင်ရှင်များအတွက် မည်သည့်နေရာတွင် ကားရပ်ရမည်လဲဟူသောမေးခွန်းသည် ပေါ်လာသည်။

“တက္ကစီကို တိုက်အောက်မှာ ညသိပ်ထားတာ ကရိန်းနဲ့ဆွဲခံလိုက်ရတယ်။ ကားပြန်ထုတ်တာနဲ့ ဘာနဲ့ တစ်သိန်နီးပါးလောက် ကုန်သွားတယ်။ မရှိလို့ တက္ကစီမောင်းစားတာပါ။ အဲချိန်ကစပြီး ကားကိုဘယ်ချိန်လာဖမ်းမလဲ အမြဲကြည့်နေရတယ်”ဟု တက္ကစီယာဉ်မောင်း ကိုအေးဝင်းကပြောသည်။ ထို့အပြင် စည်းကမ်းမဲ့ကားများကို ဖမ်းဆီးအရေးယူခြင်းသာမက ကားလမ်းနံဘေးရှိ ပလက်ဖောင်းဈေးသည်များကိုလည်း စနစ်တကျရှင်းလင်းရန်လိုသည်။ ထို့ကြောင့် ကားများအတွက် ရပ်နားရာနေရာများ ဖန်တီးပေးရန် လိုအပ်လာသောအချက်ကိုလည်း မြို့ပြရေးရာကျွမ်းကျင်ပညာရှင်များက ထောက်ပြပြောသည်။

အစိုးရက ကားရပ်နားဝင်းများ တည်ဆောက်ပေးရန်နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များက မိမိတို့ပိုင်မြေနေရာများတွင် အထပ်မြင့်ကားရပ်နားရာနေရာများ တည်ဆောက်ရန်လိုအပ်ကြောင်း ပညာရှင်ဦးအောင်မြင့်ကပြောသည်။

ရန်ကုန်မြို့တော်ဝန်ဦးလှမြင့်က ဒီဇင်ဘာ ၉ ရက်က ပြုလုပ်သော တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကမာရွတ်မြို့နယ်၊ မြောက်ဥက္ကလာမြို့နယ်တို့တွင် အထပ်မြင့်ကားရပ်နားရန်နေရာများ တည်ဆောက်ရန် မြေနေရာများ ရွေးချယ်ထားသည်ဟုဆိုသည်။

ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းရန်အတွက် ခုံးကျော်တံတားများဆောက်နေရုံ၊ လမ်းများကိုချဲ့ထွင်ရုံ၊ စည်းကမ်းမဲ့ရပ်နားယာဉ်များကို ဖမ်းဆီးနေရုံနှင့်မပြီးဘဲ တိကျသေချာသော အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်၊ မြေယာနှင့်အသုံးချရေးစနစ်ကို ပီပြင်အောင်ဆောင်ရွက်ရန်လိုအပ်ကြောင်း မြို့ပြစီမံကိန်းဆိုင်ရာကျွမ်းကျင်သူ ဦးဝင်းမြင့်ကထောက်ပြပြောသည်။

“ဒါဟာ ရောဂါကိုဆေးမြီးတိုနဲ့ ကုတဲ့သဘောပဲ”ဟု ဦးဝင်းမြင့်ကဆိုသည်။

ယာဉ်မရပ်ရလမ်းများတွင် စည်းကမ်းမဲ့ရပ်နားယာဉ်များကို ဖမ်းဆီးခြင်းသည် ကောင်းမွန်သောစနစ်ဖြစ်သော်လည်း ထိရောက်သေချာစွာ လုပ်ဆောင်သင့်ကြောင်း ၎င်းကပြောသည်။

“သူတို့က ဖမ်းချင်တဲ့အချိန်ကြတော့ ဖမ်းတယ်။ မဖမ်းချင်ရင် မဖမ်းဘူး။ ဘယ်လိုတွေဖမ်းနေမှန်းကိုမသိဘူး။ တစ်နေရာတည်းမှာ အချိန်ပြည့်စောင့်ပြီး ဖမ်းနေရမယ်”ဟု မရမ်းကုန်းမြို့နယ်နေ အငှားယာဉ်မောင်းသမားတစ်ဦးက ဖမ်းဆီးအရေးယူသည့် အစီအစဉ်အပေါ် ဝေဖန်သည်။

အမှန်တကယ်ဖမ်းမည်ဆိုပါက ယခင်ဟံသာဝတီကားပွဲစားတန်း(ကျွန်းတောလမ်း)တစ်လျှောက်တွင် ရပ်ထားသောကားများကို အချိန်ပြည့်စောင့်ကြည့် ဖမ်းဆီးအရေးယူသင့်ကြောင်း ၎င်းကထောက်ပြသည်။

အဆိုပါစနစ်အောင်မြင်ရန်အတွက် ဦးအောင်မြင့်က အောက်ပါအတိုင်းအကြံပြုသည်။

“ဒီလိုဖမ်းဆီးအရေးယူမှုကိုတော့ တစ်ပြေးညီလုပ်ဆောင်ဖို့တော့ လိုအပ်တယ်”

ဓာတ်ပုံ- နစ်ကီ
7 Day News Journal