ထားဝယ် အဝေးပြေး ယာဉ်လိုင်းများကို ဖေဖော်ဝါရီ ၁ တွင် စတင်စစ်ဆေးမည်

ပို့စ်တင်ချိန် - 1/27/2014 08:11:00 PM


ထားဝယ်၊ ဇန်နဝါရီ ၂၆

သတ်မှတ် စည်းကမ်းချက်များနှင့် ညီညွတ်မှု မရှိသော အဝေးပြေး ခရီးသည် ပို့ဆောင်ရေး ယာဉ်လိုင်းများမှ မော်တော်ယာဉ်များကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှ၍ ထားဝယ် အဝေးပြေး ကားဝင်းတွင် စတင်စစ်ဆေးသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး ပို့ဆောင်ရေး စီမံကိန်း ဦးစီးဌာနထံမှ သိရှိရသည်။

ထားဝယ်မြို့မှ မြိတ်၊ မော်လမြိုင်နှင့် ရန်ကုန်မြို့များသို့ ပြေးဆွဲလျက် ရှိသော မော်တော်ယာဉ်များသည် ယာဉ်ကြံ့ခိုင်မှု အားနည်းခြင်း၊ ယာဉ်မောင်းများ၏ ကျွမ်းကျင်မှုများ လိုအပ်ခြင်းနှင့် မော်တော်ယာဉ် များအတွက် ပြဋ္ဌာန်းထားသော စည်းမျဉ်း စည်းကမ်းများ လိုက်နာမှု အားနည်းနေခြင်းတို့ကို တွေ့ရှိရသဖြင့် စနစ်တကျ စစ်ဆေးကြပ်မတ်ရန် တိုင်းဒေသကြီး ပို့ဆောင်ရေး စီမံကိန်း ဦးစီးဌာနမှ ခရိုင်မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်း ကြီးကြပ်ရေး အဖွဲ့ထံသို့ ညွှန်ကြားထားကြောင်း ဇန်နဝါရီလ ၂၄ ရက်နေ့ ရက်စွဲပါ ယင်းညွှန်ကြားချက်စာအရ သိရသည်။
“ယာဉ်မတော်တဆမှုတွေ များလာတဲ့အတွက် အခုလို ကြပ်မတ်စစ်ဆေးဖို့ ဆောင်ရွက်တာပါ” ဟု ပို့ဆောင်ရေး စီမံကိန်း ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်ငြိမ်းက ပြောကြားသည်။

က.ည.န ၏ ယာဉ်မှတ်ပုံတင် သက်တမ်းပြည့်စုံ မှန်ကန်မှု ရှိ/မရှိ၊ ပို့/ဆက်၏ လုပ်ငန်းလိုင်စင် သက်တမ်းပြည့်စုံ မှန်ကန်မှု ရှိ/မရှိ၊ ယာဉ်မောင်းနှင့် စပယ်ယာ လိုင်စင်သက်တမ်း ပြည့်စုံ မှန်ကန်မှု ရှိ/မရှိ၊ အဝေးပြေး ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်များအတွက် ယာဉ်မောင်း နှစ်ဦးနှင့် စပယ်ယာတစ်ဦး ရှိ/မရှိ၊ သတ်မှတ် ခရီးစဉ်အတိုင်း ပြေးဆွဲမှု ရ/မရှိ၊ ခွင့်ပြုလုပ်ငန်း အမျိုးအစား မှန်/မမှန် စသည့် အချက်များကို ထားဝယ် အဝေးပြေး ကားကွင်းမှယာဉ်များ မထွက်ခွာမီ ပို့ဆက်၊ က.ည.န၊ ရဲတပ်ဖွဲ့၊ ခရိုင်မ.ထ.သ၊ မြို့နယ် မ.ထ.သ နှင့် ယာဉ်လိုင်း တာဝန်ခံများ ပါဝင်သည့်အဖွဲ့မှ စစ်ဆေးသွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေး စီမံကိန်း ဦးစီးဌာနထံမှ သိရသည်။

စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များကို ငွေဒဏ် ၅၀၀၀ ကျပ်မှ ၃၀၀၀၀ ကျပ်အထိ ချမှတ်မည်ဖြစ်ပြီး စည်းကမ်း ဖောက်ဖျက်မှု များပြားလာပါက ယာယီ သို့မဟုတ် အမြဲတမ်း လုပ်ငန်းလိုင်စင်များ ပိတ်သိမ်းခြင်းတို့ဖြင့် အရေးယူမည် ဖြစ်ကြောင်း၊ ယာယီ သို့မဟုတ် အမြဲတမ်း ယာဉ်လိုင်း ပိတ်သိမ်းခြင်းများကို ပို့ဆောင်ရေး စီမံကိန်း ဦးစီးဌာန၏ ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများ၊ အမိန့် ညွှန်ကြားချက်များဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးဇော်ငြိမ်းက ပြောကြားသည်။

“စည်းကမ်း မလိုက်နာတဲ့ ယာဉ်လိုင်းတွေ အများကြီးပါ။ စည်းကမ်း ဖောက်ဖျက်ရင် တိတိကျကျ ထိထိရောက်ရောက် အရေးယူဖို့ လိုတယ်” ဟု ထားဝယ် အခြေစိုက် ယာဉ်လိုင်းတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အချိန် ကြာလာသည့်အခါ စစ်ဆေး အရေးယူမည့်ကိစ္စ ပျောက်ပျက် သွားခြင်းမျိုး မဖြစ်ရန် လိုအပ်ပြီး ပိတ်သိမ်းရန် လိုအပ်သည့် ယာဉ်လိုင်းများအား ပိတ်သိမ်းရန် လိုကြောင်း ၎င်းကထောက်ပြသည်။

ထားဝယ်တွင် ခရီးသည် ပို့ဆောင်ရေး မော်တော်ယာဉ်လိုင်းများ များပြားလာပြီး ခရီးသည်ရရှိမှု လျော့နည်းလာခြင်းနှင့် ယာဉ်မောင်းတစ်ဦး၏ လစာ ထပ်မံပေးရန် အဆင်မပြေခြင်း တို့ကြောင့် အထက်ပါ စည်းကမ်းချက်များတွင် ယာဉ်မောင်းနှစ်ဦး ထားရှိရမည် ဟူသောအချက်ကို ယာဉ်အများစု လိုက်နာနိင်လိမ့်မည် မဟုတ်ကြောင်း ယာဉ်လိုင်းတစ်ခုမှ တာဝန်ရှိသူက မှတ်ချက်ပြုသည်။

၂၀၁၂ ဒီဇင်ဘာလမှ ၂၀၁၃ မတ်လအထိ ယခုကဲ့သို့ စစ်ဆေးမှုများ ရှိခဲ့ဖူးသော်လည်း အရေးယူမှု အပိုင်းတွင် အားနည်းခဲ့ကြောင်း ယာဉ်လိုင်း အသိုင်းအဝိုင်းထံမှ သိရသည်။

(Dawei Watch)
The Voice Weekly Myanmar