ရပ်ရွာအောက်ခြေအဆင့်ကနေ မြှင့်တင်ပြောင်းလဲရမယ့် မြန်မာ့ဘောလုံးဖွံ့ဖြိုးရေး

ပို့စ်တင်ချိန် - 1/01/2014 07:00:00 PM


ဆီးဂိမ်းပြိုင်ပွဲမှာ ယူ ၂၃ အသင်းရဲ့ သမိုင်းဝင်ကျရှုံးမှုနဲ့အတူ မြန်မာ့ဘောလုံးလောက ပြုပြင်ပြောင်းလဲ ရေး၊ ရှင်းလင်းသန့်စင်ရေးအသံတွေ မီဒီယာစာမျက်နှာ နဲ့ လူမှုကွန်ရက်တွေမှာသောသောညံအောင် ထွက်ပေါ်လာခဲ့ပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းတွေ နိုင်ငံတကာပြိုင်ပွဲတွေ ၀င်ရောက်ယှဉ်ပြိုင်တဲ့ အခါ မအောင်မမြင်ဖြစ်လာတဲ့အခါတိုင်း မြန်မာ့ဘောလုံးလောကရဲ့ တစ်ပွဲတိုးအစီအမံနဲ့ ရေတိုကုထုံး တွေကို ပြောခဲ့ရေးခဲ့ပေမယ့် ထိရောက်တဲ့ ပြောင်းလဲမှုကို မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ ဒါကြောင့် မြန်မာ့ လက်ရွေးစင်အသင်းတွေ နိုင်ငံတကာပြိုင်ပွဲတွေမှာ အောင်မြင်မှုရဖို့ ရုန်းကန်နေခဲ့ရပြီး ဘောလုံးအဆင့် အတန်းက တဖြည်းဖြည်း ကျဆင်းလာနေတာကို လယ်ပြင်မှာ ဆင်သွားသလို ရှင်းရှင်းလင်းလင်း မြင်နေရပြီ ဖြစ်ပါတယ်။

မြန်မာ့ဘောလုံးလောက ဖွံ့ဖြိုးရေး ရည်ရွယ်ချက်နဲ့ ၂၀၀၉ ခုနှစ်မှာ မြန်မာနေရှင်နယ်လိဂ်ကို ကျင်းပနိုင် ခဲ့ပေမယ့် ရေရာသေချာတဲ့ အနေအထားတစ်ခုကို ရောက်မလာသေးဘဲ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ် တည်နိုင်ဖို့တောင် မနည်းရုန်းကန်နေရတဲ့အတွက် ဘောလုံးဖွံ့ဖြိုးရေးမှာ ပင်မလုပ်ငန်းဖြစ်တဲ့ လူငယ် စီမံကိန်းတွေတောင် အားစိုက်မလုပ်နိုင်သေးပါဘူး။ ဒီအခြေအနေမှာ မြန်မာ့ဘောလုံးလောက တိုးတက် ဖို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) တစ်ခုတည်းအပေါ်မှာ ပုံကျလာပါတယ်။ ဒီလိုသာ မြန်မာ့ဘော လုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တစ်ခုတည်းသာ ဆောင်ရွက်ရမယ်ဆိုရင် အနောက်အရပ်က နေထွက်ရင်တောင် အောင်မြင်ဖို့ မလွယ်ကူပါဘူး။

ဒါပေမဲ့ တချို့အပိုင်းတွေမှာတော့ တိုးတက်မှုရှိတဲ့အရိပ်လက္ခဏာတွေရှိလာတာလည်း မငြင်းနိုင်ပါဘူး။ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက အာရှဘောလုံးအဖွဲ့ချုပ် (AFC) ကပေးအပ်တဲ့ လူမှုထူးချွန်ဆု (Asia Dream Award) ကို အာရှဘောလုံး အင်အားကြီးနိုင်ငံတွေကိုကျော်ပြီး ရရှိခဲ့တာတွေ့ရပါတယ်။ ယနေ့ ခေတ် အားကစားဟာ အားကစားသက်သက်မျှသာ မဟုတ်တော့ဘဲ မိမိနေထိုင်ရာရပ်ရွာလူထုကို အ ကောင်းဆုံး ပေးဆပ်နိုင်ဖို့ အယူအဆသစ်တွေ ပြောင်းလဲလာပါတယ်။ အထူးသဖြင့် ကလေးသူငယ်နဲ့ မိန်းကလေးများ လုံခြုံဘေးကင်းရေး၊ ကျန်းမာရေး၊ ပညာရေးစတဲ့ ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်လာ တာကို တွေ့မြင်လာရပါတယ်။ ဒါဟာ အားကစားကဏ္ဍကနေ လူထုအတွက် ပြန်လည်တုံ့ပြန်ပေးလာ တဲ့ လူမှုရေးတာဝန်ယူမှု (Social Responsibilites) တစ်ရပ်ပါပဲ။

ဒါကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ ၁၉၇၂ ခုနှစ် မြူးနစ်အိုလံပစ်ပြိုင်ပွဲမှာ အသန့်ရှင်းဆုံး (Fair Play Award) ဆုကို ရရှိခဲ့ပြီးနောက်ပိုင်း နှစ်ပေါင်း ၄၀ ကျော်အကြာမှာ ပြန်လည်ရရှိခဲ့တဲ့ နိုင်ငံတကာ ဆုတစ်ခုဖြစ်ပါတယ်။ ဒါအပြင်ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ကပေးအပ်တဲ့ ဂိုးပရောဂျက်အစီအစဉ် တွေကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်တဲ့အတွက် ထပ်မံပေးအပ်တဲ့ FIFA 11 for Health အစီအစဉ်ကိုလည်း ရရှိခဲ့ပါတယ်။ ဒီအစီအစဉ်ဟာ အာရှတိုက်နိုင်ငံတွေထဲမှာ ပထမဆုံးရရှိတဲ့အဖွဲ့ အဖြစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချူပ်က မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒီလို ဖီဖာကျန်းမာရေးအတွက် ၁၁ ဆိုတဲ့အစီအစဉ်မှာ ကလေးသူငယ်များအတွက် ကျန်းမာရေး၊ မူးယစ် ဆေးဝါး၊ လိင်အပျော်အပါးနဲ့ အရက်သေစာသုံးစွဲမှုကနေ ကာကွယ်တားဆီးရေး၊ HIV၊ AIDS ကာကွယ် ရေး၊ အမျိုးသမီးများကို အကာအကွယ်ပေးရေး၊ တစ်ကိုယ်ရေသန့်ရှင်းမှု၊ ရေကောင်းရေသန့် ရရှိနိုင်မှု၊ ကျန်းမာစွာ ပြုမှုနေထိုင်တတ်ရေး၊ ပူးပေါင်းဆောင်ရွက်တတ်မှု အလေ့အထကောင်းနဲ့ မိသားစုဘ၀တန် ဖိုး၊ သန့်ရှင်းမျှတစွာ ဘောလုံးကစားတတ်ရေးစတဲ့ ကဏ္ဍတွေမှာ ဆောင်ရွက်ပေးဖို့ ပါဝင်ပါတယ်။ ဒါကြောင့် ဒီအစီအစဉ်ဟာ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအတွက် ဘောလုံးအားကစားကနေရရှိ လိုက်တဲ့ အကျိုးအမြတ်တစ်ခုလို့ ဆိုနိုင်ပါတယ်။

ဒါပေမဲ့ ဒီအစီအစဉ်တွေဟာ လူမြင်ကောင်းရုံ၊ ကြည့်ကောင်းရုံသက်သက်ဆိုရင်တော့ လှုမှုပတ်ဝန်းကျင် ဖွံ့ဖြိုးဖို့ မလွယ်ကူပါဘူး။ မြန်မာနိုင်ငံ တစ်နံတစ်လျားမှာ အာဟာရမပြည့်ဝဘဲ ရှင်သန်နေရတဲ့ ကလေး တွေ၊ ပညာသင်ကြားခွင့်မရတဲ့ ကလေးတွေ၊ ဘောလုံးအားကစားကို ၀ါသနာပါပေမယ့် ကစားခွင့်မရတဲ့ ကလေးတွေ၊ ကြက်တူရွေးပညာရေးစနစ်အောက်မှာ ခေါင်းမဖော်နိုင်အောင် သင်ခန်းစာတွေကို အာဂုံ ဆောင်နေရတဲ့ ကျောင်းသားက လေးငယ်တွေ အများအပြားရှိနေပါတယ်။ ဒါပြင် ရပ်ကွက်မြို့နယ်နဲ့ အခြေခံပညာသင် ကျောင်းတွေမှာ စုံးစုံးမြုပ်နေတဲ့ အားကစားကွင်းတွေ၊ ကိုယ်လက်ကြံ့ခိုင်ရေး အတွက် တောင် နည်းပြကောင်းမရှိတဲ့ အခြေအနေတွေက မြန်မာ့ဘောလုံးလောကနဲ့ မြန်မာ့အားကစားအတွက် ကြီးမားတဲ့ အဟန့်အတားတစ်ခု ဖြစ်လို့နေပါတယ်။

ဒီလို မြားမြောင်လှတဲ့ အခက်အခဲတွေကို မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်တစ်ခုတည်းရဲ့အားနဲ့ ဖြေရှင်းဖို့ ဆိုရင် အလှမ်းဝေးတဲ့ခရီးတစ်ခု ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် တိုင်းပြည်ရဲ့ပညာရေး၊ ကျန်းမာရေးအဖွဲ့ အစည်းတွေ၊ လူမှုပရဟိတအဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်မှသာ ပိုမိုထိရောက်အောင်မြင်နိုင်မှာပါ။ ဒါ့ အပြင် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတွေ ၀ိုင်းဝန်းကူညီနိုင်မယ်ဆို ရင် ခရီးတွင်ကျယ်နိုင်မယ်လို့ ယူဆမိပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်း ၆ ရက်က မြန်မာနိုင်ငံ ဘောလုံးအဖွဲ့အချုပ်ရဲ့ အခက်အခဲ၊ ဘောလုံးအားက စား ၀ါသနာရှင်လူငယ်တွေအတွက် အခွင့်အလမ်းတွေ ဖော်ဆောင်ပေးမယ့် အစီအစဉ်တစ်ခုကို ကြား သိခဲ့ရပါတယ်။ ဒီဆောင်းပါးကို ထိုစဉ်ကတည်းကရေးဖို့ ရည်ရွယ်ခဲ့ပေမယ့် ဆီးဂိမ်းပြိုင်ပွဲကြောင့်မရေး ဖြစ်ခဲ့ဘဲ ယခုမှရေးဖြစ်တာကို ၀န်ခံရမှာပါ။ အချိန်အနည်းငယ် ကြာမြင့်သွားပေမယ့် ရေးသင့်တဲ့ အ ကြောင်းအရာတစ်ခုအဖြစ် ယူဆမိတာကြောင့် ရေးသားလိုက်ရပါတယ်။

မြန်မာ့ဘောလုံး ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်တဲ့ အစီအစဉ်တစ်ခု က အင်္ဂလန်ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်နဲ့ ဗြိတိသျှကောင်ဆယ်တို့ ပူးပေါင်းစီစဉ်တဲ့ ပရီးမီးယား ကျွမ်းကျင်မှုများ (Premier Skills) အစီအစဉ် ဖြစ်ပါတယ်။ ကမ္ဘာကျော် ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ မြန်မာ ဘောလုံးပရိသတ်တွေ ရင်းနှီးကျွမ်းဝင်မှုရှိတဲ့ လိဂ်တစ်ခုပါ။ ထို့အတူ မြန်မာလူကြီးလူငယ်တွေလည်း ဘောလုံးအားကစားကို ခုံမင်နှစ်သက်ကြပါတယ်။ ဒီအထဲမှာ ဘောလုံးအားကစားနဲ့ မိမိနေထိုင်ရာရပ်ရွာ အပေါ်၊ လူထုနဲ့ ပတ်ဝန်းကျင်အပေါ် ပူးပေါင်းဆောင်ရွက်လိုတဲ့ လူငယ်တွေအတွက်အခွင့်အရေးကောင်း တစ်ခုအဖြစ် မိတ်ဆက်လာခြင်း ဖြစ်ပါတယ်။

ဒါဟာ ဘောလုံးအားကစားကို လူထုလှုပ်ရှားမှုအသွင်သဏ္ဍာန်နဲ့ ရပ်ရွာအကျိုး ပြုလုပ်ငန်းတွေကို ဆောင် ရွက်နိုင်မယ့် နည်းလမ်းတစ်ခုအဖြစ် ယူဆနိုင်ပါတယ်။ ပရီးမီးယားကျွမ်းကျင်မှု အစီအစဉ်ဟာ ဘောလုံး ဖွံ့ဖြိုးရေးမှာအရေးပါတဲ့ နည်းပြ (Coach) နဲ့ ဒိုင်လူကြီးကောင်းတွေ (Referee) ထွက်ပေါ်လာဖို့ မြေ တောင်မြှောက်ပေးမယ့်အစီအစဉ်ပါ။ ဒီအစီအစဉ်ကို ရပ်ကွက်နဲ့ ကျေးရွာအောက်ခြေအဆင့် လူထု အတွင်းမှာ အဓိကထားဆောင်ရွက်မယ့် အစီအစဉ်လည်း ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ဘောလုံး အားကစားနဲ့ မိမိပတ်ဝန်းကျင်ကို အကျိုးပြုဖို့နဲ့ဝေမျှဖို့ ဖြစ်ပါတယ်။ အထူးသဖြင့် ကျန်းမာရေး၊ လှုမှုရေး မသန်မစွမ်းမှု၊ ကျား/မ အခန်းကဏ္ဍ၊ ပူးပေါင်းဆောင်ရွက်မှု အလေ့အထကောင်းတွေရရှိဖို့ စီစဉ်ထားခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ပရီးမီးယားကျွမ်းကျင်မှုများ (Premier Skills) အစီအစဉ်ကို ၂၀၀၇ ခုနှစ်မှာ စတင်ခဲ့ပြီး ကမ္ဘာနိုင်ငံပေါင်း ၂၇ နိုင်ငံမှာ ဆောင်ရွက်ခဲ့ပြီးကြောင်းလည်း သိရပါတယ်။ ၂၀၁၃ - ၂၀၁၄ ခုနှစ် အစီအစဉ်အတွက် မြန်မာနိုင်ငံအပါအ၀င် နိုင်ငံရှစ်နိုင်ငံမှာပြုလုပ်ဖို့ လျာထားထားတယ်လို့ ဆိုပါတယ်။ ဒီအစီအစဉ်မှာပါဝင် လိုသူဟာ ဘောလုံးအားကစားကဏ္ဍကနေ မိမိနေထိုင်ရာ ရပ်ရွာအဖွဲ့အစည်းကို တိုးတက်အောင်ပြု လုပ်ပေးလိုတဲ့ စိတ်အားထက်သန်သူမည်သူမဆို ပါဝင်ခွင့်ရမှာ ဖြစ်ပါတယ်။ အစီအစဉ်ကို နည်းပြ အတွက် အဆင့်သုံးဆင့်ပိုင်းခြားသတ်မှတ်ထားပြီး ဒိုင်လူကြီးအတွက် အဆင့် (၂) သတ်မှတ်ထားတာ တွေ့ရပါတယ်။

နည်းပြသင်တန်းအတွက် ပထမအဆင့်မှာ သင်တန်းသား ၄၈ ဦးကို ခုနစ်ရက် ပို့ချပေးမှာဖြစ်ပြီး အဲဒီ အဆင့်အပြီးမှာ ဘယ်လောက်အထိ ပူးပေါင်းပါဝင်နိုင်တယ်၊ စိတ်အားထက်သန်မှု ရှိတယ်ဆိုတဲ့ အကဲ ဖြတ် သုံးသပ်ချက်အရ သင်တန်းသား ၃၆ ဦးကို ပြန်လည်ရွေးထုတ်မယ်လို့ ဆိုပါတယ်။ အဆင့် (၂) မှာ တော့ ဘောလုံးနည်းပြတစ်ယောက်အနေနဲ့ ရပ်ရွာဖွံ့ဖြိုးရေးကို အားကြိုးမာန်တက် စွမ်းဆောင်နိုင်မယ် ဆိုရင် သင်တန်းငါးရက်ပြီးဆုံးချိန်မှာ သင်တန်းသားနှစ်ဦးဟာ တတိယအဆင့်ဖြစ်တဲ့ နောက်ဆုံးအဆင့် ကို တက်ရောက်သင်ယူခွင့်ရမှာပါ။

တတိယအဆင့်မှာ သင်တန်းသားနှစ်ဦးဟာ သင်တန်းချိန် ၁၂ ရက်ကို ဆက်လက်တက်ရောက်ရမှာပါ။ အဲဒီအဆင့်မှာတော့ ရွေးချယ်ခံသင်တန်းသားနှစ်ဦးဟာ အင်္ဂလန်ပရီးမီးယားလိဂ်က နည်းပြနှစ်ဦးနဲ့ နည်းပြပညာရပ်တွေ လက်ထပ်သင်ယူခွင့်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအစီအစဉ်မှာ ပါဝင်တဲ့ အဆင့် တိုင်းမှာ ရပ်ရွာလူထုကို အစွမ်းကုန်မြှင့်တင်ပေးဖို့ စီစဉ်ထားခြင်း ဖြစ်ပါတယ်။ နည်းပြသင်တန်း ပြီးဆုံး သွားချိန်မှာ တတ်ကျွမ်းထားတဲ့ပညာကို ပြန်လည် ဖြန့်ဝေပေးရမှာဖြစ်သလို ဘ၀အတွက် အာမခံချက် ရရှိစေမယ့် အလုပ်အကိုင်တစ်ခုလည်း ဖြစ်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့ဘောလုံး ဖွံ့ဖြိုးရေးအတွက် အထူးသင့်လျော်တဲ့ အစီအစဉ်တစ်ခုအဖြစ် ကြိုဆိုရမှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ ဘောလုံးအားကစားအတွက် နည်းပြနဲ့ဒိုင်လူကြီးအတွက်သာမကဘဲ နိုင်ငံတကာသုံး အင်္ဂလိပ်ဘာသာ စကားကိုပါ သင်ကြားပေးမယ်လို့ ဆိုပါတယ်။ အင်္ဂလိပ်ဘာသာ၊ အရေးအဖတ်၊အပြော စွမ်းရည်တိုးတက်ဖို့နဲ့ ဝေါဟာရ ကြွယ်ဝဖို့အတွက်ပါ စီစဉ်ထားတဲ့အတွက် အင်္ဂလိပ်ဘာသာကိုလည်း ကျွဲကူးရေပါ တတ်ကျွမ်းခွင့်ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဘောလုံးကစားနည်းကို တီထွင်ခဲ့တဲ့သူတွေ ဟာ အင်္ဂလိပ်လူမျိုးတွေ ဖြစ်တာကြောင့် ယနေ့တိုင် ဘောလုံးအားကစားနည်းမှာ အင်္ဂလိပ်ဝေါဟာရ၊ အခေါ်အဝေါ်တွေ ထင်ရှားရှိပါတယ်။

ရပ်ရွာအောက်ခြေအဆင့်ကနေ မြှင့်တင်ပြောင်းလဲရမယ့် မြန်မာ့ဘောလုံးဖွံ့ဖြိုးရေး ...မှ အဆက်

တခြားသော ဘာသာစကားနဲ့ဖလှယ်အသုံးပြုကောင်းပြုကြပေမယ့် မူလအခေါ်အဝေါ်ကတော့ ယနေ့ထိ ရှိပါတယ်။ ဒါကြောင့် အင်္ဂလိပ်ဘာသာ တတ်ကျွမ်းနားလည်မှု၊ ရေချိန်မြင့်မားမှုအလျောက် ကျယ်ဝန်းလှ တဲ့ ဘောလုံးအားကစားနည်းကို လေ့လာလိုက်စားရာမှာ အင်မတန်အသုံးဝင်တဲ့ လက်နက်တစ်ခုအဖြစ် အသုံးချနိုင်ပါတယ်။

လက်ရှိမြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် လက်အောက်မှာ AFC အသိအမှတ်ပြု (A) လိုင်စင်ရနည်းပြ ၁၅ ဦး၊ B လိုင်စင်ရနည်းပြ ၅၆ ဦး၊ C လိုင်စင်ရနည်းပြ ၂၉၂ ဦး ရှိနေပြီး A လိုင်စင်ရနည်းပြထဲမှာတောင် အင်္ဂလိပ်ဘာသာတတ်ကျွမ်းမှုက သုံးဦးသာရှိတယ်လို့ နည်းစနစ်ဒါရိုက်တာ ဦးဝင်းသူမိုးပြောစကားအရ သိရပါတယ်။

ဒါ့ပြင် အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ နည်းစနစ်ပိုင်း သင်တန်းပို့ချသူလည်းဖြစ်၊ ဟံသာဝတီယူနိုက်တက်နဲ့ ကမ္ဘောဇအသင်းတို့ရဲ့ နည်းပြဟောင်းလည်းဖြစ်တဲ့ စင်ကာပူနိုင်ငံသား ဆီဗာဂျီကလည်း မြန်မာနည်းပြ တွေအနေနဲ့ ပြောင်းလဲနေတဲ့ ဘောလုံးနည်းစနစ်တွေ၊ ပညာရပ်တွေတစ်ဆင့်တက်ကြိုးပမ်းလိုရင် အင်္ဂလိပ်ဘာသာ တတ်ကျွမ်းမှုကို ယခုထက် ပိုမိုလေ့လာဖို့ တိုက်တွန်းခဲ့ဖူးတာကို ဖတ်ခဲ့ရဖူးပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံဘောလုံးဖွံ့ဖြိုးရေးမှာ နည်းပြနဲ့ဒိုင်လူကြီးတွေရဲ့ အခန်းကဏ္ဍအပြင် ဘာသာစကား တတ်ကျွမ်းမှုဟာလည်း အင်မတန်အရေးကြီးတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဒါပြင် ပရီးမီးယားကျွမ်းကျင်မှုများ အစီအစဉ်မှာ ဒိုင်လူကြီးလုပ်လိုသူ လူငယ်တွေအတွက်လည်း လမ်းဖွင့် ပေးထားတာကြောင့် ရပ်ရွာအတွင်းက ဘောလုံးဝါသနာရှင် လူငယ်တွေဟာ ဘောလုံးဥပဒေတွေ၊ စည်း မျဉ်းစည်းကမ်းတွေနဲ့အညီ ဘောလုံးကစားတတ်လာမှာ ဖြစ်ပါတယ်။ ဒါဟာ ဘောလုံးဖွံ့ဖြိုးတိုးတက်ရေး မှာ အခြေခံအကျဆုံးနဲ့ အရိုးရှင်းဆုံးအချက်လည်း ဖြစ်ပါတယ်။ အထူးသဖြင့် ဘောလုံးအားကစားနည်းနဲ့ နှစ်ပေါင်းများစွာ မျိုးဆက်ပြတ်လပ်မှု ဒဏ်ကိုခံနေရဆဲ မြန်မာ့ဘောလုံးလောကအတွက် ဒီအစီအစဉ် ကြောင့် ဘောလုံးအခြေခံသဘောတရားတွေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ကစားတတ်တဲ့ မျိုးဆက် သစ်လူငယ်တွေ ထွက်ပေါ်မလာနိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။

ဆိုရရင် မြန်မာဘောလုံးလောကကို ပြုပြင်ပြောင်းလဲရာမှာ နေရှင်နယ်လိဂ်တစ်ခုတည်းနဲ့ သွားလို့မရ တော့ဘူးဆိုတာ ဆီးဂီမ်းပြိုင်ပွဲက သင်ခန်းစာပေးခဲ့ပြီးလည်း ဖြစ်ပါတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်မှုနဲ့အတူ အောက်ခြေလူထု လှုပ်ရှားမှု အသွင်နဲ့ပြောင်းလဲဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာ့ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးလို့ ပြောမယ်ဆိုရင် လူငယ် စီမံကိန်းတွေ၊ အားကစားကွင်း အဆောက်အအုံတွေ၊ နည်းစနစ်တွေ၊ နည်းပြနဲ့ ဒိုင်လူကြီးတွေရဲ့ အရည် အသွေးပိုင်းပါ တိုးတက်မှုရှိမှ မြန်မာ့ဘောလုံးဖွံ့ဖြိုးမှုရှိတယ်လို့ ဆိုနိုင်မှာဖြစ်ကြောင်း ရေးသားလိုက်ရပါ တယ်။
Written by  ဟိန်းထက်အောင်
Mizzima Burmese