နိုင်ငံခြား ဘဏ်လုပ်ငန်းခွင့်ပြုရန် နိုင်ငံတကာ အကြံပေးကုမ္ပဏီ ခေါ်ယူရန် ဗဟိုဘဏ်ပြင်ဆင်

ပို့စ်တင်ချိန် - 1/27/2014 12:00:00 AM




ရန်ကုန်၊ ဇန်နဝါရီ ၂၅

ပြည်တွင်းတွင် နိုင်ငံခြား ဘဏ်များကို ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ပြုရန်အတွက် နိုင်ငံတကာ အကြံပေးကုမ္ပဏီ (International Consulting Firm) ခေါ်ယူဆောင်ရွက်ရန် ပြင်ဆင်လျက် ရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က The Voice သို့ ပြောကြားသည်။

ပြီးခဲ့သည့် နှစ်မကုန်မီ နိုင်ငံခြား ဘဏ်များကို ပြည်တွင်းတွင် လုပ်ကိုင်ခွင့် ပြုမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယခုအချိန်ထိ ခွင့်ပြုပေးခြင်း မရှိသေးဘဲ မည်သည့် ပုံစံဖြင့် လုပ်ကိုင်ခွင့် ပြုမည်ကို စီစဉ်ဆောင်ရွက်လျက်သာ ရှိသေးကြောင်း ၎င်းကဆိုသည်။
“နိုင်ငံခြား ဘဏ်တွေကို ခွင့်ပြုမယ်ဆိုရင် ပြည်တွင်း ဘဏ်တစ်ခုနဲ့ ပြည်ပဘဏ်တစ်ခု JV (ဖက်စပ်) လုပ်ပြီး ကုမ္ပဏီအသစ် ထပ်ထောင်တာရယ်၊ အပြည့်အဝ ရင်းနှီးမြှုပ်နှံခွင့် ပြုတာရယ်ကို လုပ်မယ်ဆိုရင် နိုင်ငံအတွက် ပိုပြီးအကျိုးရှိမယ် ထင်တယ်” ဟု ပြည်တွင်းဘဏ်တစ်ခုမှ အုပ်ချုပ်မှု ဒါရိုက်တာတစ်ဦးက ဆိုသည်။

နိုင်ငံခြားဘဏ်များသည် မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် ရရန်အတွက် စောင့်ဆိုင်းလျက် ရှိပြီး ပြည်တွင်းရှိ အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲ ဖွဲ့စည်းထားသော ပြည်တွင်းဘဏ်များ၏ ရှယ်ယာများကို ဝယ်ယူရန် စိတ်ဝင်စားလျက် ရှိကြောင်း ပုဂ္ဂလိက ဘဏ်လုပ်ငန်းများထံမှ စုံစမ်းသိရှိရသည်။

ပြည်တွင်းဘဏ်နှင့် ဖက်စပ်လုပ်ကိုင်ခြင်း၊ အပြည့်အဝ ရင်းနှီးမြှုပ်နှံခွင့်ပြုခြင်းနှင့် ဘဏ်ခွဲ ဖွင့်လှစ် လုပ်ကိုင်ခွင့်ပြုခြင်း သုံးမျိုး ရှိသည့်အနက် မည်သည့် ပုံစံဖြင့် ခွင့်ပြုမည်ကို မဆုံးဖြတ်ရ သေးသော်လည်း နိုင်ငံတကာတွင် ပြည်ပဘဏ်များကို လုပ်ကိုင်ခွင့် ပြုသည့်အခါ ဘဏ်ခွဲဖွင့် ခွင့်ပြုခြင်းကို ပထမဆုံး အနေနှင့် ခွင့်ပြုလေ့ ရှိကြောင်း ဦးဆက်အောင်က ဆိုသည်။
“ဘဏ်ခွဲဖွင့်တာဟာ တိုင်းပြည်အတွက် အကျိုးမရှိဘူးဆိုတာ မဟုတ်ပါဘူး။ အားနည်းချက်၊ အားသာချက်ကတော့ အနည်းနဲ့ အများရှိတာပါပဲ” ဟု ၎င်းကဆိုသည်။

Trade Financing နှင့် Project Financing တို့ ပြုလုပ်သည့်အခါ နိုင်ငံခြား ဘဏ်ခွဲတစ်ခု အနေနှင့် မိခင်ကုမ္ပဏီ၏ နာမည်နှင့် ကျော်ကြားမှုကို အသုံးပြုကာ ဆောင်ရွက်နိုင်သည့် အားသာချက်ရှိပြီး ဖက်စပ်နှင့် အပြည့်အဝ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည် ဆိုပါက ကုမ္ပဏီ အသစ်တစ်ခုအဖြစ် ထူထောင်ရမည်ြ

The Voice Weekly