လုံးချင်းအိမ်ယာတွင် အထပ်မြင့်(၈)ထပ်တိုက်ဆောက်လုပ်ခြင်းအား လုံးဝသဘောမတူကြောင်း လမ်းသူလမ်းသားများကပြော

ပို့စ်တင်ချိန် - 1/28/2014 05:38:00 PM


ရန်ကုန်၊ ဇန်နဝါရီ ၂၈။

ကမာရွတ်မြို့နယ် အမှတ်(၁)ရပ်ကွက် အောင်မြေသာစည် လုံးချင်းအိမ်ယာ ရွှေရတနာလမ်းတွင် နေထိုင်ကျသော လမ်းသူလမ်းသားများအား အထပ်မြင့်(သုံးထပ်ခွဲ)အဆောင်အုံအား ဆောက်လုပ်မည်ဆိုကာ လက်မှတ်ထိုးခိုင်း၍ ယခုအခါ (၈)ထပ်တိုက် ဆောက်လုပ်ခြင်းအား လုံးဝသဘောမတူကြောင်း လမ်းသူလမ်းသားများက ဇန်နဝါရီ ၂၈ရက်က MJN ရုံးတွင် ရှင်းလင်း ပြောကြားခဲ့သည်။

ရွှေရတနာလမ်းတွင် နေထိုင်သော ဦးကျော်ဝင်းက “၉မီတာ ပေ၃၀ ရှိတဲ့လမ်းတွေမှာဆိုရင် အထပ်မြင့် ၅ထပ်ပဲ ဆောက်ခွင့်ရှိပါတယ် အခု ကျွန်တော်တို့လမ်းက ၂၁ပေပဲ ကျယ်ပါတယ် ဒီလမ်းမှာ အခုလို ၈ထပ်တိုက် ဆောက်မယ်ဆိုတာကတော့ လုံးဝသဘော မတူပါဘူး ပြီးတော့ သူရဲ့ဘေးအိမ်က ဦးဝင်းသိန်းတို့ကိုကျတော့ သုံးထပ်ခွဲတိုက်ပဲဆောက်မှာဆိုပြီးတော့ လက်မှတ်ထိုးခိုင်းတယ် နောက်တော့ ရှစ်ထပ်တိုက်ဖြင့်နေတယ် ဒါကို စည်ပင်ကကားနဲ့ လာပြီးတော့ ကျွန်တော်တို့ လမ်းသူလမ်းသားတွေကို လက်ခံလား လက်မခံဘူးလား မေးတော့ ကျွန်တော်တို့ ၁၃ဦးစလုံးက လုံးဝလက်မခံကြောင်း ပြောလိုက်ပါတယ်”ဟု ပြောသည်။

ကမာရွတ်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အောင်မြေသာစည်အိမ်ယာ၊ ရွှေရတနာလမ်းသည် လုံးချင်းအိမ်ယာ ၁၅လုံးရှိပြီး မြေကွက်အလွတ် ၃ကွက်ရှိသည်။ လမ်းအကျယ် ၂၁ပေရှိပြီး အထပ်အမြင့် အနေဖြင့် (သုံးထပ်ခွဲ)တိုက်များသာ ရှိသည်။ လမ်းအကျယ် ၃၀ပေလျှင် အထပ်မြင့်(၅)ထပ်ဆောက်ခွင့်ရှိပြီး (၅)ထပ်အလွန် ဆောက်ခွင့်မရှိကြောင်း စည်ပင်မှ အမိန့်ထုတ်ထားသည်။

ယခု ဖြစ်ရပ်မှာ လမ်းအကျယ် ၂၁ပေသာရှိသော ရွှေရတနာလမ်းတွင် ဦးအောင်ကျော်လင်းက အထပ်မြင့်(၈)ထပ်အာစီတိုက်ကို ဆောက်လုပ် နေခြင်းဖြင့်၍ လမ်းသူလမ်းသာများက သဘောမတူကြောင်း ပြောကြားခဲ့သည်။ ဒါပေမဲ့လည်း ယခုအချိန်ထိ ဦးအောင်ကျော်လင်းမှ ဆောက်လုပ်နေဆဲဖြစ်ရာ လမ်းသူလမ်းသားများ အနေဖြင့် သမ္မတဦးသိန်းစိန်အထိ စာတင်ရန် စဉ်းစားထားသကဲ့သို့ သက်ဆိုင်ရာဌာနများကို ဆန္ဒပြထုတ်ဖော်ခွင့် စာတင်၍ ဆန္ဒပြရန် စီစဉ်ထားကြောင်း သိရသည်။

ချစ်မင်းထွန်း