တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင် များ ဆွေးနွေးပွဲ ဒီလ ၂ဝ ရက်နေ့စမည်

ပို့စ်တင်ချိန် - 1/03/2014 12:10:00 PM


တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ထိပ်သီးခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲတစ်ရပ်ကို ကရင်ပြည်နယ်က KNU ထိန်းချုပ်ရာ လော်ခီးလာဒေသ မှာ လာမယ့် ဇန်နဝါရီလ ၂၀ ရက်နေ့ကစပြီး ၃ ရက်တာ ကျင်းပမယ်လို့ သိရပါတယ်။

အဲဒီဆွေးနွေးပွဲကနေထွက်ပေါ်လာမယ့် ဆုံးဖြတ်ချက်တွေဟာ အရေးကြီးတယ်လို့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီရဲ့ တွဲဘက်အတွင်းရေးမှူး၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ ဥက္ကဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက RFA ကို ပြောပါတယ်။

"ကျနော်တို့ လော်ခီးလာမှာ ၂ဝ နဲ့ ၂၃၊ ဘားအံကိုတော့ ၃၄ ဟိုဘက်ပေါ့ဗျာ၊ အဲဒီလိုတော့ စဉ်းစားသွားတာရှိပါတယ်ခင်ဗျ၊ သို့သော် လော်ခီးလာမှာ ထိပ်သီးခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်က အဓိကဖြစ်ပါတယ်၊ အဖွဲ့အစည်းအသီးသီးကရောက်လာတဲ့ ဥက္ကဌကြီးတွေရဲ့ ဆုံးဖြတ်ချက်ကို နာခံရမှာဖြစ်ပါတယ်"

လော်ခီးလာဒေသဟာ မဲဆောက်မြို့နဲ့ မဲသဝေါကြားမှာတည်ရှိပါတယ်။ အဲဒီထိပ်သီးဆွေးနွေးပွဲအပြီးမှာ ဘားအံမြို့မှာကျင်းပမယ့် တိုင်းရင်းသားအဖွဲ့တွေရဲ့ ဒုတိယအကြိမ်ဆွေးနွေးပွဲ ပြုလုပ်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။

လောလောဆယ်မှာ အစိုးရငြိမ်းချမ်းရေးဖေါ်ဆောင်မှုကော်မတီနဲ့ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့တွေရဲ့ဆွေးနွေးပွဲတွေမှာ နှစ်ဖက်သဘောတူနိုင်မယ့် အချက်အလက်တွေကို အပြန်အလှန် ညှိနှိုင်းနေတယ်လို့ ပြောပါတယ်။
RFA Burmese