၂၀၁၃ ခုနှစ်မှာ အားရစရာကောင်းသည့်နှစ်ဟု သမ္မတ ဦးသိန်းစိန်ပြောကြား

ပို့စ်တင်ချိန် - 1/28/2014 06:56:00 PM




မင်းဟိန်းထက် (မြစ်မခ)၊ နေပြည်တော်၊ ဇန်န၀ါရီ-၂၇

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသမိုင်း၌ ၂၀၁၃ ခုနှစ်မှာ အားရစရာ
ကောင်းသည့် နှစ်တစ်နှစ်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဇန်န၀ါရီ ၂၇ ရက်က နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာတွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် မိန့်ခွန်း ၌ ထည့်သွင်းပြောကြားခဲ့သည်။

' နိုင်ငံတော်အနေဖြင့် ပြီးခဲ့တဲ့လ ၃၀ အတွင်း နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် လေးရပ်ဖြစ်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲ မှုနှင့် ပုဂ္ဂလိက ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာမှာ တိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ဘက်စုံပြုပြင်ပြောင်းလဲ
ရေးလုပ်ငန်းများကိုလည်း နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ ပေါင်းစည်းလာနိုင် ပြီဖြစ်ပါတယ်' ဟု နိုင်ငံတော် သမ္မတက ပြောကြားခဲ့သည်။

ပထမအဆင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ရာတွင် တိုင်းရင်းသားလူမျိုးစုများအကြား အပြန်အလှန် နားလည်မှု နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းများ၌ အခြေအနေ
ကောင်းများ ဖြစ်ထွန်းခဲ့ကြောင်း၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှု များတွင် ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်
ဆောင်ရွက်နိုင်ခြင်း၊ နိုင်ငံရေးအကျဉ်းသားများ အားလုံးကို လွတ်ငြိမ်းခွင့်
ပေးနိုင်ခဲ့ခြင်း၊ ပဋိပက္ခများ တည်ငြိမ်အေးချမ်းလာခြင်း စသည်တို့ တိုးတက်ဖြစ်ထွန်းခဲ့ကြောင်း သမ္မတက ပြောကြားခဲ့သည်။

ဒုတိယအဆင့် စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုများကို
ပြည်သူဗဟိုပြု ဖွံ့ဖြိုးမှု နည်းလမ်းဖြင့် ဆောင်ရွက်နေပြီး တိုးတက်မှု ရလဒ်ကောင်းများ ရရှိခဲ့ကြောင်း၊ ၂၀၁၂-၂၀၁၃ ခုနှစ် တွင် စီးပွားရေး တိုးတက်နှုန်း ၇ ဒသမ ၃ ရာခိုင်နှုန်း ရရှိခဲ့ပြီး မျှော်မှန်းထားသည့် ၆ ဒသမ ၇ ရာခိုင်နှုန်းကို ကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ဦးသိန်းစိန်က
ပြောကြားသည်တတိယအဆင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးစနစ်
ပြုပြင်ပြောင်းလဲမှုကို ဗဟိုထိန်းချုပ်မှု လျှော့ချခြင်း၊ ဒေသဆိုင် ရာအစိုးရများ၏ အုပ်ချုပ်မှုစွမ်းရည် တိုးတက်ရေး၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု လုပ်ငန်းများကို ဒေသခံပြည်သူများကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်ရန်
စီမံဆောင်ရွက်နေကြောင်း၊ စတုတ္ထအဆင့် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုး တက်ရေး ပြုပြင်ပြောင်းလဲမှုကို စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံ မှုများနှင့် ထောက်ပံ့ပို့ဆောင်ရေး ကိစ္စရပ်များကို အဟန့်အတားဖြစ်စေသည့် ဥပဒေများ၊ စည်းမျဉ်းများကို ဖြေလျှော့ပေးလျက်ရှိကြောင်း ပြုပြင်ပြောင်းလဲ မှုတိုင်းတွင် အားလုံးပူးပေါင်းပါဝင်သော အရေးပါသည့် ပူးပေါင်းဆောင်ရွက်မှု၊
ပွင့်လင်း မြင်သာရှိမှု၊တာဝန်ယူမှုများရှိ အောင်ဆောင်ရွက်နေကြောင်း ကိုလည်း သမ္မတ က ထည့်သွင်းပြောကြားခဲ့သည်။

စံတော်ချိန် နေ့စဉ်သတင်းစာ