အခွန်တိမ်းရှောင်မှုများကို ဖော်ထုတ်ခြင်း၊ မက်လုံးပေးခြင်းများ ပြုလုပ်၍ ရသင့်ရထိုက်သော အခွန်များ တိုးတက်ရရှိအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း သမ္မတဦးသိန်းစိန် ပြောကြား

ပို့စ်တင်ချိန် - 1/09/2014 12:00:00 PM


အခွန်တိမ်းရှောင်မှုများကို ဖော်ထုတ်ခြင်း၊ အခွန်ထမ်းသူများအား မက်လုံးပေးခြင်းဖြင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်ငွေများကို တိုးတက်ရရှိအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားသည်။

ဇန်န၀ါရီ ၇ ရက်က နေပြည်တော်၌ ပြုလုပ်သည့် ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေး (၁/၂၀၁၄)တွင် နိုင်ငံတော် သမ္မတက ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အနာဂတ်ကာလတွင် မိမိတို့ နိုင်ငံသည်လည်း အခြားနိုင်ငံများနည်းတူ အစိုးရ၏ အသုံးစရိတ်များကို နိုင်ငံတော်က ကောက်ခံရရှိသော အခွန်ငွေနှင့် ရပ်တည် ဆောင်ရွက်နိုင်သည့် နိုင်ငံဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရသင့်ရထိုက်သော အခွန်အကောက် ရရှိရေး၊ အခွန်ထမ်း ပြည်သူလူထုအတွက် ၀န်ထုပ်ဝန်ပိုး မဖြစ်စေဘဲ လိုလားစွာ အခွန်ထမ်းဆောင်သော အခွန်ယဉ်ကျေးမှု ထွန်းကားရေး၊ နိုင်ငံတကာ စံနှုန်းနှင့် ကိုက်ညီသော ပွင့်လင်းမြင်သာသော၊ ရှင်းလင်းလွယ်ကူစွာ ထမ်းဆောင်နိုင်သော၊ မသမာမှု ကင်းရှင်းသော အခွန်စနစ် ဖြစ်ထွန်းပေါ်ပေါက် လာစေရေးအတွက် အလေးအနက်ထား ကြိုးပမ်းဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်းဟု ဆိုသည်။

အဆိုပါ ဥပဒေကြမ်းများအရ စုစုပေါင်း အသုံးစရိတ်၏ ၅ ဒသမ ၉၂ ရာခိုင်နှုန်းအား ပညာရေးအတွက် လည်းကောင်း၊ ၃ ဒသမ ၃၈ ရာခိုင်နှုန်းကို ကျန်းမာရေး အတွက်လည်းကောင်း သုံးစွဲထားပြီး နိုင်ငံ့ဝန်ထမ်းများ၏ လစာငွေကို ကျပ် ၂၀၀၀၀ တိုးမြှင့်ပေးရန်နှင့် ပင်စင်လစာနှင့် ဆုကြေးများကိုလည်း အချိုးကျ တိုးမြှင့်ပေးရန် ထည့်သွင်းလျာထားကြောင်း သိရသည်။

ခရိုနီလုပ်ငန်းရှင်များ အပါအ၀င် လုပ်ငန်းရှင် ကြီးများသည် ၎င်းတို့ပေးဆောင်ရမည့် အခွန်ပမာဏ၏ ၁၀ ရာခိုင်နှုန်းအောက်ကိုသာ ပေးဆောင်နေကြကြောင်း သိရသည်။

အခွန်တိမ်းရှောင်မှုများအား ဖော်ထုတ်ပြီးပါကလည်း အရေးယူ ဆောင်ရွက်သင့်သည့် အခွန်တိမ်းရှောင်မှုမျိုး ဆိုပါက အရေးယူ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သို့မှသာ ထိုက်သင့်သည့် အခွန်ပမာဏကို ရရှိမည် ဖြစ်သည်။ သမ္မတ အနေဖြင့် ဖော်ထုတ်ရန်နှင့် ကောက်ခံရန်ကိုသာ ထည့်သွင်း ပြောကြားခဲ့ပြီး အရေးယူ ဆောင်ရွက်ရမည့် အပိုင်းကိုမူ ထည့်သွင်းပြောကြား သွားခဲ့ခြင်း မရှိပေ။
eleven media group