အများသုံးလမ်းမြေပေါ်တွင် စည်ပင်ရုံးနှင့် ဈေး ဆောက်ထားခြင်းကို ဖယ်ရှားပေးရန် ဆန္ဒထုတ်ဖော်

ပို့စ်တင်ချိန် - 1/10/2014 10:15:00 PM


သင်္ဃန်းကျွန်းမြို့နယ်၊ ဦးစံဖေရပ်ကွက် အတွင်းရှိ အနော်ရထားလမ်းပေါ်တွင် စည်ပင်ရုံးနှင့် ဈေး ဆောက်ထားခြင်းကို ဖယ်ရှားပေးရန် ဇန်နဝါရီလ ၁၀ရက် နံနက်က ရပ်ကွက်သားများနှင့် ဈေးသူဈေးသားတို့က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ (ဓာတ်ပုံ- နန်းမြင့်)
ရန်ကုန်၊ မဇ္ဈိမ။      ။ သင်္ဃန်းကျွန်းမြို့နယ်၊ ဦးစံဖေရပ်ကွက် အတွင်းရှိ အနော်ရထားလမ်းပေါ်တွင် စည်ပင်ရုံးဆောက်ထားသည်ကို ဖယ်ရှားပေးရန်နှင့်

လမ်းမြေကို ဈေးအဖြစ်
ဆောက်ထားခြင်းကို ကန့်ကွက်သည့် အနေဖြင့် ရပ်ကွက်သားများနှင့် ဈေးသူဈေးသားများက ပထမအကြိမ် ဆန္ဒဖော်ထုတ်မှု ဇန်န၀ါရီ ၁၀ရက် နံနက်၉နာရီမှ ၁၁နာရီအထိ
သင်္ဃန်းကျွန်းဈေးကြီး အရှေ့၌ ပြုလုပ်ခဲ့သည်။

သင်္ဃန်းကျွန်းဈေးကြီး၏ အရှေ့ဘက်ရှိ အနော်ရထာလမ်းကို ဈေးဧရိယာအတွင်း ထည့်သွင်းထားပြီး ၄င်းလမ်းမြေပေါ်တွင် အဆာက်အဦးများဆောက်လုပ်နေ၍ တားမြစ်ပေးရန်နှင့်
အများသုံးလမ်းအဖြစ် ဆောင်ရွက်ပေးရန် ဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်ဟု ဆန္ဒပြသူများက ဆိုသည်။

ဆန္ဒပြခွင့်တောင်းဆိုသည့် ဦးစံဖေရပ်ကွက်မှ ဦးချန်းမြေ့က “စည်ပင်ရုံးဝင်လုပ်တော့ လမ်းပျောက်တော့မယ်။ ဈေးခရိုင်ရုံတည်ဆောက်နေတာ ပေ၈၀ နှစ်ထပ်တောင်။
ဒီလမ်းက မီးတားလမ်းဖြစ်တဲ့အတွက် လမ်းလည်းဖြစ်တယ်။ ဈေးအတွက်လည်းကောင်းတယ်။ ရပ်ကွက်လည်းကောင်းတယ်။ ဒီလမ်းကို ဈေးသူဈေးသား၊ ရပ်ကွက်သူ၊
ရပ်ကွက်သား အားလုံးအဆင်ပြေအောင် လမ်းကိုလမ်းအတိုင်းထားပေး၊ ရန်ကုန်တိုင်းစည်ပင်သာယာရေးအဖွဲ့က နိုဝင်ဘာလမှာ ဆုံးဖြတ်ချက်အရ ဈေးနယ်မြေထဲထည့်တယ်။
လမ်းကို ဈေးနယ်မြေထဲ ထည့်လို့ရပါသလား။ အဲဒါအတွက်ကို ဆန္ဒထုတ်ဖော်တာပါ အင်္ဂလိပ်ခေတ်တည်းက ဆာဗေးမြေပုံမှာ လမ်းရှိထားတယ်။ ဆက်လုပ်မယ်ဆိုရင် ပြင်းထန်သော
ကြွေးကြော်မှုနဲ့ ဟောပြောပွဲတွေပါလုပ်မယ် ”ဟု ပြောသည်။

သင်္ဃန်းကျွန်းဈေးကြီး ဧရိယာအတွင်းသို့ အနော်ရထာလမ်းမြေအား ထည့်သွင်းထားပြီး လမ်းမြေနှင့် ရပ်ကွက်ထိစပ်ရာ နေရာတွင် အုတ်တံတိုင်းကာထားပြီး အဆောက်အဦးနှင့်
ယင်းအုတ်တံတိုင်းအကြား ဆားဗစ်ကန်နှင့် အရှေပိုင်းခရိုင်ဈေးများဌာနမှ ဈေးရုံအဆောက်အဦးဆောက်ရန် မြေတူးထားသည်။ လေးထောင့်ကန်လမ်းနှင့် ဘုရင့်နောင်လမ်းကြားရှိ
နောက်ဖေးလမ်းကြားကိုလည်း ပိတ်ထားပြီး အုတ်တံတိုင်းကာထားခြင်းတို့ လုပ်ဆောင်ထားသည်ဟု ဆိုသည်။

သင်္ဃန်းကျွန်းဈေး၊ ဈေးတာဝန်ဒေါ်သင်းသင်းညွန့်က “ဈေးကို စပြီးတည်ဆောက်တဲ့အခါမှာ ဈေးဆိုင်ခန်းတွေကို ဘယ်လိုပုံ လိုချင်လဲဆိုတာ သူတို့ကို ဆန္ဒခေါ်ယူထားပြီးသား
ပထမတစ်ထပ်လုံးမှာ တစ်ပြေးညီလိုချင်ပါတယ်ဆိုတဲ့အတွက် စည်ပင်ရုံးခန်းနေရာကိုပါ ဈေးသည်ကို အကွက်ရိုက်ချပြီး ဈေးသည်တွေကို ပြန်ပေးလိုက်တာ။ ဈေးတာဝန်ခံရုံးနေရာ
မရှိတဲ့အတွက်ကြောင့် ဒီအပြင်ဘက်မှာ ဈေးရုံးခန်းဆောက်ရတာ”ဟု ပြောသည်။

သင်္ဃန်ကျွန်းမြို့နယ်၊ ဦးစံဖေရပ်ကွက်၊ အနော်ရထာလမ်းနှင့် ကပ်လျက်ရှိ ခြံအမှတ် ၈၀မှ ဒေါ်အေးအေးဝင်းက“ အန်တီခြံကိုပါ ၀င်လို့မရထွက်လို့မရအောင်ပိတ်လိုက်တယ်။ ဆန္ဒပြတာကို
အားပေးတယ်။ ထောက်ခံတယ်။ လမ်းကို ပိတ်လိုက်တဲ့အတွက် မီးလောင်မယ်ဆိုရင် ဘယ်လိုမှ ကားဝင်ဖို့တောင်အဆင်မပြေဘူး”ဟုပြောသည်။

အဆိုပါ အနော်ရထားလမ်းမြေပြန်လည်ရရှိရေးအတွက် သင်္ဃန်းကျွန်းမြို့နယ်၊ ဦးစံဖေရပ်ကွက်သူ၊ ရပ်ကွက်သားများနှင့် ဈေးသူ၊ ဈေးသားများက လေးထောင့်ကန်လမ်းမကြီး သင်္ဃန်းကျွန်း
ဈေးကြီးရှေ့မှ စတင်ကာ ဇဗ္ဗူဒိတ်လမ်း၊ ဦးစံဖေလမ်းနှင့် အနော်ရထားလမ်းတို့ကို နှစ်ပတ်ပတ်ပြီး လူအင်အား ၃၀၀ခန့်ဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သည်။

အဆိုပါ အနော်ရထာလမ်း အကျယ်သည် ၅၀x၂၅၀ပေ ရှိသည်။  သင်္ဃန်းကျွန်းရဲစခန်းတွင် ယင်းလမ်းပြန်လည်ရရှိရေးအတွက် ဆန္ဒပြရန်ခွင့်ပြုချက်ကို ဇန်န၀ါရီ ၅ရက်တွင် ခွင့်ပြုချက်
တင်ကာ ၁၀ရက်နေ့တွင် ခွင့်ပြုချက်ရရှိသဖြင့် တရားဝင် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။
Mizzima Burmese