၂၀၁၃ တနှစ်အတွင်း နိုင်ငံတကာ ထူးခြားဖြစ်စဉ်များ (၂)

ပို့စ်တင်ချိန် - 1/02/2014 01:15:00 PM


ဇူလိုင်လ

ဇူလိုင်လရဲ့ ထိပ်တန်းနိုင်ငံတကာသတင်းတွေထဲမှာဆိုရင် တာလီဘန်တွေရဲ့ လုပ်ကြံမှုကနေ အသက်ရှင်သန်ခဲ့တဲ့ ပါကစ်စတန် ကျောင်းသူလေး မာလာလာ ယူဆဲ့ဖ်ဇိုင်ဟာ ဦးခေါင်းကို သေနတ်ပစ်ခံခဲ့ရမှုကနေ ပြန်ကောင်းလာခဲ့ပြီး ဇူလိုင် ၁၂ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့က ကုလသမဂ္ဂ ဗဟိုဌာနချုပ်မှာ ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ကလေးတွေ အားလုံးအတွက် အခမဲ့ကျောင်းတက်ခွင့်ကိုလည်း တောင်းဆိုခဲ့ပါတယ်။ အဲဒီနေ့ဟာ သူ့ရဲ့မွေးနေ့လည်း ဖြစ်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က အမှတ်တရ မွေးနေ့ပွဲ ကျင်းပပေးခဲ့ပြီး မာလာလာနေ့အဖြစ် သတ်မှတ်ပေးခဲ့ ပါတယ်။

ဗြိတိန်ထီးနန်းရဲ့ တတိယမြောက် နန်းလျာဖြစ်တဲ့ ဂျော့ခ်ျ မင်းသားလေးကို ဇူလိုင် ၂၃ရက်နေ့က မွေးဖွားခဲ့ပါတယ်။ မွေးဖွားပြီး ၂၇ နာရီ အကြာမှာ လန်ဒန်မြို့ စိန့်မေရီဆေးရုံကနေ ထွက်လာတဲ့ ကိန်းဘရစ်မြို့စားနဲ့ မြို့စားကတော် တော်ဝင်မင်းသား ၀ီလျံနဲ့ ကြင်ယာတော် ကိတ်တို့ဟာ သူတို့သားကို ကမ္ဘာ့ မီဒီယာတွေကို ထုတ်ပြခဲ့ကြပါတယ်။

စပိန်နိုင်ငံရဲ့ အနည်းဆုံး လူ ၇၈ ယောက် သေဆုံးခဲ့ရတဲ့ ရထားတိုက်မှုကတော့ ဇူလိုင် ၂၄ရက်မှာ ဖြစ်ပွားခဲ့တာပါ။ ဒါကို လုံခြုံရေးကင်မရာက ရိုက်ကူးထားတဲ့ မှတ်တမ်းတင် ရုပ်သံမှတ်တမ်း ထွက်ပေါ်လာပါတယ်။ စပိန်ရထားဟာ သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းခဲ့ပြီး လမ်းအကွေ့ အကောက်မှာ လမ်းချော်ပြီး ချွန်ထက်တဲ့ အဆောက်အဦစွန်းကို အရှိန်မြင့်မြင့်နဲ့ ၀င်တိုက်ခဲ့တာပါ အဲဒီနောက် ရထားလမ်းနဲ့ အပြိုင်ဖြစ်နေတဲ့ နံရံကို ဆက်တိုက်မိခဲ့ပါတယ်။ အဲဒီရုပ်သံမှတ်တမ်းကို ဇူလိုင် ၂၅ရက်နေ့မှာ ပြသခဲ့ပါတယ်။

သြဂုတ်လ

သြဂုတ်လ ၂၁ ရက်နေ့မှာ ဆီးရီးယားနိုင်ငံတွင်း ဓာတုလက်နက်တွေနဲ့ တိုက်ခိုက်ခံရလို့ ကလေးငယ်တွေ အပါအ၀င် အပြစ်မဲ့ အရပ်သားတွေ ရာနဲ့ချီ သေဆုံးခဲ့ရတာကတော့ ကမ္ဘာကြီး တခုလုံး တုန်လှုပ်အံ့သြသွားစေတဲ့ ဖြစ်ရပ်ဆိုးပါပဲ။ ဆာရင်း ခေါ် အာရုံကြော အဆိပ်သင့် ဓာတ်ငွေ့နဲ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ ၁၂၃ ယောက် သေဆုံးခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှုကို သမ္မတ ဘတ်ရှားအယ်လ် အာဆတ်ရဲ့ တပ်တွေက လုပ်တာလို့ ဆီးရီးယား တက်ကြွလှုပ်ရှားသူတွေက စွပ်စွဲပါတယ်။ ဒီဖြစ်ရပ်ဟာ ၂ နှစ်ကြာ ပြည်တွင်းစစ်အတွင်း အဆိပ်သင့်ဓာတ်ငွေ့သုံးတဲ့ အဆိုးရွားဆုံး အစီရင်ခံမှုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလုပ်ရပ်ကို ဆီးရီးယား ရုပ်သံက ငြင်းဆိုပါတယ်။ အခင်းမဖြစ်မီ ၃ ရက်က ရောက်နေတဲ့ ကုလသမဂ္ဂ ဓာတုလက်နက်ပညာရှင်အဖွဲ့ကို အာရုံလွှဲဖို့ တမင်သက်သက် ကောလဟလ ဖြန့်တာလို့လည်း ပြောပါတယ်။ အဲဒီနေ့က သူပုန်တွေရဲ့ ခြေကုပ်စခန်းဖြစ်တဲ့ ဒမတ်စကတ်မြို့ ဆင်ခြေဖုံးကို အစိုးရတပ်တွေက မီးခိုးတွေ မှုတ်ထုတ်တဲ့ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဆီးရီးယား အတိုက်အခံတွေက စွပ်စွဲခဲ့ပါတယ်။ လူမှုကွန်ယက် မီဒီယာတွေပေါ် တင်ခဲ့တဲ့ ရုပ်သံမှတ်တမ်းတွေက ဒမတ်စကတ်မြို့ရဲ့ အယ်လ်ဂိုတာအနောက်ပိုင်း မွာဒါမီယာမြို့က ဓာတုလက်နက်ကြောင့် သေဆုံးခဲ့ရတဲ့ အလောင်းတွေကို ရိုက်ကူးထားပါတယ်။

လက်ဘနွန်နို်င်ငံရဲ့ မြောက်ပိုင်း ထရီပိုီုမြို့က ဗလီတွေရဲ့အပြင်ဘက်မှာ သြဂုတ်လ ၂၃ ရက်နေ့က ပေါက်ကွဲမှု ၂ ခု ဖြစ်ပွားပြီး အနည်းဆုံး လူ ၁၃ယောက် သေဆုံးခဲ့ကာ အယောက် ၅၀ ကျော် ဒဏ်ရာရပါတယ်။ ဆွန်နီမွတ်စလင်တွေ အများစုရှိတဲ့မြို့မှာ သောကြာနေ့ ဘုရားရှိခိုးပွဲအပြီး ဖြစ်ပွားတဲ့ အဲဒီပေါက်ကွဲမှုတွေဟာ ကြံစည်လုပ်ဆောင်မှုတွေ ဖြစ်ပုံရတယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။

သြဂုတ် ၂၈ ရက်မှာတော့ အီရတ်မြို့တော် ဘဂ်ဒက်မှာ ဗုံးဖောက်ခွဲမှုတွေ ဆက်တိုက် ဖြစ်ခဲ့လို့ အနည်းဆုံး လူ ၅၁ ယောက် သေဆုံးပြီး ဒါဇင်အတော်များများ ဒဏ်ရာရတယ်လို့ ရဲနဲ့ ဆေးဘက် သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒါဟာ ၅ နှစ်အတွင်း အဆိုးရွားဆုံး အကြမ်းဖက်မှုလည်း ဖြစ်ပါတယ်။

စက်တင်ဘာလ

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့က ၀က်စ်ဂိတ်ကုန်တိုက်ကြီးကို ဆိုမာလီ အကြမ်းဖက် al Shabaab အဖွဲ့က စစ်သွေးကြွတွေ ၀င်ရောက် စီးနင်းခဲ့ပြီး အနည်းဆုံးလူ ၂၀ ဦး အသတ်ခံခဲ့ရတဲ့ ဖြစ်ရပ်ဆိုးကတော့ စက်တင်ဘာလ ၂၁ ရက်နေ့မှာ ဖြစ်ခဲ့ပါတယ်။ စက်တင်ဘာလ ၂၄ ရက် အင်္ဂါနေ့မှာတော့ ဈေးဝယ်စင်တာကို အစ္စလာမ္မစ် အဖွဲ့ရဲ့ လက်ထဲကနေ ပြန်သိမ်းနိုင်ပြီး၊ ဓားစားခံတွေ အားလံုးကိုလည်း ကယ်တင်နိုင်ပြီလို့ ကင်ညာသမ္မတ အူဟူရူ ကန်ယက်တာက တိုင်းပြည်ကို မိန့်ခွန်းပြောခဲ့ပါတယ်။ ကုန်တိုက်စီးနင်းမှုမှာ အရပ်သား ၆၁ ဦး၊ လုံခြုံရေးတပ်ဖွဲ့ဝင် ၆ ဦးနဲ့ အကြမ်းဖက်သမား ၅ ဦးအပါအ၀င် သေဆုံးသူ ၇၂ ဦး ရှိတယ်လို့ ကင်ညာအစိုးရက ကြေညာခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ သေဆုံးခဲ့သူတွေ အတွက် ဗုဒ္ဓဟူးနေ့ကစပြီး နိုင်ငံတော် ၀မ်းနည်းစရာနေ့အဖြစ် ၃ ရက်ကြာ သတ်မှတ်ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ကင်ညာနိုင်ငံမှာ နောက်ထပ် သွေးထွက်သံယိုမှုတွေ ဆက်လုပ်သွားဦးမယ်လို့ အလ်ရှာဘာ့ဘ်အဖွဲ့ခေါင်းဆောင် အာမဒ် အဗ္ဗဒီ ဂိုဒိန်းက သမ္မတ မိန့်ခွန်း ပြောကြားပြီး နောက်တနေ့ စက်တင်ဘာလ ၂၅ ရက် နေ့မှာ သူတို့ရဲ့အင်တာနက်ဝက်ဆိုဒ်မှာ အသံဖိုင်တင်ပြီး ခြိမ်းခြောက်ခဲ့ပါတယ်။

အီရန်နိုင်ငံမှာ သမ္မတသစ် Hassan Rouhani က ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ နှစ်စဉ် ညီလာခံတရပ် တက်ရောက်ရင်း အမေရိကန်သမ္မတ အိုဘားမားနဲ့ တွေ့ဆုံပြီးချိန်မှာ တာ့ အမေရိကန်နိုင်ငံနဲ့ တင်းမာမှုတွေ လျော့ချပြီး အီရန် နျူးကလီယားအရေး ဆွေးနွေးတော့မယ်လို့ စက်တင်ဘာလထဲမှာ အီရန်က ကြေညာခဲ့ပါတယ်။ စက်တင်ဘာလ ၂၆ ရက်နေ့မှာတော့ ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ရင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ သီးခြားတွေ့ဆုံခဲ့ပြီး အီရန်နိုင်ငံနဲ့ ဒေသတွင်း အရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြ ပါတယ်။

အောက်တိုဘာလ

အောက်တိုဘာလ ၁ ရက်နေ့မှာတော့ အမေရိကန်သမ္မတ Barack Obama က သူရဲ့ ကျန်းမာရေး ၀န်ဆောင်မှု အစီအစဉ်တွေကို Republican တွေက ဖျက်လိုဖျက်ဆီးလုပ်နေပြီး အတွေးအခေါ် တိုက်ပွဲ ဆင်နွှဲနေတယ်လို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ် အစိုးရရပ်ဆိုင်းမှု ဖြစ်ပေါ်ခဲ့ပြီး နယူးယောက်မြို့က အထင်ကရ Liberty ရုပ်ထုကြီးဟာလည်း ဧည့်သည်တွေ လာရောက်လည်ပတ်မှုကို ခေတ္တ ပိတ်ထားခဲ့ရ ပါတယ်။ သမ္မတ အိုဘားမားရဲ့ ကျန်းမာရေး ၀န်ဆောင်မှုအစီအစဉ်အပေါ်မှာ Republican အမတ်တွေနဲ့ သမ္မတ အိုဘားမားတို့ အကြား ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေတာကြောင့် အစိုးရရုံးဌာနတွေ အားလုံး ပိတ်ခဲ့ရပြီး ကုန်သွယ်ရေးအစ ကျန်းမာရေး သုတေသနတွေအဆုံး လုပ်ငန်းတွေအကုန် နှောင့်နှေးသွားခဲ့ပါတယ်။

အောက်တိုဘာလ ၅ ရက်နေ့မှာ အီတလီနိုင်ငံ Sicily ကျွန်းအနီး တရားမ၀င် ခိုးဝင်သူများရဲ့ လှေတစီး နစ်မြှုပ်ခဲ့တာကြောင့် လှေပေါ်ပါသူ ၃၀၀ လောက် သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ ဥရောပကို တရားမ၀င် ခိုးဝင်မှုသမိုင်းမှာ အဆိုးဆုံး ဖြစ်ရပ်တခုပါ။ ပင်လယ်လှိုင်း ကြမ်းတမ်းနေခဲ့တာကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေလည်း ခရီးမတွင်ခဲ့ပါဘူး။ အောက်တိုဘာလ ၆ ရက်နေ့မှာ တရားမ၀င် ခိုးဝင်သူတွေဟာ Sicily ကျွန်းပေါ်က Syracuse မြို့ကို ထပ်မံရောက်ရှိခဲ့ကြပြီး ကမ်းခြေစောင့်တပ်ဖွဲ့တွေက ကူညီ ထောက်ပံ့မှုတွေ ပေးခဲ့ကြပါတယ်။ ရေနစ်သေဆုံးသူ ၁၉၄ ဦးရဲ့ ရုပ်အလောင်းတွေကို ပြန်လည် ဆယ်ယူနိုင်ခဲ့ပါတယ်။

အောက်တိုဘာလ ၁၉ ရက်နေ့မှာ Latvia နိုင်ငံ Riga မြို့က ကုန်တိုက်ကြီးတခု ခေါင်မိုးပြိုကျခဲ့ လို့ လူ ၅၄ ဦး သေဆုံးခဲ့ပါတယ်။ Latvia နိုင်ငံဟာ အီးယူအဖွဲ့ဝင်ဖြစ်ခါနီးမှာပဲ ကုန်တိုက်ကြီး ပြိုကျပြီး လူတွေ သေကျေခဲ့တဲ့ဖြစ်ရပ်ဟာ သူ့မှာ တာဝန်ရှိတယ်ဆိုပြီး Latvia ရဲ့ သက်တမ်း အရှည်ဆုံးဝန်ကြီးချုပ် Valdis Dombrovskis ဟာ ရာထူးက နှုတ်ထွက်သွား ပါတယ်။

၎ ရက်ကြာ ဆွေးနွေးပြီး သဘောတူညီမှု ရခဲ့ကြတာကြောင့် အီရန်နိုင်ငံနဲ့ အင်အားကြီး နိုင်ငံတွေအကြား ယုံကြည်မှု တည်ဆောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီသဘောတူညီချက် ကြောင့် ဆယ်စုနှစ်တခုကြာ တင်းမာမှု၊ ထိပ်တိုက်ရင်ဆိုင်မှုတွေကနေ အရှေ့အလယ်ပိုင်း စစ်မီးတခု ဖြစ်ပွားလာနိုင်တဲ့ အခြေအနေတခုကို ရှောင်လွဲနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

နိုဝင်ဘာလ

ကြောက်စရာ သဘာဝဘေးကြီးကို အရှေ့တောင်အာရှက ဖိလစ်ပိုင်နိုင်ငံ ရင်ဆိုင် ကြုံတွေ့ခဲ့ရပါတယ်။ ၂၀၁၃ ခုနှစ်ရဲ့ လေတိုက်နှုန်းအပြင်းထန်ဆုံးနဲ့ ကုန်းတွင်း ၀င်ရောက်ခဲ့တဲ့ မုန်တိုင်းတွေထဲမှာ အင်အားအပြင်းထန်ဆုံး ဟိုင်ရန်မုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းကို နိုဝင်ဘာလ ၈ ရက်နေ့မှာ ၀င်ရောက် တိုက်ခတ်ခဲ့ပါတယ်။ လေတိုက်နှုန်းဟာ တနာရီ မိုင် ၁၇၀ ရှိပြီး ပင်လယ်ရေလှိုင်းအမြင့် ၁၅ ပေကနေ ၁၉ ပေအထိ ရှိခဲ့ပါတယ်။ နိုဝင်ဘာလ ၁၆ ရက်မှာ အရေးပေါ်ကယ်ဆယ်ရေး အကူအညီတွေရောက်ရှိလာခဲ့ပြီး မုန်တိုင်းဒဏ်ခံပြည်သူ တွေဟာ သူတို့ရဲ့ ပျက်ဆီးခဲ့တဲ့နေအိမ်တွေကို ပြန်လည် ပြုပြင်ခဲ့ကြပါတယ်။ ကုလသမဂ္ဂ ခန့်မှန်းတာရဲ့ နှစ်ဆဖြစ်တဲ့ လူဦးရေ ၂ သန်းလောက်လာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြပြီး စုစုပေါင်းလူ ၆၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

နိုဝင်ဘာလ ၂၅ ရက်နေ့မှာတော့ ယူကရိန်းနိုင်ငံမှာ အီးယူနဲ့ ပူးပေါင်းဖို့ တောင်းဆို ဆန္ဒပြသူတွေကို အကြမ်းဖက် လူစုခွဲခဲ့တာကြောင့် ဆန္ဒပြသူတွေနဲ့ ရဲတွေအကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ အကျဉ်းချခံ ထားရတဲ့ ယူကရိန်း အတိုက်အခံခေါင်းဆောင် ယူလီယာ တိုင်မိုရှန်ကို ကလည်း အစာငတ်ခံ ဆန္ဒပြဖို့ ကြေညာခဲ့ပါတယ်။ ယူကရိန်းသမတ ဗစ်တာ ယန်နျူကိုဗစ် က အီးယူနဲ့ ကုန်သွယ်ရေးလုပ်ဖို့ အခက်အခဲရှိပေမယ့် ယူကရိန်းနိုင်ငံကို အီးယူနိုင်ငံတွေရဲ့ အဆင့်အတန်းအတိုင်း ဖြစ်စေရမယ်လို့ အစောပိုင်းက ရုပ်မြင်သံကြား မိန့်ခွန်းတခုမှာ ပြောကြားခဲ့ပါတယ်။ သမ္မတ ယန်နူကိုဗစ်ရဲ့ ရုရှားနိုင်ငံနဲ့ ပူးပေါင်းမယ့်အစီအစဉ်ကို ဆန့်ကျင်ကန့်ကွက်သူတွေက Kiev မြို့မှာရှိတဲ့ လီနင်ရုပ်တုကို ဆွဲချခဲ့ပြီး ထုခွဲခဲ့ကြပါတယ်။

ဒီဇင်ဘာလ

၂၀၁၃ ရဲ့ နောက်ဆုံးလ ဒီဇင်ဘာလအတွင်းမှာတော့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်မှုတွေက ဆက်တိုက်လိုလို ဖြစ်နေခဲ့ပါတယ်။ ထိုင်းဆန္ဒပြခေါင်းဆောင် ဆူတစ်ဟာ ၀န်ကြီးချုပ်ယင်လပ်နဲ့ အစိုးရကို အပြီးသတ် ဖြုတ်ချနိုင်ဖို့ အစိုးရအိမ်တော်ကို ချီတက်ဝန်းရံဖို့ ဒီဇင်ဘာလ ၉ ရက်နေ့က ဘန်ကောက်မြို့က ဆန္ဒပြသူတွေကို လှုံ့ဆော်ခဲ့ပါတယ်။ လူထု ချီတက်ပွဲမတိုင်ခင် အစောပိုင်းမှာ ၀န်ကြီးချုပ်ယင်လပ်ဟာ ထိုင်းပါလီမန်ကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ ပါတယ်။ ဖေဖော်ဝါလ ၂ ရက် ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲအတွက် ပါတီတွေ မှတ်ပုံတင်နေတာကို ကန့်ကွက်သူတွေနဲ့ ရဲတပ်ဖွဲ့အကြား နောက်ဆုံး ထိပ်တိုက်တွေ့မှု အပြီး ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကို အကန့်အသတ်မရှိ ရွေ့ဆိုင်းပေးဖို့ အစိုးရကို အဆိုပြုလိုက်ပါတယ်။ ပဋိပက္ခဖြစ်နေတဲ့ ဘက်အားလုံးကြားမှာ သဘောတူညီချက် မရရင် ၂၀၁၄ ဖေဖော်ဝါရီလ ၂ ရက်နေ့ ရွေးကောက်ပွဲကို ကျင်းပနိုင်မှာ မဟုတ်ဘူးလို့ ကော်မရှင်ရဲ့ ကြေညာချက်က ဆိုပါတယ်။ ရဲတွေနဲ့ အစိုးရဆန့်ကျင်ဆန္ဒသူတွေကြား ရုန့်ရင်းဆန်ခတ် ဖြစ်ပွားခဲ့ပေမယ့် ဖေဖော်ဝါရီလ ရွေးကောက်ပွဲကိုတော့ စီစဉ်ထားတဲ့အတိုင်း ဆက်လုပ်မယ်လို့ အစိုးရက အခိုင်အမာ ပြောပါတယ်။ လက်ရှိနိုင်ငံရေးအကျပ်အတည်း အရှိန်မြင့်တက်နေပေမယ့် စစ်တပ်က ၀င်စွက်ဖက်ဖို့မှာ အစီအစဉ်မရှိဘူးလို့ ထိုင်းစစ်ဦးစီးချုပ်က သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။ ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ အတွင်းမှာ အာဏာသိမ်းမှု ၁၈ ကြိမ် ဖြစ်ခဲ့တာပါ။ ထိုင်းနိုင်ငံမှာ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ကို အားပေးတဲ့ ထိုင်းမြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းက ထောက်ခံသူတွေနဲ့ ဘန်ကောက်ဝန်းကျင်က လူလတ်တန်းစားတွေကြား မှာ စိတ်ဝမ်းကွဲပြားမှုတွေ ပိုကျယ်ပြန့်နေပါတယ်။

ဒီဇင်ဘာလ ၅ ရက်နေ့မှတော့ တောင်အာဖရိကခေါင်းဆောင် Nelson Mandela ဟာ သူရဲ့ ဂျိုဟန် နက်စဘာ့ခ် က နေအိမ်မှာ ငြိမ်းငြိမ်းချမ်းချမ်း သေဆုံးသွားပြီလို့ တောင်အာဖရိကသမတ Jacob Zuma က ရုပ်မြင်သံကြားကနေ ကြေညာခဲ့ပါတယ်။ မင်ဒဲလားရဲ့ နောက်ဆုံးခရီးကို ကမ္ဘာ့ခေါင်းဆောင်တွေ၊ နယ်ပယ်အသီးသီးက အောင်မြင်ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေ လာရောက် ပို့ဆောင် နှုတ်ဆက်ခဲ့ကြပါတယ်။ အသုဘအခမ်းအနားကို နိုင်ငံတော် အခမ်းအနားနဲ့ ကျင်းပခဲ့ပြီး တောင်အာဖရိက အမျိုးသား အလံကိုလည်း တိုင်ဝက်လွင့်ထူခဲ့ကြပါတယ်။ ၁၉၉၄ ကနေ ၁၉၉၉ ခုနှစ် အတွင်း တောင်အာဖရိက ရဲ့ သမ္မတရာထူးကို ထမ်းဆောင်ခဲ့တဲ့ မင်ဒဲလားဟာ အသက် ၉၅ နှစ် အရွယ်မှာ သေဆုံးခဲ့ပါတယ်။ သူ့ရဲ့ ဘ၀တလျှောက် စွမ်းဆောင်မှုတွေကြောင့် နိုဘယ် ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခံခဲ့ရပါတယ်။ မင်ဒဲလားရဲ့ ရုပ်အလောင်းကို ကိပ် အရှေ့ပိုင်း ကျေးလက်ဒေသက သူ့ရဲ့ဘိုးဘွားပိုင် အိမ်ရှိရာ ကွယ်နျူမှာ ဂူသွင်း သင်္ဂြိုဟ်ပါတယ်။
DVB Burmese