ကမ္ဘာ့ဒုတိယ အများဆုံး ဘိန်းစိုက်ပျိုးမှုနိုင်ငံအဖြစ်မှ လွတ်မြောက်ရန် အရှိန်အဟုန်မြင့်ဆောင်ရွက်လာသော အစိုးရ၏ဘိန်းတိုက်ဖျက်ရေးစီမံချက် အရ ပင်လောင်းမှာ ဖျက်ဆီးဖို့ ဘိန်းခင်း ၅ ရာခိုင်နှုန်းသာ ကျန်ဟုဆို

ပို့စ်တင်ချိန် - 1/03/2014 06:15:00 AM


ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်နှင့် နောင်တရားရွာအတွင်း ၂၀၁၃ ခုနှစ်အတွင်း ဘိန်းစိုက်ခင်း ဧကပေါင်း ၈၀၀၀ ကျော်မှ ဧက ၇၆၀၀ ကျော် ဖျက်ဆီးပြီးသွားပြီဖြစ်ကြောင်း ပင်လောင်းမြို့နယ် ရဲတပ် ဖွဲ့မှူး ရဲမှူးမြင့်သိန်းက ဒီဇင်ဘာ ၃၁ ရက်က မဇ္ဈိမကို ပြောသည်။

ထို့ကြောင့် အဆိုပါဒေသ ဘိန်းစိုက်ခင်းများ၏ ၉၅ ရာခိုင်နှုန်းကျော် ဖျက်ဆီးပြီးဖြစ်၍ ငါးရာခိုင်နှုန်းကျော် သာကျန်ရှိနေပြီး ဆယ်စုနှစ်အတွင်း ပင်လောင်းမြို့နယ်တွင် စံချိန်တင်ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်ဟု ဆိုသည်။

“အောက်တိုဘာလလယ်ကနေပြီးတော့ စဖျက်ခဲ့တယ်၊ အဓိကတော့ ဖူးပွင့်ဆဲအချိန်တွေ၊ သီးပွင့်ဆဲအချိန်တွေမှာ ဘိန်းခင်းကို ဖျက်ပါတယ်”ဟု ရဲမှူးမြင့်သိန်းက ပြောသည်။

ပင်လောင်း၊ နောင်တရားမြို့နယ် နှစ်ခုပေါင်း ကျေးရွာအုပ်စု ၄၆၃ အုပ်စု ရှိသည့်အနက် ၉၄ ရွာ ၀န်းကျင် လောက်သည် ဘိန်းစိုက်ပျိုးမှုများ ပြုလုပ်လျက်ရှိပြီး ဘိန်းစိုက်ခင်းဧက စုစုပေါင်း ၈၀၀၀ ကျော်ရှိနိုင် ကြောင်း ပင်လောင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သိန်းက ဆိုသည်။

ပင်လောင်းမြို့နယ်၊ ထီဖောင်းကျေးရွာအုပ်စု၊ထာငိုကျေးရွာမှ ဘိန်းစိုက်တောင်သူတစ်ဦးဖြစ်သူ ခွန်မောင်လှက “ဘိန်းမစိုက်ခင်က လက်ဖက်တို့၊ တောင်ယာစပါးတို့ စိုက်တယ် လက်ဖက်လည်း ဈေးကျသွား တော့ စားဝတ်နေရေးအခြေအနေအရ ဘိန်းစိုက်ပျိုးနေရခြင်းဖြစ်တယ်”ဟု မဇ္ဈိမကို ပြောသည်။

ပင်လောင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သိန်းက “ကျွန်တော်တို့ ရဲတပ်ဖွဲ့အနေနဲ့ကတော့ ဘိန်းတိုက် ဖျက်ရေးစီမံချက်ချပြီးတော့ ဆောင်ရွက်နေပါတယ်၊ ပြစ်မှုပြစ်ဒဏ်တွေကို ပညာပေးဟောပြောတာတွေ၊ စိုက်ပြီးတော့ ခြစ်ယူတဲ့ ဘိန်းဆီတွေ တစ်ဆင့်ရောင်းချလို့ သိရင်လည်း ထောင်ဒဏ်ကနေ သေဒဏ်အ ထိ ချနိုင်တယ်ဆိုတာမျိုးတွေ ဥပဒေရဲ့ တားမြစ်ချက်တွေကို အဓိကထားပြီး လုပ်ဆောင်နေပါတယ်”ဟု မဇ္ဈိမကို ပြောသည်။

ပင်လောင်းမြို့နယ်အတွင်း ဘိန်းကူးသန်းရောင်းဝယ်မှုများအတွက်လည်း ၂၀၁၃ ခုနှစ်တွင် ဖမ်းဆီးရရှိမှု ကာလတန်ဖိုး ကျပ်သိန်း တစ်သောင်းတစ်ထောင်ကျော် ရှိပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

၂၀၁၂ ခုနှစ် ဖျက်ဆီးစဉ်က ဘိန်းခင်းဧက ၆၅၀၀ ကျော် ဖျက်ဆီးနိုင်ခဲ့ပြီး ယခုနှစ်ဖျက်စီးနိုင်မှုသည် ဧက တစ်ထောင်ကျော် ပိုမိုလာကြောင်း ၎င်းက ဆိုသည်။

ပင်လောင်းမြို့ဆိုတာ ပထ၀ီအနေအထားအရ စိုက်ပျိုးမြေလုံလောက်မှု နည်းတယ်၊ တောင်စောင်းတွေ၊ လျှိုမြောင်ချိုင့်ဝှမ်းတွေ များတယ်၊ ရေလုံလောက်မှုမရှိတဲ့အတွက် ကျေးရွာတွေမှာ လမ်းပန်းဆက်သွယ် ရေးအရ အခြားသီးနှံတွေက တွက်ခြေမကိုက်နိုင်တာလည်း ဖြစ်နိုင်တယ်ဟု ပင်လောင်းမြို့နယ် ရဲတပ်ဖွဲ့ မှူး ရဲမှူးမြင့်သိန်းက သုံးသပ်ပြောဆိုသည်။

ဘိန်းစိုက်ပျိုးရာတွင်လည်း ဓာတ်မြေသြဇာ အသုံးပြုနိုင်မှု၊ ဘိန်းမြေကောင်းမှုအပေါ်မူတည်ပြီး ဈေးနှုန်းရ ရှိမှု ကွာခြားချက်ရှိကြောင်း တစ်ဧကကို ဘိန်းစိမ်း တစ်ပိဿာ၊ နှစ်ပိဿာထွက်ရှိပြီး ဘိန်းစိမ်းတစ်ပိဿာ လျှင် အနိမ့်ဆုံး ကျပ်လေးသိန်းကျော် ပေါက်ဈေးရှိကြောင်း ဘိန်းစိုက်တောင်သူတစ်ဦးဖြစ်သူ ခွန်မောင် လှက ဆိုသည်။

အခြားသီးနှံ စိုက်ပျိုးခြင်းနှင့် ဘိန်းစိုက်ပျိုးခြင်းသည် ၀င်ငွေရလမ်း လေးပုံတစ်ပုံခန့် ကွာခြားမှုရှိကြောင်း၊ နှစ်ရှည်ပင်များသည် စောင့်ရချိန်ကြာမြင့်သည့်အတွက် စားဝတ်နေရေးခက်ခဲကြောင်း ဘိန်းစိုက်တောင် သူများက ဆိုကြသည်။

“ကျွန်တော်တို့အနေနဲ့ ဘိန်းမစိုက်ပျိုးတော့ဘူးဆိုရင် အခြား အစားထိုးသီးနှံတွေကို နည်းပညာကောင်း တွေ ပေးဖို့လိုအပ်တယ်၊ ဈေးကွက်နဲ့ လမ်းပန်းဆက်သွယ်ရေးလည်း အများကြီး လိုအပ်ပါတယ်”ဟု တောင်သူ ဦးလွန်းကျော်က မဇ္ဈိမကို ပြောသည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး (UNODC) အနေနှင့်လည်း ဘိန်းစိုက်ပျိုးမှုပပျောက်အောင် အစားထိုးသီးနှံ၊ နည်းပညာပေးမည် ပြန်လည်ထူထောင်ရေး လုပ်ပေးမည်ဟုသာကြားသိရပြီး လက်တွေ့ လုပ်ဆောင်မှုမျိုး မရှိသေးကြောင်း သိရသည်။

ပင်လောင်း၊ နောင်တရားမြို့နယ်များသည် PNLO ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ သဖြစ်ပြီး PNLO အနေဖြင့်လည်း ဘိန်းမစိုက်ပျိုးရန်၊ ပညာပေးဟောပြောခြင်းများ ပြုလုပ်ပေးနေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးများက ပြောသည်။

လတ်တလောအခြေအနေတွင် ဘိန်းစိုက်ပျိုးမှုပပျောက်ရန် လိုအပ်မှုများ ရှိနေသေးပြီး ဖျက်ဆီးနေသည့် အဆင့်၊ ဖမ်းဆီးသည့်အဆင့်တွင်သာ ရှိသေးသော်လည်း နောင်တွင် မြေယာဥပဒေများအရ တရားမ၀င် သီးနှံအဖြစ် သတ်မှတ်ကာ အရေးယူသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

၂၀၁၃ ဇန်န၀ါရီ ၁၂ ရက်က စင်တောင်ကျေးရွာအုပ်စု၊ ထိသလိကျေးရွာအတွင်း ဘိန်းစိမ်းပိဿာချိန်တစ် သန်း ဖမ်းဆီးရရှိမိခဲ့ဖြစ်သည်။

၂၀၁၃ ခုနှစ်အတွင်း ဒီဇင်ဘာ ၂၅ ရက်အထိ စာရင်းအရ ရှမ်းပြည်တစ်ပြည်လုံးအတိုင်းအတာဖြင့် ဘိန်း စိုက်ဧကပေါင်း ၂၇၀၀၀ ကျော် ဖျက်စီးနိုင်ခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ရုံးမှ သိရသည်။

မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်ပြီးလျှင် တစ်ကမ္ဘာလုံး ဒုတိယအများဆုံး ဘိန်းစိုက်ပျိုးသော နိုင်ငံဖြစ် ပြီး တစ်နိုင်ငံလုံး ဘိန်းစိုက်ပျိုးမှု၏ ၉၀ ရာခိုင်နှုန်းသည် ရှမ်းပြည်နယ်တွင်ရှိသည်ဟု ကုလသမဂ္ဂ မူးယစ် ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၁၃ ဇွန်လအတွင်းက ထုတ်ပြန်ထားသည်။
Mizzima Burmese