အေးရှားဝေါလ် ကုမ္ပဏီသည် ၂၀၁၀ ပြည့်နှစ်ကတည်းက ပြည်သူ့ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာသန်း ၂၀ ကို ၅ ဒသမ ၅ ရာခိုင်နှုန်းတိုးဖြင့် ချေးယူသုံးစွဲထားပြီး နိုင်ငံတော်သို့ ယခုအထိ အကျေပြန်မဆပ်

ပို့စ်တင်ချိန် - 1/03/2014 02:17:00 PM


အေးရှားဝေါလ် ကုမ္ပဏီသည် ၂၀၁၀ ပြည့်နှစ်ကတည်းက ပြည်သူ့ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာသန်း ၂၀ ကို ၅ ဒသမ ၅ ရာခိုင်နှုန်းတိုးဖြင့် ချေးယူသုံးစွဲထားပြီး နိုင်ငံတော်သို့ ယခုအထိ အကျေပြန်မဆပ်၊ ပေးဆပ်ရန်ညှိနှိုင်းရာတွင်လည်း ရှစ်နှစ်ကျော်ကြာသည်အထိ ဆပ်ရမည့်အစီအစဉ်ဖြင့် ပေးမည်ဟုပြန်လည်တင်ပြ

အေးရှားဝေါလ် ကုမ္ပဏီ၏ ကုမ္ပဏီခွဲ တစ်ခုဖြစ်သည့် ရှေ့ဆောင်လေဆိပ် ၀န်ဆောင်မှု ကုမ္ပဏီလီမိတက်သည် ပြည်သူ့ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ သန်း ၂၀ (ကျပ်သိန်းပေါင်း နှစ်သိန်းနီးပါး၊ တစ်ဒေါ်လာ ကျပ် ၉၉၀ နှုန်းဖြင့်) ကို ၅ ဒသမ ၅ ရာခိုင်နှုန်းတိုးဖြင့် ၂၀၁၀ ပြည့်နှစ်ကတည်းက ချေးယူသုံးစွဲထားပြီး စာချုပ်ပါ ပြန်လည်ပေးဆပ်ရမည့်အချိန် ကျော်လွန်သည်အထိ ပြန်လည်ပေးဆပ်ခြင်းမရှိကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနဖြင့် နီးစပ်သည့် အသိုင်းအ၀ိုင်းထံမှ စုံစမ်းသိရှိရသည်။

နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေး စီမံကိန်း အပိုင်း (၁)နှင့် အပိုင်း(၂) တည်ဆောက်ရန်အတွက် ရှေ့ဆောင်လေဆိပ် ၀န်ဆောင်မှု ကုမ္ပဏီလီမိတက် (အေးရှားဝေါလ် ကုမ္ပဏီလီမိတက်) အား ပြည်သူ့ဘဏ္ဍာထဲမှ ကြိုတင်ထုတ်ချေးပေးရသည့် အမေရိကန်ဒေါ်လာ ၃၅ သန်းကျော်နှင့် တရုတ်နိုင်ငံ EXIM Bank မှ ချေးငွေအမေရိကန်ဒေါ်လာ သန်း ၂၀၀ တို့အပြင် တရုတ်ချေးငွေသန်း ၂၀၀ မရရှိမီ သုံးရန်အတွက် နောက်ထပ်ပြည်သူ့ဘဏ္ဍာထဲမှပင် ထပ်မံ၍ အမေရိကန်ဒေါ်လာ သန်း ၂၀ ကို နိုင်ငံတော်က ထုတ်ချေးပေးခဲ့ရကြောင်း သိရသည်။ ပြည်သူ့ဘဏ္ဍာထဲမှ အမေရိကန်ဒေါ်လာ သန်း ၂၀ ကို မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်မှ စတင်ထုတ်ချေးစဉ်က ရှေ့ဆောင်လေဆိပ်ဝန်ဆောင်မှု ကုမ္ပဏီလီမိတက် (အေးရှားဝေါလ်) အနေဖြင့် တရုတ်ချေးငွေဒေါ်လာ သန်း ၂၀၀ စတင် ထုတ်ယူသုံးစွဲသည်နှင့် အရင်းအမေရိကန်ဒေါ်လာ သန်း ၂၀ နှင့် အဆိုပါဒေါ်လာ သန်း ၂၀ အတွက်ပေးရမည့် အတိုးအားလုံးကို တစ်လုံးတစ်ခဲတည်း ပြန်ဆပ်မည်ဟု ၂၀၁၀ ပြည့်နှစ် ဇူလိုင်လကတည်းက သဘောတူစာချုပ်ပြီး ချေးယူထားခြင်းဖြစ်သည်။

ရှေ့ဆောင်လေဆိပ်ဝန်ဆောင်မှု ကုမ္ပဏီလီမိတက် (အေးရှားဝေါလ်)သည် တရုတ်နိုင်ငံ EXIM Bank ထံမှ ချေးငွေအမေရိကန်ဒေါ်လာ သန်း ၂၀၀ ကို ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက ရရှိခဲ့သော်လည်း စာချုပ်ပါ စည်းကမ်းအတိုင်း ပြည်သူ့ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ သန်း ၂၀ (ကျပ်သိန်းပေါင်း နှစ်သိန်းနီးပါး) နှင့် အတိုးကို ယခုအထိ အကျေအလည် ပြန်လည်ပေးဆပ်ခြင်း မရှိဘဲ ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်း ရောက်သည်အထိ ဒေါ်လာ ၂ ဒသမ ၆ သန်းကိုသာ ပြန်ဆပ်ခဲ့သည်ဟု သိရသည်။

၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက ပြန်ဆပ်ရမည့် အမေရိကန်ဒေါ်လာ သန်း ၂၀ နှင့် အတိုးစုစုပေါင်းကို ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်း ရောက်သည်အထိ အကျေအလည် ပြန်မဆပ်သည့်အတွက် ချေးငွေပြန်လည်ပေးဆပ်ရေးအတွက် ကုမ္ပဏီဖြင့် ညှိနှိုင်းခဲ့ရာ ကုမ္ပဏီမှ ချေးငွေပေးဆပ်မည့် အစီအစဉ်အသစ်ကို မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်သို့ ပြန်လည်အဆိုပြု တင်ပြထားသည်ဟု သိရသည်။

ရှေ့ဆောင်လေဆိပ်ဝန်ဆောင်မှု ကုမ္ပဏီလီမိတက် (အေးရှားဝေါလ်) မှ အဆိုပြုချက်အရ ဆိုပါက တစ်လလျှင် ဒေါ်လာနှစ်သိန်းနှုန်းဖြင့်သာ ပေးဆပ်မည်ဖြစ်၍ အကျေရရှိရန် ဆိုပါက ရှစ်နှစ်ကျော် ကြာမြင့်မည်ဟု သိရသည်။

နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရန်အတွက် တရုတ်နိုင်ငံ EXIM Bank ထံမှ ချေးငွေအမေရိကန်ဒေါ်လာ သန်း ၂၀၀ ရယူရာတွင် အတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်း ပေးဆောင်ရကြောင်း၊ EXIM Bank သို့ ပေးဆပ်ရမည့် အတိုးနှင့် ကတိခံကြေးများကိုမူ ရှေ့ဆောင်လေဆိပ်ဝန်ဆောင်မှု ကုမ္ပဏီလီမိတက် (အေးရှားဝေါလ်)မှ ပေးဆပ်ကြောင်း၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်သို့ ပေးချေရမည့် အရင်းနှင့်အတိုးများကို သတ်မှတ်ချိန်အတွင်း အကျေပြန်မဆပ်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ပြည်သူ့ဘဏ္ဍာထဲမှ အမေရိကန်ဒေါ်လာ သန်း ၂၀ ကို ထုတ်ချေးရာတွင်လည်း အတိုးနှုန်း ၅ ဒသမ ၅ ရာခိုင်နှုန်းတည်းနှင့် ထုတ်ချေးပေးထားခြင်းဖြစ်ကြောင်း၊ ၎င်းအပြင် Advance Payment အဖြစ် နိုင်ငံတော်မှ ထုတ်ချေးပေးထားသည့် အမေရိကန်ဒေါ်လာ ၃၅ သန်းကျော်ကိုလည်း ၅ ဒသမ ၅ ရာခိုင်နှုန်းဖြင့်သာ ထုတ်ချေးပေးခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ အမေရိကန်ဒေါ်လာ ၃၅ သန်းအား ၂၀၁၆ ခုနှစ် ရောက်ရှိမှသာ စတင်ပေးဆပ်ရန်အထိ ခွင့်ပြုပေးထားကြောင်း သိရသည်။

နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ် တစ်ခုတည်း တည်ဆောက်ရန်အတွက် နိုင်ငံတော် ပြည်သူ့ဘဏ္ဍာထဲမှ အမေရိကန်ဒေါ်လာ ၅၅ သန်းကျော်နှင့် ပြည်ပမှ အမေရိကန်ဒေါ်လာ သန်း ၂၀၀ စုစုပေါင်း သန်း ၂၅၀ ကျော် ထုတ်ချေးပေးခဲ့ခြင်းဖြစ်သည်။

တရုတ်သို့ ပြန်ဆပ်ရမည့် အမေရိကန်ဒေါ်လာ သန်း ၂၀၀ မှာလည်း ၁၅ နှစ်အတွင်း ပြန်ဆပ်ရန် သတ်မှတ်ထားပြီး ဆိုင်းငံ့ကာလကိုလည်း ငါးနှစ်ပေးထားသည့်အတွက် နှစ် ၂၀ သက်တမ်းဖြင့် ထုတ်ချေးခြင်းဟု သိရသည်။

အေးရှားဝေါလ် ကုမ္ပဏီလီမိတက် (ရွှေ စွမ်းအင်ကုမ္ပဏီ အမည်ဖြင့်) သောက်ရေခပ် (၂) ရေအားလျှပ်စစ် စီမံကိန်းကို တည်ဆောက်ခွင့် ရရှိသည့် အချိန်ကလည်း မြန်မာနိုင်ငံအပေါ် တရုတ်က ထုတ်ချေးထားသည့် ချေးငွေများထဲမှ အမေရိကန်ဒေါ်လာ သန်း ၇၀ ကျော် ထည့်သွင်းအသုံးပြု တည်ဆောက်သွားခြင်းသာ ဖြစ်ကြောင်းလည်း သိရသည်။
eleven media group