ရဲအယောင်ဆောင်၍ အိမ်ပေါ်တက်လုယက်မှုမှာ အစ်ကိုဝမ်းကွဲ၏ ခိုင်းစေမှုကြောင့်ဖြစ်ဟုဆို

ပို့စ်တင်ချိန် - 1/07/2014 01:15:00 AM


ရဲအယောင်ဆောင်ကာ နေအိမ်ပေါ်တက်ပြီး ကျပ်သိန်း ၇၀ ကျော် အုပ်စုလိုက်လုယက်မှုမှာ ဆွေမျိုးသားချင်း အချင်းချင်း စေခိုင်းခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ထန်းတပင်မြို့နယ်အတွင်းရှိ နေအိမ်သို့ ဒီဇင်ဘာ ၂၄ ရက်က ညအချိန် လူတစ်စုက ရဲအယောင်ဆောင်ကာ ရွှေငွေပစ္စည်း ကျပ်သိန်း ၇၀ ကျော်ဖိုးအား လုယက်သွားခဲ့သည်။ သက်ဆိုင်ရာမှ စုံစမ်းဆောင်ရွက်ခဲ့ရာ လုယက်ခံခဲ့ရသည့် အိမ်ရှင်၏ အစ်ကိုဝမ်းကွဲတော်စပ်သူက ၎င်းဆွေမျိုးနီးစပ်ဖြစ်သူများကို လုယက်ရန် စေခိုင်းခဲ့ခြင်းဖြစ်ပြီး ဇန်န၀ါရီ၁ ရက်က ပြစ်မှုကျူးလွန်သူလေးဦးအနက် သုံးဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။
အိမ်ရှင်၏ အစ်ကိုဝမ်းကွဲတော်စပ်သူသည် နေပြည်တော် ပုဗ္ဗသီရိနေ မရီးတော်စပ်သူ၏ မိသားစုဝင်များကို ဒီဇင်ဘာ ၂၄ ရက်က ခေါ်ဆိုခဲ့ပြီး ရန်ကုန်သို့ ရောက်ရှိသောအခါ မရီးဖြစ်သူ၏ ဖခင်အပါအ၀င် လူလေးဦးအား လှိုင်သာယာမြို့နယ် ၂၀ ရပ်ကွက် ဝေပုလ္လပတ်လမ်းထိပ်သို့ ချိန်းဆိုခဲ့ကာ လုပ်ဆောင်ရမည့်အကြောင်းအရာများကို ပြောကြားခဲ့သည်ဟုဆိုသည်။
လုယက်သွားခဲ့သည့် ရွှေငွေပစ္စည်း ကျပ်သိန်း ၇၀ ကျော် အနက် ရွှေငွေပစ္စည်းငွေ ကျပ်သိန်း ၄၀ ကျော် ပြန်လည်ရရှိခဲ့ပြီး ခိုင်းစေခဲ့သည့် အစ်ကိုဖြစ်သူနှင့် အခြားတစ်ဦးမှာ လွတ်မြောက်လျက် ရှိသေးကြောင်း သတင်းရရှိသည်။

ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ဒီဇင်ဘာ ၂၄ ရက် ည ၁၁ နာရီအချိန်ခန့်က ထန်းတပင်မြို့နယ် ရိုးလေးကျေးရွာမှ နေအိမ်တစ်ခုသို့ လူတစ်စုက ၎င်းတို့သည် လှိုင်သာယာအမှတ် (၂) ရဲတပ်ဖွဲ့မှဟု ဆိုကာ ရဲအယောင်ဆောင်ပြီး အိမ်ရှင်၏ မောင်ဖြစ်သူကို မူးယစ်ရမ်းကားမှုဖြင့် စခန်းတွင် ဖမ်းဆီးထားကြောင်း အမှုမဖွင့်လိုပါက  ငွေကျပ်ငါးသိန်း ပေးရမည်ဖြစ်ပြီး မပေးပါက ဒုက္ခရောက်သွားမည်ဟုဆိုကာ ခြိမ်းခြောက်ပြောဆိုခဲ့သည်။ အိမ်ရှင်လင် မယားနှစ်ဦးမှာ ကြောက်လန့်၍ နေအိမ်ရှိ အိပ်ခန်းအတွင်းမှ တောင်းခံသည့်ငွေများထုတ်စဉ် ၎င်းတို့က နေအိမ်ပေါ်တက်ကာ ရွှေငွေပစ္စည်းများ လုယက်သွားခြင်းဖြစ်သည်။
7 Day Daily