နယ်ဆင်မင်ဒဲလား၏ ဇနီး ပိုင်ဆိုင်ဖူးသော ဖော်ကာလေယာဉ် ပေါ်တွင် ပြခန်းဖွင့်မည်

ပို့စ်တင်ချိန် - 1/30/2014 09:31:00 AM




မန္တလေး၊ ဇန်နဝါရီ ၂၈

လူ့အခွင့်အရေးနှင့် တန်းတူညီမျှမှု အတွက် ရပ်တည်ပေးခဲ့သော တောင်အာဖရိက လူမည်းခေါင်းဆောင် နယ်ဆင်မင်ဒဲလား၏ ဇနီး ပိုင်ဆိုင်ခဲ့ဖူးသော FOKKER အမျိုးအစားလေယာဉ် F-28 ပေါ်၌ လေယာဉ်ပြခန်းနှင့် ကော်ဖီဆိုင်ကို မန္တလေးမြို့တော် ချမ်းမြသာစည် လေဆိပ်တွင် ယခုနှစ်အတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း ချမ်းမြသာစည် လေဆိပ် တာဝန်ရှိသူများထံမှ စုံစမ်းသိရှိ ရသည်။

မြန်မာ့လေကြောင်းက ပြေးဆွဲခြင်း မရှိတော့သည့် FOKKER အမျိုးအစား လေယာဉ် F-28 ပေါ်တွင် ယင်းကဲ့သို့ ဆိုင်ပြောင်းလဲဖွင့်ရန် စီစဉ်ရခြင်းမှာ မြန်မာ့လေကြောင်းနှင့် ဒေသခံများကို ဆက်ပြီး အလုပ်အကျွေးပြုရန် အတွက်ဖြစ်ကြောင်း၊ ယင်းအပြင် လေယာဉ်မောင်းခန်း ထဲရှိ ပစ္စည်းများကို အရှိအတိုင်း ထားရှိထားမည် ဖြစ်ပြီး မိမိ၏ လေယာဉ်မှူးဝတ်စုံ ကိုလည်း လေယာဉ်ပေါ် တက်ကြည့်သူများ အလှဓာတ်ပုံ ရိုက်နိုင်စေရန် ထားရှိထားမည် ဖြစ်ကြောင်း မြန်မာ့လေကြောင်း လေယာဉ်မှူးကြီး ဦးထင်လင်းက ပြောကြားသည်။

"လေယာဉ်သက်တမ်းက ပစ္စည်းဝယ်ထည့်ရင် မောင်းလို့ ရပါသေးတယ်။ ဒါပေမဲ့ FOKKER ကုမ္ပဏီက ဖျက်လိုက်တော့ စက်အရန်ပစ္စည်းက ဈေးကြီးတယ်။ စိတ်မချရဘူး။ ဒါကြောင့် F-28 လေယာဉ်ကို အနားပေးလိုက်တာပါ" ဟု ၄င်းက ဆိုသည်။

ယင်း F-28 လေယာဉ်သည် ချမ်းမြသာစည် လေဆိပ်တွင် အပြီးအပိုင် ရပ်နားထားရန် ဇန်နဝါရီလ ၂၇ ရက်နေ့က ရောက်ရှိလာခြင်း ဖြစ်သည်။ အဆိုပါ လေယာဉ်ကို နယ်သာလန်နိုင်ငံ Fokker Company က ထုတ်လုပ်ပြီး ၂၀၁၀ ပြည့်နှစ်တွင် တောင်အာဖရိက နိုင်ငံမှ ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်း F-28 လေယာဉ်ကို အာရပ်သူဌေး တစ်ဦးနှင့် တောင်အာဖရိကသမ္မတ နယ်ဆင်မင်ဒဲလား၏ ဇနီးတို့ ပိုင်ဆိုင်ခဲ့ ဖူးကြောင်း မြန်မာ့လေကြောင်း မှတ်တမ်းများအရ သိရှိရသည်။

နယ်ဆင်မင်ဒဲလားသည် ၁၉၁၈ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။

The Voice Weekly