အခြေခံဥပဒေ ပြုပြင်ရေးနှင့် ပတ်သက်၍ ပြည်သူလူထုနှင့် တွေ့ဆုံခဲ့ခြင်းသည် ဒီမိုကရေစီ၏ အခြေခံဖြစ်သော ပြည်သူလူထုကို လေးစားခြင်း ဆိုသည့်မူအရ လုပ်သည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ပို့စ်တင်ချိန် - 1/11/2014 07:11:00 PM


Written by:
အောင်သူထွန်း

ဇန်န၀ါရီ ၁၀ ရက်က ကလေးမြို့ လူထုတွေ့ဆုံပွဲ၌ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်
အခြေခံဥပဒေ ပြုပြင်ရေးနှင့် ပတ်သက်ပြီး ပြည်သူလူထုနှင့် တွေ့ဆုံခဲ့ခြင်းသည် ဒီမိုကရေစီ၏ အခြေခံဖြစ်သော  ပြည်သူလူထုကို လေးစားခြင်းဆိုသော မူအရ လုပ်ခဲ့သည်ဟု ဇန်န၀ါရီ ၁၀ ရက် ကလေးမြို့ လူထုတွေ့ဆုံပွဲ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“တစ်တိုင်းပြည်လုံးမှာ အခြေခံဥပဒေ ပြုပြင်ရေးနဲ့ ပတ်သက်ပြီး ပြည်သူလူထုနဲ့ တွေ့ဆုံပွဲတွေ လုပ်တယ်။ ပြည်သူလူထုရဲ့ ဆန္ဒကိုရယူခဲ့တာဟာ အဓိကအားဖြင့် ဒီမိုကရေစီရဲ့ အခြေခံဖြစ်တဲ့ ပြည်သူလူထုကို လေးစားခြင်းဆိုတဲ့မူအရ လုပ်တာပါ။ ပြည်သူလူထုကို မလေးစားဘဲနဲ့ ဒီမိုကရေစီ လူ့အသိုင်းအ၀ိုင်းကို ထူထောင်လို့ မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီရဲ့ အဓိပ္ပာယ် ဆိုတာက ပြည်သူလူထုရဲ့ သြဇာလွှမ်းမိုးရေး၊ ပြည်သူလူထုရဲ့ အုပ်ချုပ်ရေးစနစ်လို့ ပြောရမယ်။ ပြည်သူလူထုရဲ့ အုပ်ချုပ်ရေးစနစ်ကို လက်ခံတယ်ဆိုရင် ပြည်သူလူထုကို လေးစားရမှာပေါ့။ ကိုယ်မလေးစားတဲ့သူကို ကိုယ်ကနေပြီးတော့ ကိုယ့်ကိုအုပ်ချုပ်ခွင့် ပေးတယ်ဆိုတာ အဓိပ္ပာယ်မရှိဘူး။  ပြည်သူလူထုကို လေးစားတယ်ဆိုရင် ပြည်သူလူထု သိသင့်သိထိုက်တာတွေ အားလုံးကို တင်ပြရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ ကလေးမြို့ စတောင်မ်ဘောလုံးကွင်း အတွင်း၌ ကျင်းပသော လူထုတွေ့ဆုံပွဲသို့ ချင်းတွင်းမြစ်ရိုးမှ ဒေသခံများ၊ ချင်းတောင်ခြေမှ ဒေသခံများ စုစုပေါင်း ငါးသောင်းကျော်ခန့် တက်ရောက်ခဲ့ပြီး ပရိသတ် အများဆုံးနှင့် စည်းကမ်းအရှိဆုံး ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ “ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရေး ဆိုတာဟာ ဟိုယခင်ကတည်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဆုပ်ကိုင်ခဲ့တဲ့မူတစ်ခု ဖြစ်ပါတယ်။ အခုမှပြောတော မဟုတ်ပါဘူး။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ ၀င်တုန်းက အချိန်တုန်းက တင်ပြတာလည်း ပထမဆုံး မဟုတ်ပါဘူး။ ၂၀၀၈ မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုကတည်းက ကန့်ကွက်ခဲ့တာပါ။ ဒီမိုကရေ စီစံချိန်စံညွှန်းတွေနဲ့ မကိုက်ညီလို့ ကန့်ကွက်ခဲ့တာပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုခဲ့တဲ့ ဆန္ဒခံယူပွဲဟာလည်း တကယ်တော့ ပြည်သူလူထုတွေရဲ့ ဆန္ဒအမှန်ကို ရောင်ပြန်ဟပ်တာ မဟုတ်ပါဘူးလို့ ကန့်ကွက်ခဲ့ပါတယ်။ နိုင်ငံရေးအရ ဘယ်မူပဲချချ ပြည်သူလူထုကို သေသေချာချာ ရှင်းပြပါတယ်။ တကယ် ဒီမိုကရေစီကို ယုံကြည်တယ်ဆိုရင် ပထမဆုံး ပြည်သူလူထုရဲ့ ထောက်ခံမှုကို ရယူတဲ့အခါမှာ ပထမဆုံး ပြည်သူလူထုက ဘာကိုထောက်ခံ နေတာလဲ ဆိုတာကို နားလည်အောင် ပြောပြရမယ်။ ခေါင်းညိတ်ပြီးတော့ ထောက်ခံတာကို မလိုချင်ပါဘူး။ ခေါင်းသုံးပြီးတော့ တကယ်ကို ယုံကြည်ပြီး ထောက်ခံတာကို လိုချင်ပါတယ်။ ဒါ့ကြောင့် ပြည်သူလူထုကို ရှင်းပြတာပါ” ဟုဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ချင်းပြည်နယ် ခရီးစဉ်ကို ဇန်န၀ါရီ ၆ ရက်မှ စတင်ပြီး စစ်ကိုင်းတိုင်း ကလေးမြို့သို့ ရောက်ရှိခဲ့ပြီး ချင်းပြည်နယ် ဟားခါးမြို့၊ ဖလမ်းမြို့၊ တီးတိန်မြို့များသို့ သွားရောက်ခဲ့ကာ ဇန်န၀ါရီ ၁၀ ရက် နံနက်ပိုင်းတွင် ကလေးမြို့ လူထုနှင့် တွေ့ဆုံကာ မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာ ခဲ့သည်ဟု သိရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ချင်းပြည်နယ် ခရီးစဉ်နှင့် ပတ်သက်၍  “ဒီခရီးစဉ်ကို အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။ ရာသီဥတု အေးမြလွန်းတာနဲ့ လမ်းပန်းဆက်သွယ်ရေးပါ။ ဒါပေမဲ့ ဒါကလည်း ချင်းတောင်ပြည်သူလူထုက နေ့စဉ်တွေ့ကြုံနေတဲ့ အခက်အခဲပဲလေ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကရော ဒေါ်အောင်ဆန်းစုကြည်ကရော ပြည်သူတွေနဲ့ တစ်သားတည်းနေတဲ့ သူတွေဆိုတော့ ဒါကလည်း အခက်အခဲလို့ ပြောစရာ မလိုပါဘူး။ ခရီးစဉ်မှာ လုံခြုံရေးပိုင်း တာဝန်ယူပေးတဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းကို ကျေးဇူးတင်ပါတယ်။ အဆင်မပြေတာကတော့ ဟားခါးမြို့မှာ တည်းခိုဖို့အတွက် စီစဉ်ထားပြီးမှ ရက်ကပ်ပြီးမှ မရတော့ဘူးဆိုတော့ သေးငယ်တဲ့ သာမန်တည်းခိုခန်းမှာပဲ တည်းခိုခဲ့ရပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ဥပဒေ လမ်းကြောင်းအတိုင်း လုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီအတွက် အခြေခံဥပဒေ ပြင်ဆင်ရေးကို ပြည်နယ်နဲ့ တိုင်းအလိုက်မှာ ဆောင်ရွက်နေတာ ကိုးဆယ်ရာခိုင်နှုန်းလောက်က ဖြစ်နိုင်တဲ့ နည်းလမ်းဖြစ်တဲ့ ပြင်ဆင်ရေး လမ်းကြောင်းကို ရွေးချယ်တာ တွေ့ရပါတယ်။ တွေ့ရှိရတဲ့ အချက်တွေ ဆန္ဒသဘောထားတွေ၊ ပြင်မယ်လို့ သတ်မှတ်ထားတဲ့ ၁၆၈ ချက်ကို လွှတ်တော်ပူးပေါင်း ကော်မတီကို တင်ပြသွားပါ့မယ်။ တင်ပြီးတော့ NLD ရဲ့သဘောထား တွေကိုလည်း ပြည်သူလူထုကို ထုတ်ပြန်သွားမှာပါ” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြန်ကြားရေး အဖွဲ့ဝင် ဦးကြည်တိုးက ပြောကြားသည်။    

eleven media group