ရခိုင်အရေး သတင်းထုတ်ပြန်ရန် နယ်စပ်ရေးရာဝန်ကြီးဌာန ဦးဆောင်အဖွဲ့ ဖွဲ့မည်

ပို့စ်တင်ချိန် - 1/30/2014 09:30:00 PM



ရန်ကုန်၊ ဇန်နဝါရီ ၂၉

သတင်းမှားများ လျင်မြန်ပျံ့နှံ့မှုကို ဖြေရှင်းရန် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသည့် ပဋိပက္ခ ကိစ္စများကို သတင်းထုတ်ပြန်ရန် နယ်စပ်ရေးရာ ဒုတိယဝန်ကြီး ဦးဆောင်သည့် အဖွဲ့တစ်ဖွဲ့ကို အမြန်ဆုံး ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသည့် ပဋိပက္ခ သတင်းများကို ထုတ်ပြန်မှုကြောင့် အခြားနေရာများတွင်ပါ ပဋိပက္ခထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် သတင်းထုတ်ပြန်မှုကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ခဲ့ပြီး အချို့ဖြစ်စဉ် များတွင် ဖြစ်စဉ် ရာနှုန်းပြည့် မသိရသေးသဖြင့် သတင်းမထုတ်ပြန် ခဲ့သော်လည်း အတည်မပြုနိုင်သည့် သတင်းများအပေါ် အခြေခံကာ သတင်းမှား ထုတ်ပြန်မှုများ ရှိလာကြောင်း ၎င်းကဆိုသည်။
“နောက်ပိုင်းဆိုရင် ကျွန်တော်တို့က သတင်းရရင် ဘယ်ဟာကတော့ အတည်ပြုနိုင်ပြီ။ ဘယ်ဟာကတော့ အတည်မပြုနိုင်သေးဘူး ဆိုပြီး ထုတ်ပြန်မယ်။ ပိုပြီးတော့ မြန်ဆန် သွားတာပေါ့” ဟု ဦးရဲထွဋ်က ပြောဆိုသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာတွင် ဇန်နဝါရီလ ၁၃ ရက်နေ့က လုံခြုံရေးကင်းတပ်ဖွဲ့ တိုက်ခိုက်ခံရ၍ ရဲတပ်ကြပ်ကြီးတစ်ဦး ပျောက်ဆုံးမှု ဖြစ်စဉ်အစား ယင်းနေရာတွင် ဘင်္ဂါလီ ၄၀ ဦးခန့် သတ်ဖြတ်ခံရသည့် သတင်းများ နိုင်ငံတကာ မျက်နှာစာတွင် ပျံ့နှံ့ခဲ့ပြီးနောက် ၎င်းက ယင်းသို့ ပြောကြားခြင်းသည်။

ဒုချီးရားတန်း ကျေးရွာတွင် ဇန်နဝါရီလ ၂၈ ရက်နေ့ ညနေပိုင်းတွင် ဖြစ်ပွားခဲ့သော မီးရှို့မှုနှင့် ပတ်သက်၍ ဇန်နဝါရီလ ၂၈ ရက်နေ့နှင့် ၂၉ရက်နေ့ နံနက်ပိုင်းတို့တွင် ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်မှု နှစ်ကြိမ် ပြုလုပ်ခဲ့သည်။

The Voice Weekly