အလွဲသုံးစားမှုတွေ့ရှိပါက အထောက်အပံ့များ ချက်ချင်းရပ်ဆိုင်းမည်ဟု မြန်မာကို ကမ္ဘာ့ဘဏ် သတိပေး

ပို့စ်တင်ချိန် - 1/28/2014 08:03:00 PM


ရန်ကုန်၊ ဇန်နဝါရီ ၂၇

မြန်မာနိုင်ငံ၏ ဘက်စုံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အတွက် အထောက်အပံ့နှင့် ချေးငွေများ ဆက်တိုက်ခွင့်ပြုလျက် ရှိသော်လည်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အကူအညီများတွင် အလွဲသုံးစားမှုများ စစ်ဆေး တွေ့ရှိပါက အဆိုပါ အထောက်အပံ့များကို ချက်ချင်းရပ်ဆိုင်းမည် ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျင်ယုံကင်မ်က ပြောကြားကြောင်း Reuters သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌတစ်ဦး၏ ပထမဆုံး မြန်မာခရီးစဉ် အတွင်း နေပြည်တော်သို့ ရောက်ရှိစဉ် ဇန်နဝါရီလ ၂၇ ရက်နေ့၌ ၄င်းက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်ကြောင်း Reuters သတင်းတွင် ရေးသားထားသည်။

ကမ္ဘာ့ဘဏ်၏ ကူညီထောက်ပံ့မှု အစီအစဉ်များတွင် အကျင့်ပျက်ခြစားမှုများ စစ်ဆေး တွေ့ရှိသဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ကူညီထောက်ပံ့နေသော ကမ္ဘာ့ဘဏ် အစီအစဉ်တစ်ခုကို မိမိကမ္ဘာ့ဘဏ် ဥက္ကဋ္ဌအဖြစ် စတင်တာဝန်ယူသည့် နေ့၌ပင် ရပ်ဆိုင်း ခဲ့ဖူးကြောင်း ဂျင်ယုံကင်မ်က ထုတ်ဖော်ပြောဆိုသည်။
"အကယ်၍ ကမ္ဘာ့ဘဏ်ရဲ့ အစီအစဉ်တစ်ခုခုမှာ အဲဒီလို အကျင့်ပျက်ခြစားမှု စစ်ဆေး တွေ့ရှိရင် ဘင်္ဂလားဒေ့ရှ် မှာလို ရပ်ဆိုင်းမှုမျိုး နောက်တစ်ကြိမ် ပြုလုပ်ဖို့ ဝန်လေးနေမှာ မဟုတ်ပါဘူး" ဟု ၄င်းက ဆိုသည်။

ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံခရီးစဉ် အတွင်း ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး၊ ကျန်းမာရေးနှင့် လျှပ်စစ်ကဏ္ဍ အဆင့်မြှင့်တင်ရေး လုပ်ငန်းများ အတွက် အမေရိကန်ဒေါ်လာ နှစ်ဘီလီယံ ကူညီမည်ဖြစ်ကြောင်း ကတိပြုထားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသော်လည်း ကမ္ဘာပေါ်တွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် အခွင့်အလမ်း အကောင်းဆုံး နိုင်ငံများစာရင်း၏ အောက်ဆုံး ဆယ်နိုင်ငံတွင် မြန်မာကို ကမ္ဘာ့ဘဏ်က ထည့်သွင်းထားသည်။

ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌသည် ၄င်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားစီးပွားရေး လုပ်ငန်းရှင် များကို တွေ့ဆုံမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည်။

The Voice Weekly Myanmar