တစ်ပိုင်တစ်နိုင် ကုန်သွယ်မှု ကတ်ဖြင့် ကျပ်သိန်း တစ်ရာအထိ ကုန်သွယ်ခွင့်ပြု

ပို့စ်တင်ချိန် - 1/27/2014 08:11:00 PM


ကလေး။ ဇန်နဝါရီ ၂၆

နယ်စပ်ကုန်သွယ်ရေး စခန်းများမှ တစ်ဦးချင်း တစ်ပိုင်တစ်နိုင် ကုန်သွယ်မှု ကတ် ( Individual Trading Card- ITC ) များဖြင့် ယခင်က ကျပ်သိန်း၅၀ အထိသာ ခွင့်ပြုရာမှ ယခုအခါ ကျပ်သိန်း ၁၀၀ အထိ တိုးမြှင့်၍ ကုန်သွယ်ခွင့် ပြုလိုက်ပြီ ဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။

မြန်မာ-အိန္ဒိယ နယ်စပ် စခန်းများ၏ ကုန်သွယ်မှု အခြေအနေကို လေ့လာရန် ရောက်ရှိစဉ် ကလေးမြို့ ဒေသခံများနှင့် ဇန်နဝါရီလ၂၄ ရက်နေ့က ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်ပြီး တမူးနှင့် ရိဒ် ကုန်သွယ် စခန်းများမှ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၄၀ ခန့် ရရှိသည်ဟု ၎င်းက ဆိုသည်။

တမူး နယ်စပ် စခန်းတွင် ITC ဖြင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၁ရက်နေ့မှ စတင် ကုန်သွယ်မှု ပြုခဲ့ရာ လက်ရှိတွင် ITC ကတ် ၁၀၂ခုဖြင့် ကုန်သွယ်မှု ပြုလျက်ရှိကြောင်း၊ ယင်းမှ ပို့ကုန်/သွင်းကုန် တန်ဖိုး စုစုပေါင်း ၂,၁၁၂,၄၅၂, ၄၁၁ ကျပ်ရှိကြောင်း၊ ရိဒ် နယ်စပ် စခန်းတွင်မူ ၂၀၁၃ ခုနှစ် ဧပြီလ ၂၂ ရက်မှ စတင်ကာ ယနေ့အထိ ကုန်သွယ်ကတ် ကိုးခုဖြင့် ကုန်သွယ်မှု ပြုလုပ်လျက်ရှိပြီး ပို့ကုန်/သွင်းကုန် တန်ဖိုး စုစုပေါင်း ၁၅၃,၆၃၀,၈၀၀ ကျပ် ရှိပြီဖြစ်ကြောင်း ယင်းစခန်းများ၏ မှတ်တမ်းများအရ သိရသည်။

ယင်းကုန်သွယ် ကတ်များကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှ စတင် ထုတ်ပေးခဲ့ခြင်း ဖြစ်ရာ ယခုအခါ တမူး၊ မူဆယ်၊ မြ၀တီ၊ တာချီလိတ်၊ လွယ်ဂျယ်၊ စစ်တွေ၊ မောင်တော၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ မြိတ်၊ ကော့သောင်း၊ ရိဒ်၊ ထန်တလန်၊ မောတောင်၊ ထီးခီး စသော နယ်စပ် ကုန်သွယ်စခန်း ၁၅ ခုတွင် ကုန်သွယ်မှု ပြုလုပ်နေပြီး ဇန်နဝါရီလ ၁၀ ရက်နေ့အထိ ကုန်သွယ် ကတ်ပေါင်း ၅၂၇ ကတ်၊ ပို့ကုန် တန်ဖိုး ၇၅၉,၀၆၂,၆၆၆ ကျပ်၊ သွင်းကုန် တန်ဖိုး ၄,၉၆၈,၁၁၄,၂၅၇ ကျပ်၊ စုစုပေါင်း ၅,၇၂၇,၁၇၆,၉၂၃ ကျပ်ဖြင့် ကုန်သွယ်မှု ပြုနိုင်ပြီး ဖြစ်ကြောင်း ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာ-အိန္ဒိယ ကုန်သွယ်မှုပမာဏမှာ နှစ်စဉ် တိုးတက်လျက်ရှိရာ ယခင်နှစ်က ကျပ် ၁၈ ဘီလီယံ ရရှိခဲ့ကာ ယခုနှစ်တွင် ၂၅ ဘီလီယံ ရရှိရန် လျာထားပြီး ယခုအခါ ဘီလီယံ ၂၀ကျော် ရရှိနေပြီ ဖြစ်ကြောင်း၊ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွက် တမူး နယ်စပ် ကုန်သွယ်စခန်းမှ ဒေါ်လာ ၂၁ ဒသမ ၃၅ သန်း၊ ရိဒ် နယ်စပ် ကုန်သွယ် စခန်းမှ ဒေါ်လာ ၁၅ ဒသမ ၀၇ သန်း ကုန်သွယ်မှု ပြုနိုင်ပြီ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ကလေးမြို့ ဒေသခံများနှင့် တွေ့ဆုံပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

The Voice Weekly Myanmar