၂၀၁၃ ခုနှစ်၏ အထင်ရှားဆုံးပုဂ္ဂိုလ်

ပို့စ်တင်ချိန် - 1/03/2014 03:30:00 PM


ဆီးဂိမ်းရွှေဆုရှင်များ၊ မြန်မာအမျိုးသမီးဘောလုံးအသင်း
-----------

၂၀၁၃ အတွက် မြန်မာနိုင်ငံမှ အထင်ရှားဆုံးပုဂ္ဂိုလ် (Person of the Year)အဖြစ် (၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် အိမ်ရှင်အတွက် ရွှေတံဆိပ်ဆု ၈၆ ခု ရယူပေးခဲ့သော အားကစားသမားများနှင့် မြန်မာအမျိုးသမီးဘောလုံးအသင်းကို 7Day News Journal က ပူးတွဲရွေးချယ်လိုက်ပါသည်။

၂၀၁၃ ခုနှစ်ကို ပြန်လည်ငဲ့ကြည့်လျှင် ကောင်းသတင်းများထက် မကောင်းသတင်းများက ပိုများခဲ့သောနှစ်ဖြစ်သည်။ လူ့အဖွဲ့အစည်းတစ်ခုလုံးနှင့် ကမ္ဘာကပင် အံ့သြတုန်လှုပ်သွားသည့် မတ်လ ၂၀ ရက်တွင် စတင်ဖြစ်ပွားခဲ့သော မိတ္ထီလာအကြမ်းဖက်မှုမှ ပဋိပက္ခမီးများသည် ဥက္ကံ၊ လားရှိုး၊ သံတွဲ စသောဒေသများတွင်ပါ ဖြစ်ပွားခဲ့ပြီး ပြည်သူများ၏စိတ်နှလုံးကို ချုံးချုံးကျစေခဲ့သည်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်လွှဲပြောင်းရယူခြင်းကဲ့သို့ ကောင်းသတင်းအချို့ ရှိသော်လည်း ငြိမ်းချမ်းရေးတွင် ထင်သာမြင်သာ တိုးတက်မှုမရှိခဲ့ဘဲ အောက်တိုဘာလအရောက်တွင် နိုင်ငံတစ်ဝန်း ဗုံးစီးရီးက လူထုကိုကြောက်ရွံ့ထိတ်လန့်စေခဲ့ပြန်သည်။

သို့သော် နှစ်ကုန်ပိုင်းတွင် ပြည်သူများအတွက် ပျော်ရွှင်မှုများ၊ အားတက်ဖွယ်ရာများ၊ စည်းလုံးမှုများ၊ ဇာတိမာန်များ တက်ကြွလာအောင် စွမ်းဆောင်မည့်သူများ ပေါ်လာပါသည်။ နှစ်ပေါင်း ၄၄ နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ကျင်းပခွင့်ရသော ဆီးဂိမ်းတွင် မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ဆု ၈၆ ဆုရရှိအောင် စွမ်းဆောင်ပေးခဲ့သော အားကစားသမားများဖြစ်သည်။ အားကစားနည်း ၃၃ မျိုး ၀င်ရောက်ယှဉ်ပြိုင်ရာတွင် ၂၄ မျိုးမှ အားကစားသမားများက နိုင်ငံအတွက် ရွှေတံဆိပ်များယူပေးကာ ပြည်သူများကို ပျော်ရွှင်စေခဲ့သည်။ ရွှေတစ်ခုရလိုက်တိုင်း ပြည်သူများကို ပီတိလှိုင်းလုံးများ ရိုက်ခတ်စေနိုင်ခဲ့သည်။ ၎င်းတို့၏စွမ်းဆောင်ချက်ကြောင့် အာဆီယံနိုင်ငံအများစုထက် ဘက်ပေါင်းစုံနိမ့်ကျနေသော မြန်မာနိုင်ငံမှာ ဆုတံဆိပ်ရရှိမှုစာရင်းတွင် ထိုင်းနောက် အဆင့်(၂)နေရာမှ ဂုဏ်ရှိစွာရပ်တည်နိုင်ခဲ့သည်။ အားကစားဝန်ကြီးဌာနက ရွှေဆု ၁၀၀ မှန်းသည်ဆိုသော်လည်း အားကစားရေးရာကျွမ်းကျင်သူများနှင့် ပြည်သူများက ရွှေတံဆိပ် ထိုအရေအတွက်ထိ ရယူစွမ်းဆောင်နိုင်မည်ဟု မမျှော်မှန်းခဲ့ပေ။

မြန်မာအမျိုးသမီးဘောလုံးအသင်းမှာလည်း သုံးသင်းသာ အဓိကယှဉ်ပြိုင်ရသော ပြိုင်ပွဲတွင် ကြေးဆုသာရခဲ့သည့်အတွက် ရလဒ်မကောင်းသော်လည်း ထိုင်းအမျိုးသမီးအသင်းနှင့် အကြိုဗိုလ်လုပွဲတွင် သုံးနာရီကြာ ရေကုန်ရေခန်း၊ အနိုင်မခံအရှုံးမပေး ယှဉ်ပြိုင်ခဲ့သော စိတ်ဓာတ်က ဆီးဂိမ်းပြိုင်ပွဲ၏အနှစ်သာရကို ပိုမိုပြည့်စုံစေခဲ့သည်။ ထိုင်းအသင်းကို ပင်နယ်တီအဆုံးအဖြတ်တွင် ရှုံးခဲ့သော်လည်း မြန်မာအမျိုးသမီးအသင်း၏ တိုက်ပွဲဝင်စိတ်ဓာတ်ကြောင့် မြန်မာတစ်မျိုးသားလုံး ခေါင်းမော့ရင်ကော့ကာ ဂုဏ်ယူနိုင်ခဲ့သည်။ မြန်မာဘောလုံးပွဲအများစုတွင် ပျောက်ဆုံးနေသော ပရော်ဖက်ရှင်နယ်ပီသမှု၊ တိုက်ပွဲဝင်စိတ်ဓာတ်၊ အားကစား၏၀ိညာဉ်၊ အားကစား၏ အလှတရားတို့ကို အဆိုပါပွဲက ပြသသွားခဲ့သည်။ ကိုယ့်အသင်းရှုံးလျှင်ပင် အားကစားသမားပီပီသသကစားလျှင် မြန်မာဘောလုံးပရိသတ်များ အားပေးမှုမလျော့၊ အချစ်မပြယ်ဘဲ ပရိသတ်များ အဆင့်အတန်းရှိရှိ အားပေးတတ်သည်ကို ထိုပွဲကပင် သက်သေပြသွားခဲ့သည်။

ထို့ကြောင့် ရွှေဆုရ မြန်မာအားကစားသမားများနှင့် အမျိုးသမီးဘောလုံးအသင်းကို 7Day News က ၂၀၁၃ ၏ အထင်ရှားဆုံးပုဂ္ဂိုလ်များအဖြစ် ရွေးချယ်ခြင်းဖြစ်ပါသည်။

မိတ္ထီလာအကြမ်းဖက်မှုတွင် လူ့အသက်ပေါင်း ၈၀၀ ကျော်ကို ကယ်တင်ခဲ့သော ရတနာဦးကျောင်းတိုက်ဆရာတော် ဦးဝိသုဒ္ဓ၊ သီတဂူဆရာတော်ကြီး၊ သမ္မတဦးသိန်းစိန်၊ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၊ ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ မူတူးဆေးဖိုး၊ ကေအိုင်အေဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်၊ ဦးသိမ်းဝေ(ခေါ်)ဆာ့ခ်ျပန်း၊
လွှတ်တော်နာယက သူရဦးရွှေမန်း၊ မိုးစက်ဝိုင် စသောပုဂ္ဂိုလ်များ၊ သူတော်စင်ရဟန်းများမှာလည်း 7Day ၏ ပဏာမစာရင်းတွင် ပါဝင်ခဲ့သည်။ သို့သော် ၎င်းတို့အားလုံးကိုကျော်ဖြတ်၍ ဆီးဂိမ်းပြိုင်ပွဲဝင် ရွှေဆုရကစားသမားများနှင့် အမျိုးသမီးဘောလုံးအသင်းတို့က ပူးတွဲရွေးချယ်ခံရခြင်း ဖြစ်ပါသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
7 Day News Journal