ပဲမြစ်မဟုတ်ဘူး ထန်းမြစ်

ပို့စ်တင်ချိန် - 1/09/2014 07:00:00 AM


မြန်မာနိုင်ငံ အလယ်ပိုင်းရှိ မြို့နယ်တို့တွင် ရှိသော ကျေးလက် ဈေးများ ၊ စာသင်ကျောင်းများ ၊ ဘူတာရုံများ ၊ ကားဂိတ်များ တွင် အညာ ကျေးလက် ဒေသထွက် သရေစာ တစ်မျိုးဖြစ်သော ထန်းပင်မြစ် များကို အဆင်သင့် စားသုံးနိုင်ရန် ရေဖြင့် ပြုတ်ထားပြီး ထန်းပင်မြစ် အကျက်နှင့် အစိမ်းများ ရောင်းချရန် ပြင်ဆင် ထားသည်ကို နေရာအနှံ့ တွေ့ရသည်။

ထန်းပင်မြစ်သည် ထန်းသီးစေ့မှ ထွက်လာသော ထန်းမြစ် ဖြစ်သည်။ ထန်းစေ့ အညှောင့်သည် ထန်းမြစ်အဖြစ် မြေကြီးထဲ စိုက်ဝင်သွားပြီး ထန်းရွက်နု လေးများ မပေါ်မီ အခြေအနေ ပင်ဖြစ်သည်။ ထန်းပင်မြစ် များကို သီးခြားစိုက်ယူ မှသာ ရရှိနိုင်သည်။ စိုက်ပျိုးရာ၌ လည်း ရင့်မှည့်သော ထန်းသီးများ၏ အစေ့မှ သာလျှင် အညှောင့် ပေါက်နိုင် သည်။

ထန်းပင်မြစ် ဖြစ်ရန် စုဆောင်း ထားရှိခဲ့သော ထန်းစေ့ များကို ဝါခေါင်လ ၊ တော်သလင်းလ တို့တွင် စိုက်ပျိုး ကြသည်။ ထန်းပင်မြစ် ချရာတွင် ထန်းစေ့ တစ်စေ့ချင်း မဟုတ်ဘဲ ပဲညှောင့်ဖောက် သကဲ့သို့ အစုလိုက် အပြုံလိုက် ချခြင်း ဖြစ်သည်။ စိုက်ပျိုးမည့် မြေသည် သဲမြေဖြစ်ပြီး စွတ်စို၍ နေရမည်။ သို့မှသာ စိုက်ပျိုးရာ၌ လည်းကောင်း ၊ တူးဖော်ရာ၌ လည်းကောင်း ၊ လွယ်ကူမည် ဖြစ်သည်။ မြေသား ၊ မြေနီများတွင် စိုက်ပျိုးပါက ထန်းပင်မြစ် ဖြစ်ထွန်းမှု နည်းပြီး တူးဖော်ရာ ၌လည်း ခက်ခဲ တတ်သည်။

ထန်းစေ့ တစ်ကျင်းတွင် ထန်းစေ့ လှည်းသုံးစီး တိုက်ခန့်သည် အသင့်တော်ဆုံး ဖြစ်သည်။ ထန်းစေ့များကို အနေအထား သင့်တော်အောင် ပြင်ဆင် ချထားပြီး ချောင်းသဲ များဖြင့် လုံခြုံအောင် ဖို့ပေးရသည်။ ထန်းပင်မြစ် များကို တန်ဆောင်မုန်းလ ၊ နတ်တော်လ တို့တွင် ထန်းပင်မြစ် ကျင်းဖော် ယူနိုင်သည်။ ရရှိပြီးသော ထန်းပင်မြစ် များကို ၂၅ ချောင်းစီ စည်းပြီး ဈေးကွက်တွင် လည်းကောင်း ၊ ဘုရားပွဲတော် များတွင် လည်းကောင်း သွားရောက် ရောင်းချလေ့ ရှိသည်။

ထန်းပင်မြစ်သည် ဆေးဖက်လည်း ဝင်သည်။ ထန်းပင်မြစ် သည် သွေး ၊ သည်းခြေကို ပယ်တတ်၏။ သွေး ၊ လေ ၊ သည်းခြေ တို့ကို နိုင်၏။ ဝမ်းကိုလား စေ၏။ သလိပ်ကို ကြေစေ၏။ သုက်ကို ပွားစေ၏။ အသားကို ဖြစ်စေ၏။ အားကို ဖြစ်စေ၏။ ပထဝီအားကို ပြည့်စေ၏။ တေဇောဓာတ်ကို ငြိမ်းစေ၏။ အစာ ကြေညက်ခြင်း နှင့် ဝမ်းမီး တောက်ခြင်းကို နိုင်၏ ဟူ၍ ဆေးကျမ်း များတွင် ဖော်ပြထားသည်။ ထန်းပင်မြစ် သည် လူတို့၏ ခန္ဓာကိုယ် အတွက် လိုအပ်သော ဗီတာမင် ဘီဝမ်း ၊ ဘီတူး ဓာတ်တို့ အပြင် အဆီဓာတ် နှင့် ပရိုတိန်း ဓာတ်များ ပါရှိသည်။

ထန်းပင်မြစ် များကို ကလေး လူကြီး မရွေး ကြိုက်နှစ်သက် ကြသည်။ မီးဖုတ်၍ ဖြစ်စေ ၊ ရေဖြင့် ပြုတ်၍ ဖြစ်စေ စားသုံး နိုင်သည်။ မီးဖုတ်ပြီး ထန်းမြစ်ကို ဆုံတွင် ထည့်ထောင်းပြီး ဆီ ၊ ဆားထည့်၍ စားလျှင် ပို၍ အရသာ ရှိလှသည်။ ထို့ကြောင့် ထန်းပင်မြစ် သည် ရာသီပေါ် အစားအစာ အဖြစ် လူတိုင်း စားသုံး သင့်သည်။

အညာ ကျေးလက် ဒေသရှိ တောင်သူ လယ်သမားကြီး များအတွက် မိသားစု ဝင်ငွေတိုးပြီး ရရှိ စေနိုင်သော ထန်းပင်များမှ ထန်းစေ့များကို စုဆောင်း ထားရှိပြီးလျှင် ထန်းပင်မြစ်များ အဖြစ် စိုက်ပျိုး ထုတ်လုပ် သွားရန် လိုအပ်သည်။ ထို့ကြောင့် ဆေးဖက် လည်းဝင် ၊ ဝင်ငွေလည်းရ ထန်းပင်မြစ် ကို စိုက်ပျိုးပေး ကြပါရန် တိုက်တွန်း ရေးသား အပ်ပါသည်။

ရွှေမင်းအောင်(ကျောက်ပန်းတောင်း)
Myawady News