၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် အားကစား သမားများအား ဂုဏ်ပြုသည့် ညစာစားပွဲ၌ နိုင်ငံတော်သမ္မတ ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နှုတ်ချက်များ

ပို့စ်တင်ချိန် - 1/01/2014 09:00:00 AM


ပြိုင်ပွဲကြီးတွင် ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်ဆု အသီးသီးရယူနိုင်ခဲ့သည့် အားကစား မောင်မယ်များအတွက် ဂုဏ်ပြုသကဲ့သို့ အကောင်းဆုံးယှဉ်ပြိုင် ကြိုးစားခဲ့ပြီး အကြောင်းကြောင်းကြောင့် ဆုတံဆိပ်များနှင့် လွဲချော်ခဲ့ရသော အားကစားမောင်မယ်များ၏ကြိုးပမ်း အားထုတ်မှုများကိုလည်း နိုင်ငံတော်နှင့်ပြည်သူများက အသိအမှတ်ပြု အားပေးလျက်ရှိသည်ကိုပြောကြားလိုပါကြောင်း၊

ထို့ကြောင့် ပြိုင်ပွဲတွင် ဆုတံဆိပ်နှင့်လွဲချော်ခဲ့ရသော်လည်း စိတ်ဓာတ်မကျဘဲနောင်ပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ဆောင် အောင်ပွဲဆင်နိုင်ရေးတွက် မိမိတို့၏ အားနည်းချက်၊ လိုအပ်ချက်များကို ပြုပြင်ပြီး ယခုကပင် ပြန်လည် လေ့ကျင့်ပြင်ဆင်ထားကြရန် တိုက်တွန်းလိုပါကြောင်း။

(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူပြည်သားများ အတွက်သာမန်အားကစားပွဲထက် ပိုမိုလေးနက်သည့်အဓိပ္ပာယ် ဆောင်ခဲ့ပါကြောင်း၊

ဤပြိုင်ပွဲကြီးသည်အကြောင်းကြောင်းကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ဝေးကွာနေခဲ့ရသော မြန်မာနိုင်ငံအတွက် နိုင်ငံ တကာ အသိုင်းအဝိုင်းနှင့်ပြန်လည် ချိတ်ဆက်နိုင်ခဲ့သည့်အခမ်းအနားလည်း ဖြစ်ပါကြောင်း၊

ဤပြိုင်ပွဲကြီး သည် အစိုးရသစ်လက်ထက်တွင် ဆောင်ရွက်နေသော မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်း စဉ်များ၏တိုးတက်မှုကို နိုင်ငံတကာက အသိအမှတ်ပြုသည့် အခမ်းအနားလည်းဖြစ်ပါကြောင်း၊

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံ မိသားစုအသိုင်းအဝိုင်းတွင် မိမိရှိသင့်ရှိအပ်သည့်နေရာ၊ မိမိ ထမ်းဆောင်ရမည့် တာဝန်ကို ပြန်လည်ရယူထမ်းဆောင်နိုင်ခဲ့ခြင်းလည်းဖြစ်ပါကြောင်း၊

အလားတူ မြန်မာ ပြည်သူများအနေဖြင့် မိမိတို့လုပ်နိုင်စွမ်းရှိသည်ကို နိုင်ငံတကာသို့ ထုတ်ဖော်ပြခဲ့ခြင်းလည်း ဖြစ်ပါကြောင်း။

ယင်းသို့ ထူးခြားလေးနက်သောပြိုင်ပွဲကြီးတွင် နိုင်ငံ၏နေရာဒေသအသီးသီးမှ တိုင်းရင်းသား အားကစား မောင်မယ်များအနေဖြင့် နိုင်ငံ့ဂုဏ်ဆောင်အောင်ပွဲများကို ရယူပေးခဲ့ကြပါကြောင်း၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင်တစ်ကျော့ပြန်ပြီး အောင်ပွဲများရယူပေးခဲ့သော မောင်မယ်တို့၏ စွမ်းပကားများကို ပြိုင်ပွဲဝင်နိုင်ငံများကအလေးအနက် ချီးကျူးဂုဏ်ပြုခဲ့ကြသည်ကိုလည်း တွေ့ရပါကြောင်း၊

မောင်တို့မယ်တို့ သည် မြန်မာ့အားကစားကို ဒေသတွင်းပြိုင်ပွဲများတွင် ထိပ်တန်းအဆင့်သို့ ပြန်လည်တက်လှမ်းနိုင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊

မောင်တို့မယ်တို့သည် ပြည်သူများအတွင်းမျိုးချစ်စိတ်ဓာတ်နှင့် အားကစား စိတ်ဓာတ်များရှင်သန်နိုးကြားလာအောင် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊

ထို့ပြင် မျိုးဆက်သစ် အားကစား လူငယ်များ ပေါ်ပေါက်လာအောင် စွမ်းဆောင်နိုင်ခဲ့ကြပါကြောင်း၊

မြန်မာပြည်သူများအနေဖြင့် ရှေ့ဆက် ရမည့် ခရီးလမ်းတွင်စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်အတွက် မောင်တို့မယ်တို့အနေဖြင့် လိုအပ်သည့် စိတ်ဓာတ်ခွန်အားများကို ပေးအပ်ခဲ့ကြခြင်း ဖြစ်ပါကြောင်း၊

ထို့ကြောင့် မောင်တို့မယ်တို့၏အောင်ပွဲသည် သန်း ၆ဝ သောမြန်မာပြည်သူများ၏ အောင်ပွဲလည်းဖြစ်ပါကြောင်း။

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ အားကစားနည်းအမျိုးမျိုးတွင် ပါဝင်ယှဉ်ပြိုင်အောင်ပွဲခံခဲ့ကြသော အမိနိုင်ငံ၏ သားကောင်းရတနာ၊ သမီးကောင်းရတနာအားလုံးအတွက် ပြည်သူတစ်ရပ်လုံးက ဂုဏ်ယူ ဝမ်းသာလျက် ရှိကြပါကြောင်း၊

နိုင်ငံ၏သမိုင်းနှင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ သမိုင်းတွင် ဂုဏ်ယူ ဖွယ်ရာ မော်ကွန်းသစ်တင်နိုင်ခဲ့သည့် မောင်တို့မယ်တို့ကို မိမိအနေဖြင့် ပြည်သူများ၏ ကိုယ်စား လေးလေး နက်နက် ချီးကျူးဂုဏ်ပြုပါကြောင်း။

ဦးရဲထွဋ္ဋ် facebook စာမျက်နှာမှ