၂၀၁၆ တွင် နိုင်ငံလူဦးရေ၏ ၈၀ ရာခိုင်နှုန်းအထိ မိုဘိုင်းဖုန်း အသုံးပြုနိုင်အောင် ဆောင်ရွက်မည်

ပို့စ်တင်ချိန် - 1/06/2014 02:10:00 PM


မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းအသုံးပြုနိုင်သူ ပမာဏကို လာမည့် ၂၀၁၆ ခုနှစ်သို့ အရောက်တွင် နိုင်ငံလူဦးရေ၏ ၈၀ ရာခိုင်နှုန်းအထိ သုံးစွဲနိုင်သည့်အဆင့်သို့ ရောက်အောင် ဆောင်ရွက်ပေးမည်ဟု ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနမှ သတင်းရရှိသည်။ အဆိုပါ ဝန်ကြီးဌာနသည် ပြည်ပဆက်သွယ်ရေး အော်ပရေတာ နှစ်ခုဖြစ်သော Telenor နှင့် Ooredoo အပါအဝင် ပြည်တွင်း ဆက်သွယ်ရေး အော်ပရေတာများဖြစ်သည့် မြန်မာ့ဆက်သွယ်ရေးနှင့် ရတနာပုံတယ်လီပို့ ကုမ္ပဏီတို့၏ အထောက်အပံ့များဖြင့် အထက်ပါ စီမံကိန်းကို အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ရည်ရွယ်ချက်မှာ ကမ္ဘာ့နိုင်ငံများအကြားတွင် မိုဘိုင်းဖုန်း အသုံးပြုနိုင်သည့် လူဦးရေပမာဏ နည်းပါးနေသေးခြင်းကို ပြုပြင်ပြောင်းလဲရန်အတွက်ဟု သိရသည်။ ထို့အပြင် နိုင်ငံတကာ ဆက်သွယ်မှု ကွန်ရက်များနှင့် ဝန်ဆောင်မှုများကို မရရှိသေးသည့် နိုင်ငံသားများအတွက် ယခုကဲ့သို့ နိုင်ငံ၏ တယ်လီဖုန်း အသုံးပြုနိုင်မှုနှုန်းနှင့် အဆင့်မြင့် နည်းပညာများ အသုံးပြုနိုင်ရေးတို့ကို ဆောင်ရွက်ရန် စီစဉ်နေရခြင်း ဖြစ်သည်ဟု အထက်ပါ ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “၂၀၁၅ ခုနှစ် အကုန်မှာ မြန်မာနိုင်ငံရဲ့ တယ်လီဖုန်း အသုံးပြုနိုင်မှု သိပ်သည်းဆကို ငါးဆယ်ရာခိုင်နှုန်းအထိ တိုးတက်အောင် ဝန်ကြီးဌာနက လုပ်ပေးသွားမှာပါ။ ဒီလိုတိုးတက်မှု ဖြစ်အောင်အတွက် လိုင်စင်ရထားတဲ့ ပြည်တွင်း၊ ပြည်ပ အော်ပရေတာ လေးခုက အဓိက လုပ်ဆောင်သွားမှာပါ” ဟု ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ၏ တယ်လီဖုန်း သုံးစွဲနိုင်မှု အနေအထားကို ယခုကဲ့သို့ တိုးတက်မှုဖြစ်စေရန် လုပ်ဆောင်ရာတွင် နိုင်ငံတကာ အဆင့်မီ ဆက်သွယ်ရေး ကွန်ရက်များ ဖြစ်လာစေရေးနှင့် ဈေးနှုန်းသက်သာသော ဝန်ဆောင်မှုများ ဖြစ်လာစေရန်အတွက် အဓိကထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ ယခုလက်ရှိ အချိန်တွင် မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်း အသုံးပြုနိုင်သည့် ပမာဏမှာ ငါးသန်းကျော် ရှိနေပြီဖြစ်သည်။ အစိုးရက အရစ်ကျ ခွဲတမ်းစနစ်ဖြင့် လူတန်းစားပေါင်းစုံ အသုံးပြုနိုင်ရန်အတွက် တစ်ထောင့်ငါးရာကျပ်တန် ဆင်းကတ်များကို ရောင်းချပေးနေသော်လည်း ထိုစီမံကိန်းသည် ဝင်ငွေနည်းပါးသော အခြေခံလူတန်းစား အများစုနှင့် အလှမ်းဝေးနေဆဲ ဖြစ်သည်ဟု စုံစမ်းသိရကြောင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၉ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။ "
khit lu nge