အန်ကောဝပ် ကျောင်းတော်ကြီးကို ခမာလူငယ်တွေ ကူညီထိန်းသိမ်း

ပို့စ်တင်ချိန် - 1/18/2014 03:34:00 PM


ကမ္ဘောဒီးယားနိုင်ငံရဲ့ အကျော်ကြားဆုံး အန်ကောဝပ်ဘုရားကျောင်းကို ၂၀၁၃ ခုနှစ်မှာ လာရောက် လည်ပတ်သူ ၃ သန်းကျော် ရှိခဲ့ပါတယ်။ ဒါပေမယ့် ခရီးသွားဧည့်သည် အတော်များများကတော့ ဒီဘုရားကျောင်းတွေ ပြိုကျပျက်စီးလွယ်တဲ့ အခြေအနေအပေါ်ကို နားလည်နိုင်မှု နည်းကြပါတယ်။

အခုတော့ နောင်အနာဂတ်မျိုးဆက်တွေအတွက် ကုလသမဂ္ဂ ပညာရေး၊ ကျန်းမာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ကမ္ဘာ့ အမွေအနှစ်နေရာအဖြစ် သတ်မှတ်ထားတဲ့ အန်ကောဝပ် ရှေးဟောင်းကျောင်းတော်ကို ထိန်းသိမ်း စောင့်ရှောက်ဖို့ လုပ်ဆောင်နေကြပါပြီ။ ခမာလူငယ်တွေကလည်း ကျောင်းတော်ကြီးကို ကူညီထိန်းသိမ်းဖို့ လုပ်ဆောင်နေကြပါပြီ။

ဖနွမ်ပင်ရဲ့ မြောက်ဖက် ကီလိုမီတာ ၃၀၀ အကွာလောက်မှာ ရှိတဲ့ အန်ကောဝပ်နယ်မြေဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ နာမည်အကြီးဆုံး ကမ္ဘာလှည့်ခရီးသွားတွေ သွားရောက်တဲ့ နေရာတခု ဖြစ်ပါတယ်။ ရှေးဟောင်း ဟိန္ဒူဘုရားကျောင်းဖြစ်တဲ့ အန်ကောဝပ်ကျောင်းတော် အဆောက်အဦကို ၁၉၉၂ ခုနှစ်မှာ ကမ္ဘာ့အမွေအနှစ် နေရာတစ်ခုအဖြစ် စာရင်းထည့်သွင်းထားခဲ့ပါတယ်။

လတ်တလော နှစ်တွေအတွင်းမှာလည်း အဲဒီကို လာရောက်ကြတဲ့ ခရီးသွားတွေ အရေအတွက် မြင့်တက်လာပြီး၊ ဒီလောက် များပြားလှတဲ့ ခရီးသွားဦးရေကြောင့် အမှတ်တရ အဆောက်အဦတွေ ထိခိုက်ပျက်စီးကုန်တော့မယ်လို့ စိုးရိမ်ပူပန်မှုတွေလည်း ရှိလာကြပါတယ်။

အန်ကောဝပ်ကျောင်းတော်က ထောင့်တစ်နေရာမှာ ခမာလူငယ်အုပ်စုတစု ကျောက်တုံးတွေနဲ့ စုစုဝေးဝေး အလုပ် လုပ်နေကြပါတယ်။ သူတို့ဟာ တူတွေ၊ ဆောက်တွေ တန်ဆာပလာမျိုးစုံကို အသုံးပြုပြီး လုပ်ကိုင်နေကြတာပါ။
ကိရိယာပစ္စည်းတွေကို ဆွဲထုတ်လိုက်ပြီး ပန်းပုရုပ်တွေကို စပြီး တိုင်းတာနေတဲ့ အသက် ၁၉ နှစ်အရွယ် ဆောင် ရာတာနက်ခ် က “ဒီကျောင်းဆောင်တွေဟာ သူတို့ကို ဆောက်လုပ်ထားပုံတွေကြောင့် ကြီးကျယ်ခမ်းနားလွန်းတယ်လို့ ကျနော် ထင်ပါတယ်။ သိတဲ့အတိုင်း အရင်တုန်းက ဒီလောက်ကြီးကျယ်တဲ့ ကျောင်းတော်ကြီးကို တည်ဆောက်ဖို့ ဘာခေတ်မီပစ္စည်းကိရိယာတွေမှ ရှိတာ မဟုတ်ဘူး”လို့ ပြောပါတယ်။

ဒါဟာ သက်တမ်း ရာကျော်ချီ ရှိနေတဲ့ ရှေးဟောင်းကျောက်တုံးတွေအကြောင်း ပိုပြီး လေ့လာသင်ယူနိုင်မယ့် သင်ခန်းစာ တခုပဲလို့ ဆောင်က ရှင်းပြပါတယ်။ ပန်းပုရုပ်ကြီးတွေကို တိုင်းတာရင်းနဲ့ပဲ သူတို့ရဲ့ ဘိုးဘေးတွေ ဘယ်ကိရိယာ တန်ဆာပလာတွေ သုံးပြီး ဒီအရုပ်ကြီးတွေကို ဘယ်လို ဖန်တီးထုဆစ် တည်ဆောက်ခဲ့တယ် ဆိုတာကို လေ့လာနေကြတာပါ။ လေ့ကျင့်သင်ယူခြင်း နောက်ပိုင်းမှာ သူတို့လည်း ကျောက်တုံးတွေကို ဘယ်လိုထုဆစ်ရမယ်ဆိုတာ လေ့လာရဦးမှာပါ။

ဆောင်ဟာ ကျောက်တုံးတွေကို ထိန်းသိမ်းစောင့်ရှောက်တာနဲ့ပတ်သက်ပြီး လေ့လာနေကြတဲ့ ကမ္ဘောဒီးယား လူငယ် အယောက် ၂၀ အုပ်စုထဲက တယောက်ဖြစ်ပါတယ်။ သင်တန်းကာလ ၂ နှစ်အတွင်းမှာ သူတို့ဟာ ပန်းပုပညာရပ်ရဲ့ သမိုင်းကြောင်းတွေနဲ့ ကျောက်တုံးတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ နည်းပညာသစ်တွေအကြောင်း သင်ယူလေ့လာရမှာ ဖြစ်ပါတယ်။

အုပ်စုခေါင်းဆောင်ဖြစ်တဲ့ အသက် ၄၆ နှစ်အရွယ် လော်င်နာရီက “သူတို့တွေက အထက်တန်း အောင်ပြီးကြပါပြီ။ တချို့ကတော့ တက္ကသိုလ် ဆက်တက်နေကြတုန်း ကျောင်းသားတွေပေါ့။ ဒါပေမယ့်လည်း ကျနော်တို့မှာ ကျောက်တုံးတွေကို ထိန်းသိမ်းတဲ့ပညာရပ်တွေကို လူငယ်တွေကို ပြန်သင်ကြားပေးမယ့် ကျောင်းတွေလည်း မရှိဘူးလေ။ ဒါကြောင့်ပဲ သူတို့က ကမ္ဘောဒီးယားကို လာပြီး အတွေ့အကြုံ ဗဟုသုတတွေ လာဝေမျှပေးမယ့် အဖွဲ့အစည်းအမျိုးမျိုး၊ လူအမျိုးမျိုးနဲ့ ပညာရှင်တွေဆီကနေ လေ့လာသင်ယူနေရတာပါ”လို့ ဆိုပါတယ်။

ခရီးသွားဧည့်လမ်းညွှန်အဖြစ် အနှစ် ၂၀ လောက် လုပ်ကိုင်ခဲ့ပြီး ကျောက်တုံးတွေကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ လော်င်နာရီ က “ကျနော်က မှတ်တမ်းတွေ ဘယ်လိုထားရမယ်၊ ကျောက်တုံးတွေကို ဘယ်လို ထိန်းသိမ်းရမယ်၊ ရုပ်တုကြီးတွေ ဘာတွေ ဖြစ်နေတယ် ဆိုတာမျိုး… တန်ဖိုးသိပ်ရှိတဲ့ တခုခုပေါ့လေ။ အဲဒါတွေကို လေ့လာနေတာပါ”လို့ ပြောပါတယ်။

လော်င်နာရီကို ကမ္ဘာတလွှားက ယဉ်ကျေးမှုအမွေအနှစ်တွေ ထိန်းသိမ်းစောင့်ရှောက်တဲ့ အဖွဲ့အစည်းတခု ဖြစ်တဲ့ ICCROM ကနေ သင်တန်းပေးခဲ့တာပါ။ သူဟာ ကျောက်တုံး ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ ၃ လ သင်တန်းအတွက် ရောမကို စေလွှတ်ခံခဲ့ရတဲ့ ပထမဆုံး ကမ္ဘောဒီးယားလူမျိုး ဖြစ်ပါတယ်။ ဒီကျောင်းတော်ကြီးကို ကြည့်ရှုစောင့်ရှောက်ဖို့ ဒေသခံလူထု ပါဝင်နေမှုက အရေးကြီးတယ်လို့ ICCROM အဖွဲ့က ဆိုင်မန်ဝေါရက်ခ်က ခုလိုပြောပါတယ်။

“ပြုပြင်ထိန်းသိမ်းမှု မရှိတာက အကြီးဆုံးပြဿနာ ဖြစ်စေတာပေါ့လေ။ ပြိုကျနေပြီဖြစ်တဲ့ ဘယ်ကျောင်းတော်တွေကိုမဆို ကြည့်လိုက်ရင် အကြောင်းရင်းကတော့ ဘယ်သူက ထိန်းသိမ်း စောင့်ရှောက်မှု မရှိတာပဲ။ ဒါကြောင့် ဒီကျောင်းတော်တွေကို ကြည့်ရှုစောင့်ရှောက်ဖို့ သင်တန်းပေးထားတဲ့သူတွေဟာ ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းစဉ်မှာ သိပ်ကို အရေးကြီး ပါတယ်။ ထိန်းသိမ်းစောင့်ရှောက်ရေး အစီအစဉ်တွေကို အမြဲတမ်း လိုက်လုပ်နေမယ့် ပြုပြင်ထိန်းသိမ်းရေး အစီအစဉ်နဲ့ ချိတ်ဆက်ထားရမှာပါ။ ဒါဆို ခု သင်တန်းတက်နေကြတဲ့ သူတွေက အဓိက ကျလာပြီလေ။ ဘာလို့လဲဆိုတော့ ဒီကျောင်းတော်တွေ နောက်ထပ် ပြိုကျတာတွေ မဖြစ်တော့အောင် ထိန်းသိမ်းပေးမယ့်သူတွေကို လေ့ကျင့် သင်တန်း ပေးထားလို့ပဲပေါ့ဗျာ။”

ဆောင် နဲ့ သူ့ သူငယ်ချင်းတွေ တိုင်းတာခြင်းနဲ့ ကျောက်တုံးတွေက ရရှိတဲ့ အချက်အလက်တွေကို မှတ်တမ်း တင်တာတွေကိုလည်း ဆက်လုပ်နေကြပါတယ်။

ဆောင် ရာတာနက်ခ် က“ကျနော် ဒီအလုပ်ကို သဘောကျပါတယ်။ ကျနော် ဒီသင်တန်းကိုလည်း ပြီးအောင် တက်ချင်ပါတယ်။ ဒါမှ နေ့တိုင်းလိုလို ပျက်စီးယိုယွင်းနေတဲ့ ခမာကျောင်းတော်တွေကို ကျနော်တို့ ထိန်းသိမ်း စောင့်ရှောက်နိုင်မှာပေါ့။ ဒီကျောင်းတော်တွေ ပြိုကျပျက်စီးနေတာတွေကို ရပ်လိုက်နိုင်ချင်ပါတယ်ဗျာ”လို့ ဆိုပါတယ်။

အန်ကောဝပ် ကျောင်းတော်ကြီးကို ကူညီကာကွယ် ထိန်းသိမ်းစောင့်ရှောက်ဖို့ နောက်ထပ် ခမာလူငယ်တွေ ခပ်များများကို လေ့ကျင့်သင်ကြားပေးနိုင်ဖို့ လော်င်နာရီက မျှော်လင့်နေပါတယ်။

“ခုထိတော့ ကျနော့်အလုပ်ကို ကျနော် တော်တော် သဘောကျမိတယ်လို့ ထင်ပါတယ်။ ကျနော် လူတွေအများကြီးကို သိလာပြီး လေ့ကျင့်သင်ကြားနေတဲ့အခါကျတော့ ကျနော် ပျော်လာပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်လဲ သိပ်အသက်ရှည်ရှည် နေရဖို့ မမျှော်လင့်ထားဘူးလေ။ ဒါပေမယ့်လဲ ကျနော့်ဗဟုသုတတွေကို နောက်လာမယ့်မျိုးဆက်တွေကို လွှဲပြောင်းပေးနိုင်မှာပါ။”

အာရှဒေသ သတင်းဆောင်းပါးအတွက် သတင်းထောက် စီထရာ ပရာစ်တူတီက ဆီယမ်ရိ(ပ်)၊ အန်ကာဒေသ ကနေ သတင်းပေးပို့ခဲ့တာပါ။
DVB