ဘတ်ဂျက်လိုငွေပြသည့်အခါတိုင်း အစိုးရက ငွေစက္ကူများ ရိုက်ထုတ်နေသဖြင့် မြန်မာနိုင်ငံ ဒုက္ခရောက်စေသည့် ငွေဖောင်းပွမှု ဖြစ်ပေါ်လာစေပြီး ငွေကြေးဖောင်းပွမှုအား ထိန်းချုပ်နိုင်ရန် လိုအပ်နေကြောင်း ပညာရှင်များပြောကြား

ပို့စ်တင်ချိန် - 1/27/2014 11:35:00 AM




ဘတ်ဂျတ်လိုငွေပြသည့်အခါတိုင်း အစိုးရက ငွေစက္ကူများ ရိုက်ထုတ်နေခြင်းမှာ မြန်မာနိုင်ငံ ဒုက္ခရောက်စေသည့် အရင်းခံအချက် ဖြစ်နေပြီး မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုအား ထိန်းချုပ်နိုင်ရန် လိုအပ်နေကြောင်း နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး အဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့် အပါအဝင် ပညာရှင်များက ပြောကြားသည်။

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂ဝ၁၂ ခုနှစ် မေလတွင် စံချိန်တင် ကျဆင်းမှုအဖြစ် မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်လာခဲ့ပြီး ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁ ဒသမ ၈ ရာခိုင်နှုန်းသာ ရှိခဲ့ကြောင်း အမျိုးသားဘက်စုံ ဖွံ့ဖြိုးရေးစီမံကိန်း နှစ်ရှည်ရည်မှန်းချက်ဆိုင်ရာ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုအတွက် အခြေခံမူဘောင်တွင် ဖော်ပြထားချက်အရ သိရသည်။

ထိုသို့ ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းနေသည့် အနေအထားအား ရေရှည်ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလတွင်မူ ၁ ဒသမ ၉၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။

အဆိုပါ နှုန်းထားများမှ ဆက်လက်ပြီး ငွေကြေးဖောင်းပွမှုနှုန်းထားများ မြင့်တက်ခဲ့ပြီး ၂ဝ၁၃ နှစ်ကုန်ပိုင်းတွင်မူ ရှစ်ရာခိုင်နှုန်းဝန်းကျင်အထိ မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံ ဘဏ်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိန်မောင်က ဂျပန်နိုင်ငံအခြေစိုက် SMBC နှင့် မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းရှင်များအသင်းကြား နားလည်မှုစာချွန်လွှာရေးထိုးသည့် အခမ်းအနားတွင် ပြောကြားခဲ့ပြီး ဘဏ်တိုးနှုန်းများ လျှော့ချရန်မှာ ကုန်ဈေးနှုန်းဖောင်းပွမှု နည်းပါးမှသာ ဖြစ်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

“မြန်မာနိုင်ငံ ဒုက္ခရောက်နေရတာ ငွေဖောင်းပွမှုကြောင့်ပါ။ ဒီငွေဖောင်းပွမှုကိုလည်း အစိုးရက လုပ်နေတာပါ။ ဘတ်ဂျက်လိုငွေ ပြလာတဲ့အခါတိုင်း အစိုးရက ငွေစက္ကူတွေ ရိုက်ထုတ်ပြီး အရသာတွေ့နေတာ” ဟု မြန်မာ-ဂျပန် ဖက်စက်တည်ထောင်ထားသည့် Myanmar Security Exchange Center တွင် ၁၅ နှစ်ကျော်ကြာ လုပ်သက်ရှိ ဦးကျော်စိန်ကဆိုသည်။

မြန်မာနိုင်ငံတွင် ငွေကြေးရိုက်ထုတ်မှုများအဖြစ် ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်တွင် ၆၃၃၁ ဒသမ ၈ဝ ဘီလျံ၊ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်တွင် ၆၇၂၂ ဒသမ ၆၂ ဘီလျံနှင့် ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်တွင် ၉ဝ၄၆ ဒသမ ၁၉ ဘီလျံ ရိုက်ထုတ်ခဲ့ပြီး ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင်မူ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်ထက် အနည်းငယ် လျော့နည်းရိုက်ခဲ့ကြောင်း စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုကဆိုသည်။

“၂ဝ၁၁-၁၂ ဘဏ္ဍာနှစ်မှာ ဘီလျံ ၆၇ဝဝ ကျော်ပဲရှိပေမယ့် ၂ဝ၁၂- ၂ဝ၁၃ ဘဏ္ဍာနှစ်မှာကျတော့ ဘီလျံ ၉ဝဝဝ ကျော်ရိုက်ခဲ့တယ်။ ဒီလိုမျိုး တိုးရိုက်တယ်ဆိုရင် အကျိုးအကြောင်း သိရဖို့လိုတယ်။ ဒီလိုတိုးရိုက်တာက ကုန်ဈေးနှုန်းတည်ငြိမ်မှုနဲ့ နိုင်ငံခြားငွေ တည်ငြိမ်မှုကို ဘယ်လောက်အထိ ဖြစ်စေသလဲ။ အစိုးရအနေနဲ့ အသုံးစရိတ် လျှော့ရမယ်။ ဝန်ကြီးဌာနတွေ လျှော့သင့်တာလျှော့ပြီး ဈေးကွက်စီးပွားရေးစနစ်ကို ပီပြင်အောင်လုပ်ရပါမယ်” ဟု ဒေါက်တာအောင်ကိုကိုက သုံးသပ်သည်။

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်း နည်းပါးသည့် ၂ဝ၁၂ ခုနှစ် ဧပြီ ၂ ရက်က မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေလဲနှုန်းအား ဗဟိုဘဏ်ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်း ၈၁၈ ကျပ်ဖြင့် စတင်ဈေးသတ်မှတ်ခဲ့သော်လည်း ငွေကြေးဖောင်းပွမှုနှုန်းအား ထိန်းကျောင်းနိုင်မှု နည်းပါးခြင်းကြောင့် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခဲ့ပြီး တစ်နှစ်ကျော်အကြာ ၂ဝ၁၃ ခုနှစ် ဇူလိုင် ၈ ရက်တွင် ပြင်ပဈေးကွက်၌ အမေရိကန်တစ်ဒေါ်လာ ၁ဝဝ၄ ကျပ်အထိ ဖြစ်ပေါ်ခဲ့သည်။

လက်ရှိကာလတွင် အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၉၉ဝ ကျပ်ဝန်းကျင်တွင် ငြိမ်သက်နေသည်မှာ တစ်လဝန်းကျင်ခန့် ရှိနေပြီး ဗဟိုဘဏ်မှ နေ့စဉ်ငွေလဲနှုန်း စတင်သတ်မှတ်ခဲ့သည့် ဈေးနှုန်းအရ အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၁၈ဝ ခန့် ဈေးနှုန်းမြင့်တက်ခဲ့သည်။

ထိုသို့ ဈေးနှုန်းမြင့်တက်မှုများကြောင့် ပြည်သူများ၏ နေထိုင်သွားလာမှု စရိတ်များ၊ စားဝတ်နေရေး ကုန်ကျစရိတ်များ မြင့်တက်ခဲ့ပြီး ဝင်ငွေမြင့်တက်လာမှု နည်းပါးသည့် ပြည်သူအများစုမှာ ၂ဝ၁၃ ခုနှစ်မှ လက်ရှိကာလအထိ ကျပ်တည်းမှုများနှင့် ရင်ဆိုင်နေရသည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ ပြည်သူများအနေဖြင့် ရရှိဝင်ငွေအား မည်သည့်နေရာများတွင် အသုံးပြုနေသည်ဆိုသည့် လေ့လာချက်များအား ထုတ်ပြန်ပေးရန် လိုအပ်နေကြောင်း ဒေါက်တာဦးမြင့်ကဆိုသည်။

ငွေကြေးဖောင်းပွမှုများအား ထိန်းချုပ်နိုင်ရန် အခြားသော ကမ္ဘာ့နိုင်ငံများကဲ့သို့ ငွေကတ်များဖြစ်သည့် ခရက်ဒစ်ကတ်များကိုင်တွယ်မှု တွင်ကျယ်ရန်လုပ်ဆောင်ခြင်း၊ မိုဘိုင်းဘဏ်စနစ်အား အကောင်အထည်ဖော်ရန် လုပ်ဆောင်ခြင်း၊ ချေးငွေအာမခံစာချုပ်များ ထုတ်ဝေခြင်း စသည့်နည်းလမ်းများ လုပ်ဆောင်၍ ငွေစက္ကူများ ရိုက်ထုတ်နေမှုအား လျှော့ချသင့်ကြောင်း ဒေါက်တာဦးမြင့်က ဆက်လက်ပြောကြားသည်။

၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်နှင့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်များတွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုများ မြင့်တက်လာနိုင်ကြောင်း ဇန်နဝါရီ ၂၁ ရက်က ထုတ်ပြန်သော IMF ၏ SMP(Staff-Monitored Program) ဒုတိယအကြိမ် ဆန်းစစ်ခြင်း အစီရင်ခံစာတွင် ပါရှိသည်။

အစီရင်ခံစာအရ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်အကုန်တွင် ၆ ရာခိုင်နှုန်းအထက် ရောက်ရှိမည်ဖြစ်ကြောင်း၊ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် အမြင့်ပိုင်းတွင် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း သိရသည်။

“ငွေကြေးဖောင်းပွမှုတွေကို လျှော့ချဖို့ဆိုရင် ဘတ်ဂျက်လိုငွေတွေကို ငွေစက္ကူရိုက်ထုတ်ဖြည့်ဆည်းတဲ့ အလေ့အထကို အမြန်ဆုံးလျှော့ချဖို့ လိုပါတယ်” ဟု IMF ၏ မြန်မာနိုင်ငံဆိုင်ရာ SMP အကြီးအကဲ Mr. Matt Davies က အကြံပေးပြောကြားသည်။

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂ဝဝ၉ ခုနှစ်တွင် ၈ ဒသမ ၂ ရာခိုင်နှုန်း၊ ၂ဝ၁ဝ ပြည့်နှစ်တွင် ၇ ဒသမ ၇ ရာခိုင်နှုန်း၊ ၂ဝ၁၁ ခုနှစ်တွင် ၄ ဒသမ ၂ ရာခိုင်နှုန်း၊ ၂ဝ၁၂ ခုနှစ်တွင် ၁ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၂ဝ၁၃ ခုနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းတို့ဖြစ်ပြီး GDP တွင်မူ ၂ဝဝ၉ ခုနှစ်တွင် ၄ ဒသမ ၉ ရာခိုင်နှုန်း၊ ၂ဝ၁ဝ ပြည့်နှစ်တွင် ၅ ဒသမ ၃ ရာခိုင်နှုန်း၊ ၂ဝ၁၁ ခုနှစ်တွင် ၅ ဒသမ ၉ ရာခိုင်နှုန်း၊ ၂ဝ၁၂ ခုနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၂ဝ၁၃ ခုနှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်းအထိ အဆင့်ဆင့် မြင့်တက်ခဲ့သော်လည်း ငွေကြေးများ ရိုက်ထုတ်မှုကြောင့်သာ တိုးတက်ခြင်းဖြစ်ပါက အမှန်တကယ် တိုးတက်မှုဟု မခေါ်ဆိုနိုင်ကြောင်း ပညာရှင်များက ဝေဖန်ပြောကြားကြသည်။

“ငွေဖောင်းပွမှုကြောင့် ဝင်ငွေနဲ့ ဝယ်ယူနိုင်စွမ်းကျတယ်။ ပုံသေဝင်ငွေပဲရတဲ့ ကျွန်တော်တို့လို ပင်စင်စားတွေ ဒုက္ခရောက်မယ်။ ငွေဖောင်းပွမှုကြောင့် မမျှတတဲ့ ချမ်းသာကြွယ်ဝမှုတွေ ဖြစ်လာမယ်။ ငွေဖောင်းပွမှု ရှိနေရင် ကုန်ဈေးနှုန်းတွေ တက်နေတာနဲ့ပဲ ချမ်းသာတဲ့သူတွေ ဟန်ကျနေမယ်။ ငွေဖောင်းပွမှုကို မထိန်းနိုင်ရင် စားသုံးသူရော၊ လုပ်ငန်းရှင်တွေရော တစ်တိုင်းပြည်လုံးပါ ဒုက္ခရောက်သွားမယ်” ဟု ဒေါက်တာဦးမြင့်က သုံးသပ်ပြောကြားသည်။


Eleven Media Group