မြို့ကြီးအချို့ ဇန်နဝါရီ ဒုတိယပတ်အတွင်း အအေးပိုနိုင်ဖွယ်ရှိ

ပို့စ်တင်ချိန် - 1/10/2014 03:30:00 PM


ရန်ကုန်၊ ဇန်နဝါရီ ၈

ကမ္ဘာ့ မြောက်ဘက်ခြမ်း ဒေသများတွင် ဆောင်းရာသီကာလ အားကောင်းပြီး အအေးလွန်ကဲမှု ဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံ မြို့ကြီးအချို့တွင် ဇန်နဝါရီလ ဒုတိယပတ်အတွင်း ညအပူချိန်များ လျော့နည်းကာ အအေးပိုနိုင်ဖွယ် ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ဇန်နဝါရီလ ၈ ရက်နေ့တွင် ပြောကြားသည်။

မြစ်ကြီးနား၊ ဟားခါး၊ လွိုင်ကော်၊ ပြင်ဦးလွင်၊ တောင်ကြီးနှင့် မန္တလေးစသည့် မြို့ကြီးများတွင် တိုင်းထွာ ခန့်မှန်းချက်များအရ ယခုရက်ပိုင်းအတွင်း ညအပူချိန်များ လျော့နည်းပြီး အအေးပိုနေခြင်းကြောင့် ယခင် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ၏ ညအပူချိန် ကဲ့သို့ အအေးဆုံးကာလ ဖြစ်မဖြစ်ကိုမူ ဆက်လက် စောင့်ကြည့်ရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“မနှစ်က ဇန်နဝါရီ ၈ ကနေ ၁၈ ရက်နေ့ အထိက အအေးဆုံးကာလ ဖြစ်ခဲ့တယ်။ ဒါတောင် မနှစ်ကနဲ့ ဒီနှစ်ဇန်နဝါရီ ၈ ရက် ချင်း ညအပူချိန်တွေ ပြန်နှိုင်းယှဉ်ရင် ဒီနှစ်က မနှစ်ကထက် ညအပူချိန်တွေပို လျော့နေတယ်” ဟု ဦးကျော်လွင်ဦးက ပြောဆိုသည်။

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်တို့သည် ညအပူချိန် အနုတ် ၂ ဒီဂရီ စင်တီဂရိတ်အထိ အအေးပိုခဲ့သည့် ဒေသများ ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန အချက် အလက်များအရ သိရသည်။

အာတိတ်ဒေသ လေအေးများ မြောက်အမေရိကတိုက်ဘက်သို့ တိုးဝင်နေပြီး ဆက်လက် ရွေ့လျားနေမှု များကြောင့် မြန်မာနိုင်ငံတွင်လည်း ဇန်နဝါရီလ ဒုတိယပတ်အတွင်း အအေးပိုလာနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကလည်း ပြောဆိုထားသည်။

The Voice Weekly Myanmar