မြန်မာတိုင်းရင်းသားတွေအတွက် ဂျပန်နိုင်ငံက ယန်းငွေ ၁၀ ဘီလျံ ကူညီမည်

ပို့စ်တင်ချိန် - 1/06/2014 12:20:00 PM


မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းပဋိပက္ခတွေကြောင့် ဒုက္ခရောက်နေကြတဲ့ တိုင်းရင်းသားတွေအတွက် ဂျပန်အစိုးရက လာမယ့် ၅ နှစ်အတွင်း ယန်းငွေ ၁၀ ဘီလျံ ထောက်ပံ့ကူညီသွားမယ်လို့ သိရပါတယ်။

ဂျပန်အစိုးရဟာ ဦးသိန်းစိန်အစိုးရနဲ့ တိုင်းရင်းသားတွေအကြား ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ တိုးမြှင့်လုပ်ဆောင်သွားနိုင်ရေးအတွက်ရည်ရွယ်ပြီး အခုလိုကူညီတာလို့ ဂျပန်အစိုးရနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေနဲ့ တခြားထောက်ပံ့ငွေအဖြစ် ဂျပန်ယန်းငွေ ၁၅၀ ဘီလျံကျော် ကူညီဖို့ ကတိပြုထားပါတယ်။

ဂျပန်အစိုးရဟာ မြန်မာအစိုးရနဲ့ တိုင်ရင်းသားအုပ်စုတွေအကြား ပြန်လည်သင့်မြတ်ရေး ဆွေးနွေးမှုတွေကို အရှိန်မြှင့်နိုင်အောင်ကူညီပြီး၊  တိုင်းရင်းသားတွေရဲ့ လူနေမှုဘ၀ မြင့်မားလာအောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း၊ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အခြေခံအဆောက်အဦးနဲ့ နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေ ပြန်လည်အခြေချနေထိုင်ရေးစတဲ့ လုပ်ငန်းတွေကို အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး ကူညီသွားမှာဖြစ်ကြောင်း သိရပါတယ်။
RFA Burmese