တရုတ်ထံမှ ကုန်ပစ္စည်းဝယ်ယူရာတွင် ပစ္စည်းများအစား ကျောက်ခဲနှင့် သဲများကိုသာထည့်၍ လိမ်ရောင်းမှု ဆက်တိုက်ဖြစ်ပွားနေ၊ စက်ရုံသုံး ဓာတုကုန်ကြမ်း ၀ယ်ယူရာတွင် ကွန်တိန်နာအတွင်း သဲများသာ ထည့်ပို့

ပို့စ်တင်ချိန် - 1/07/2014 11:15:00 AM


ကွန်တိန်နာဘောက်အတွင်း သဲများထည့်သွင်း ထားသော ပီပါပုံးများကို တွေ့ရစဉ် (ဓာတ်ပုံ-အကောက်ခွန် ဦးစီးဌာန)

တရုတ်ထံမှ ကုန်ပစ္စည်းဝယ်ယူရာတွင် ပစ္စည်းများအစား ကျောက်ခဲနှင့် သဲများကိုသာထည့်၍ လိမ်ရောင်းမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း အကောက်အခွန် ဦးစီးဌာနမှ သိရသည်။

၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃ ရက်က ထီးတန်းဆိပ်ကမ်း ကုန်သေတ္တာ စစ်ဆေးစခန်း၌ Red Chanel အဖြစ် ရွေးချယ်ခံထားရသော Htin Thiha Trading Co Ltd က Raw For Industry Sulphur Black အဖြစ် ကြေညာထားသည့် ကုန်သေတ္တာအမှတ် (DRYU 2285712-20) အား ဖွင့်ဖောက်စစ်ဆေးရာတွင် Raw For Industry Sulphur Black များအစား သဲများသာ တွေ့ရှိခဲ့သည်။

ကွန်တိန်နာအတွင်း ပီပါပုံးများ ပါရှိပြီး ပီပါပုံးများ ဖွင့်ဖောက်စစ်ဆေးရာ သဲများသာ ထည့်ထားသည်ကို တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

တရုတ်ကုမ္ပဏီဖြစ်သော WUHAN WANGLIYUAN CHEMICAL CO,Ltd ထံမှ မြန်မာဘက်က မှာယူတင်သွင်းခဲ့ခြင်းဖြစ်ပြီး စင်ကာပူဆိပ်ကမ်းမှတစ်ဆင့် ရန်ကုန်မြို့ရှိ ထီးတန်းဆိပ်ကမ်းသို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း အကောင်ခွန်ဦးစီးဌာနမှ သိရသည်။

ယခင်က မူဆယ်ကုန်လမ်းမှတစ်ဆင့် ယင်းပစ္စည်းများကို Htin Thiha Trading Co Ltd က တင်သွင်းခဲ့မှုများ ရှိခဲ့သော်လည်း ယခုကဲ့သို့ မဖြစ်ပွားခဲ့ဖူးကြောင်း၊ ယခုအကြိမ်မှာ ၎င်းကုမ္ပဏီအတွက် ပထမဆုံး အကြိမ်ဖြစ်ကြောင်း သိရသည်။

သို့သော် မကြာမီ ရက်ပိုင်းအတွင်းကပင် တရုတ်နိုင်ငံရှိ Qingdao Jinding Metal Import and Export Co.,Ltd ထံမှ ကော်စေ့ တန် ၂၀ ကို မြန်မာကုမ္ပဏီဖြစ်သည့် Millionaire Engineering and Industrial ကုမ္ပဏီမှ ၀ယ်ယူခဲ့ရာ တရုတ်ကုမ္ပဏီက ကော်စေ့တန် ၂၀ အစား ကွန်တိန်နာထဲတွင် ကျောက်ခဲအိတ်များ ထည့်ကာ ပေးပို့လိုက်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဉ်အတွက် တရုတ်သံရုံးသို့ အကြောင်းကြားမှုများ ပြုလုပ်ထားပြီး ဖြေရှင်းမှုများ ဆက်လက်ပြုလုပ် နေရကြောင်း Millionaire Engineering and Industrial ကုမ္ပဏီထံမှ သိရသည်။

eleven media group