မော်တော်ယာဉ်များ ထုတ်ယူရာတွင် ပစ္စည်းများပျောက်ဆုံးမှု မရှိစေရန် ဆိပ်ကမ်းများအတွင်း ဧရိယာအလိုက် CCTV ကင်မရာများ တပ်ဆင်ပြီး လုံခြုံရေးကင်းမျှော်စင်များ တည်ဆောက်သွားမည်

ပို့စ်တင်ချိန် - 1/03/2014 10:00:00 PM


မော်တော်ယာဉ်များ ဆိပ်ကမ်းအတွင်းမှ ထုတ်ယူရာတွင် ပစ္စည်းများ လျော့နည်းပျောက်ဆုံးမှု မရှိရန် ဆိပ်ကမ်းများအတွင်း ဧရိယာအလိုက် CCTV ကင်မရာတပ်ဆင်ပြီး လုံခြုံရေးကင်းမျှော်စင်များ တည်ဆောက်၍ လုံခြုံရေးအင်အား လုံလောက်စွာ ချထားဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

“ဆိပ်ကမ်းထဲက မော်တော်ယာဉ်တွေ ထုတ်ယူတဲ့နေရာမှ ပစ္စည်းတွေပျောက်ဆုံးမှု မရှိဖို့ ဆက်လက်ဆောင်ရွက်ရမယ့် အစီအစဉ်တွေ ရေးဆွဲထားပါတယ်။ ဆိပ်ကမ်းအတွင်းထဲမှာ ဧရိယာအလိုက် CCTV တပ်ပြီး လုံခြုံရေးကင်းမျှော်စင်တွေဆောက်ပြီး လုံခြုံရေးအင်အား လုံလောက်စွာချထားပြီး ကြပ်မတ်ဆောင်ရွက်သွားဖို့ ဆိပ်ကမ်းတွေကို ပြောပြီးပါပြီ” ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်မြင့်က ပြောကြားသည်။

အစိုးရက မော်တော်ယာဉ်များအား အထူးအစီအစဉ်ဖြင့် ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တင်သွင်းခွင့် ပြုခဲ့သည်။ ယင်းသို့ တင်သွင်းခွင့်ပြုခဲ့ရာတွင် မော်တော်ယာဉ်တင် သင်္ဘောတစ်စင်း ဆိပ်ကမ်းတွင် ဆိုက်ကပ်ချိန်မှ မော်တော်ယာဉ်အား လာရောက်ထုတ်ယူသူထံ အပ်နှံပြီးသည်အထိ အဆင့်ငါးဆင့်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်ဟု သိရသည်။

ယင်းအဆင့်များမှာ သင်္ဘောပေါ်တွင် မော်တော်ယာဉ်များ၏ အခြေအနေအား ဓာတ်ပုံဖြင့် မှတ်တမ်းတင်ထားရှိခြင်း၊ မော်တော်ယာဉ်အား သင်္ဘောပေါ်မှ ဆိပ်ကမ်းတံတားအတွင်း ထားသိုရန်နေရာသို့ ပို့ဆောင်ခြင်း၊ ဆိပ်ကမ်းတံတား ဂိုဒေါင်သို့ ရောက်ရှိလာသော မော်တော်ယာဉ်များ၏ အခြေအနေအား ဓာတ်ပုံဖြင့် မှတ်တမ်းတင်ထားရှိခြင်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဆိပ်ကမ်းတံတားနှင့် သင်္ဘောလိုင်းမှ တာဝန်ရှိသူများမှ မော်တော်ယာဉ်အား အသေးစိတ်စစ်ဆေး၍ Inspection Sheet တွင် ဖြည့်သွင်းပြီး သက်ဆိုင်ရာ အဖွဲ့အစည်းသုံးခုက တစ်စုံစီ ထိန်းသိမ်းထားရှိခြင်းနှင့် မော်တော်ယာဉ် လာရောက်ထုတ်ယူသူအား မော်တော်ယာဉ်နှင့် Inspection Sheet တိုက်ဆိုင်စစ်ဆေး၍ ကျေနပ်မှုရှိလျှင် မော်တော်ယာဉ်အား ထုတ်ပေးခြင်းတို့ဖြစ်သည်။

မော်တော်ယာဉ်အား ထိန်းသိမ်းရန် တာဝန်ရှိမှုအပိုင်းတွင် ယာဉ်အားကုန်တင် ဆိပ်ကမ်းတွင် သင်္ဘောပေါ်သို့ တင်ဆောင်အပ်နှံပြီးချိန်မှ ကုန်ချဆိပ်ကမ်းတံတား မော်တော်ယာဉ် သိုလှောင်ဝင်း ဂိုဒေါင်သို့ ပို့ဆောင်ပြီး သက်ဆိုင်ရာအဖွဲ့မှ စစ်ဆေးလက်ခံပြီးသည်အထိ သင်္ဘောလိုင်းမှ တာဝန်ယူရသည်။

မော်တော်ယာဉ် သိုလှောင်ဝင်း ဂိုဒေါင်တွင် သက်ဆိုင်ရာအဖွဲ့မှ Inspection Sheet ဖြင့် စစ်ဆေးလက်ခံပြီးချိန်မှာစ၍ ယာဉ်လာရောက်ထုတ်ယူသူက Inspection Sheet ဖြင့် တိုက်ဆိုင်စစ်ဆေး၍ လက်ခံပြီးသည့် အချိန်ထိ သက်ဆိုင်ရာ ဆိပ်ကမ်းတံတားမှ တာဝန်ယူထိန်းသိမ်းရန် တာဝန်ရှိပြီး၊ မော်တော်ယာဉ်ပိုင်ရှင် (သို့) ၎င်း၏ကိုယ်စားလှယ်မှယာဉ်အား Inspection Sheet နှင့် တိုက်ဆိုင်စစ်ဆေးပြီး ကျေနပ်မှုရှိပါက Inspection Sheet ပေါ်တွင် လက်မှတ်ရေးထိုးကာ မော်တော်ယာဉ်အား လက်ခံပြီးချိန်မှစ၍ အဆိုပါ လာရောက်ထုတ်ယူသူက တာဝန်ယူထိန်းသိမ်းရန် တာဝန်ရှိကြောင်း သိရသည်။

eleven media group