Depo Provera သုံးလခံ ကိုယ်ဝန်တားထိုးဆေး

ပို့စ်တင်ချိန် - 1/27/2014 06:00:00 AM


ဒီဆေးကြောင့် မျိုးဥအိမ်ကနေ မျိုးဥ မထွက်အောင် ဆောင်ကျဉ်းပေးတယ်။ ဒါ့အပြင် သားအိမ်အဝက ချွဲကို စေးပျစ်စေလို့ ဝင်လာမဲ့ သုတ်ပိုးအတွက် ခက်ခဲစေတယ်။ သားအိမ်အတွင်းဆုံးလွှာကိုလဲ ပါးစေသေးတယ်။ “မျိုးဥမထွက်၊ ထွက်အုံးတော့ သုတ်ပိုး အဝင်ခက်၊ ဝင်လာနိုင်လို့ နှစ်မျိုးတွေ့ပြီးအုံးတော့ အထဲမှာ လာမတွယ်စေနိုင်ဘူး။”

ကောင်းချက်တွေ အများကြီးရှိတယ်။
• ထိရောက်မှု သုတေသနတွေအရ ဝ% ကနေ ၂့၆% သာ လိုရာမရောက် ဖြစ်ပါတယ်။
• ၃ လနေမှ တခါထိုးရတယ်။
• တခြား ဟော်မုန်း ၂ မျိုးတွဲတွေလောက် ဆေး (အက်ရှင်) ဖြစ်တာတွေ နဲတယ်။
• Estrogen (အီစထိုဂျင်) ဟော်မုန်းမပါလို့ DVT အတွင်းပိုင်းက သွေးပြန်ကြောပိတ်တာ၊ PE အဆုပ်သွား သွေးကြောပိတ်တာ၊ Stroke နှလုံး-သွေးကြောပိတ်တာ တွေရဲ့ အန္တရာယ် မစိုးရိမ်ရဘူး။
• Endometrial cancer သားအိမ်ကင်ဆာဖြစ်မဲ့ အန္တရာယ်နဲတယ်။
• သွေးအားနဲရောဂါ၊ PID တင်ပဆုံတွင်းအင်္ဂါရောင်တာ၊ သားအိမ်ပြင်ပ သန္ဓေတည်တာ၊ သားအိမ် အသားပိုဖြစ်တာတွေ နဲတယ်။
• Endometriosis သားအိမ်ရောဂါရှိနေသူ ခံစားရတာတွေ နဲတယ်။
• အစကထဲက ရာသီဆင်းချိန်မှာ နာတာ၊ မျိုးဥထွက်ချိန်မှာ နာတတ်တာ၊ မျိုးဥအိမ်အလုံးဖြစ်တာလဲ နဲတယ်။
• အတက်ရောဂါရှိနေသူ အတက်ဖြစ်တာ နဲစေသေးတယ်။
• သွေးရောဂါတမျိုးရှိတဲ့ အမျိုးသမီးတွေမှာ Sickle cell crises ဆိုတာ အဖြစ်နဲတယ်။
• နို့တိုက်မိခင်တွေ သုံးနိုင်တယ်။
• မွေးပြီး ၁ လခွဲ ရှိမှထိုးတာ ပိုကောင်းတယ် မဟုတ်ရင် သွေးဆင်းနေတာ များတတ်တယ်။ နို့မတိုက်သူဆိုရင် ၁ ပါတ်အတွင်း ထိုးလို့ရတယ်။

ဒီဆေး မထိုးသင့်သူတွေကတော့ -
• Deep vein thrombosis အတွင်းပိုင်းက သွေးပြန်ကြောပိတ်ရောဂါ ရှိနေသူ၊
• PE အဆုပ်သွား သွေးကြောပိတ်ရောဂါ ရှိနေသူ၊
• Migraine မိုင်ဂရိန်း ခေါင်းမူး-ခေါင်းကိုက်ရောဂါ ရှိနေသူ၊
• Liver diseases (Acute viral hepatitis, severe Decompensated cirrhosis, Benign or malignant liver tumors) လတ်တလော ဖြစ်နေတဲ့ အသဲရောဂါ ရှိနေသူ၊
• Stroke နှလုံးသွေးကြောပိတ်ရောဂါ ရှိနေသူ၊
• ဆီးချိုဖြစ်တာ အနှစ် ၂ဝ ကြာနေသူ၊
• သွေးတိုးနေရင် သတိထားသုံးပါ၊
• နို့ကင်ဆာ ဖြစ်ထားသူ၊
• ကိုယ်ဝန်ဆောင်နေသူ၊
• STD ခေါ် လိင်ကတဆင့် ကူးစက်ရောဂါတွေကို အကာကွယ် မပေးနိုင်ပါ။

ရာသီ စဆင်းတဲ့ နေ့ကနေ ၅ ရက်အတွင်း ထိုးရင် ချက်ချင်း ထိရောက်တယ်။ ၅ ရက်နောက်မှ ထိုးရင် ၂ ပါတ်ကြာမှ ထိရောက်တယ်။ ကလေးပြန်ရဘို့ နောက်ကျ စေတယ်။ ဆေးထိုးတာ ရပ်ထားပြီးနောက် ၉ လ၊ ၁ နှစ်ခွဲကျမှ ကလေး ပြန်ရနိုင်ကြတယ်။ ၁ နှစ်ခွဲနေရင်တော့ တခြား တားနည်းတွေလိုဘဲ ကလေး ပြန်ရနိုင်စွမ်းက အတူတူဘဲ။ ထိုင်းနိုင်ငံမှာ လေ့လာမှုတခုအရ ဆေးထိုးရပ်ပြီး ကလေးပြန်ယူတော့ အလေးချိန်နဲတဲ့ကလေး မွေးနှုန်း များတာ တွေ့ရတယ်။ စမ်းသပ်တာကလဲ ဆင်းရဲသူတွေမှာပါ။

ဘေးထွက်ဆိုးကျိုး
• သွေးမဆင်းတာ၊ (၁ နှစ်တာ ထိုးထားတဲ့ အမျိုးသမီးတွေမှာ ၅၅%၊ ၁ နှစ်တာ ထိုးထားတဲ့ အမျိုးသမီးတွေမှာ ၆၈% ရာသီမလာတာ တွေ့ရတယ်။)
• သွေးဆင်းမမှန်တာ၊
• ဗိုက်နာတာ၊
• ဝတာ-ပိန်တာ၊
• အားယုတ်ချင်တာ၊
• စိတ်လှုတ်ရှားတာ၊

ဆိုးကျိုးတွေ ဘယ်လိုရှိသလဲသိဘို့ ဒီဆေးကို ၇ နှစ်ကြာ ထိုးထားတဲ့ အမျိုးသမီးပေါင်း ၄ဝဝဝ လောက်ကို စမ်းသပ်ခဲ့တယ်။
• သူတို့ထဲက ၅% ကျော်ကျော်မှာ ရာသီမမှန် (များသူ + မလာသူ)၊ ဗိုက်နာ၊ ကိုယ်အလေးချိန် ပြောင်းလဲ၊ အားယုတ်၊ ခေါင်းမူး၊ စိုးရိမ်၊
• ၁% ကနေ ၅% အထိတွေမှာ ဆက်ဆံလိုစိတ်နည်း၊ ဗိုက်အောက်ပိုင်းနာ၊ ခါးနာ၊ ရင်သားနာ၊ ခြေထောက်နာ၊ စိတ်ကျ၊ အနီပြင်ထွက်၊ ပျို့၊ အိပ်မပျော်၊ အဖြူဆင်း၊ ခြေထောက်ယောင်၊ ဝက်ခြံပေါက်၊
• ၁% ထက်နည်းသူတွေမှာ အသားဝါ၊ ဆီးလမ်း-မွေးလမ်းရောင်၊ တက်၊ အစားပျက်၊ ဝမ်းမမှန်၊ ဝမ်းသွေးပါ၊ အတူနေချိန် မနာသင့်ဘဲနာ၊ ရင်ပတ်နာ၊ သွေးအားနည်း၊ အလာဂျီရ၊ အိပ်ချင်၊ ဖျား၊ ချမ်း၊ အသားအရေခြောက်၊ ပန်းနာ၊ ရင်ခုန်မြန်၊ ချွေးပိုထွက်၊ အာခေါင်ခြောက်၊ လေဖြတ်၊ ရေငတ်၊ အသက်ရှူမဝ၊ ရာသီလာစဉ်နာ၊ ကိုယ်ဝန်ရှိသလို ခံစား၊ မထင်မှတ်ဘဲ ကိုယ်ဝန်ဆောင်၊ ကလေးပြန်မရ၊ သွေးပြန်ကြောရောင်၊ ဆက်ဆံလိုစိတ်ပို၊ နို့ထွက်နည်း၊ ရင်သား အရွယ်ပြောင်း၊ ရင်သားထိပ်က သွေးထွက်၊ ရင်သား-ကင်ဆာ၊

Black box warning လို့ အမေရိကန်သုံး “အထူးသတိပေးချက်” ကတော့ Osteoporotic effects ဆိုတဲ့ အရိုးအားနဲတာ ပိုကြာစေတတ်ပါတယ်။ ဒါ့ကြောင့် FDA ကနေ ၂ဝဝ၄ ကစပြီး၊ သတိပေးချက် ထည့်လိုက်တယ်။ ၂ နှစ်ထက်ပို မသုံးနဲ့လို့ ပြောတယ်။ WHO ကတော့ ဒါ့ကြောင့်တော့ ဒီဆေးမသုံးနဲ့လို့ မပြောသင့်ဘူး ဆိုပါတယ်။ အမေရိကန် ACOG ကလဲ WHO နဲ့ သဘောတူတယ်။ တခြားတားနည်း ပြောင်းသုံးစရာ မရှိရင် ရပ်စရာ မလိုပါဘူးတဲ့။

Depo Provera ဆိုတဲ့ ကိုယ်ဝန်တား ထိုးဆေးသုံးရင် (မီလီဂရမ်) ဘယ်လောက်လဲ ကြည့်ပါ။ 50 mg ဆိုရင် တလဘဲခံတယ်။ 150 mg ဆိုရင် ၃ လတွက် ဖြစ်တယ်။ ယောက်ျားတွေ အတွက်လဲ သုံးတယ်။ မုဒိန်းကောင်တွေကို Chemical castration ဆေးနဲ့ သင်းကွပ်ပေးတာပါ။ လိင်စိတ် သိသိသာသာ နဲသွားစေမယ်။

Dr. တင့်ဆွေ