အစိုးရ အရာရှိများကို GE ဖောင်ဒေးရှင်းနှင့် လီကွမ်ယုကျောင်း ပူးပေါင်းသင်တန်းပေး

ပို့စ်တင်ချိန် - 1/20/2014 02:47:00 PM


ရန်ကုန်၊ ဇန်နဝါရီ ၁၉

အမေရိကန်အခြေစိုက် GE ဖောင်ဒေးရှင်းနှင့် လီကွမ်ယု ပြည်သူ့ရေးရာ မူဝါဒကျောင်းတို့ ပူးပေါင်းကာ မြန်မာအစိုးရ အရာရှိများ အရည်အသွေး မြှင့်တင်နိုင်ရန် အခြေခံ အဆောက်အဦ ဖွံ့ဖြိုးရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် စွမ်းရည်မြှင့်တင်ရေး ဘာသာရပ်များကို ဇန်နဝါရီလအတွင်း သင်ကြားခဲ့ကြောင်း GE ဖောင်ဒေးရှင်းထံမှ သိရှိရသည်။

အာဆီယံ မူဝါဒခေါင်းဆောင်မှု အစီအစဉ် (ASEAN Policy Leader Forum) ၏ အစိတ်အပိုင်းအဖြစ် မြန်မာအစိုးရ အရာရှိ ၄၄ ဦးကို နေပြည်တော်တွင် ဇန်နဝါရီလ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ အကြီးတန်း စီမံခန့်ခွဲရေး သင်တန်းပေးခဲ့ခြင်း ဖြစ်သည်။

အခြေခံ အဆောက်အဦနှင့် စီးပွားရေး ဖွံ့ဖြိုးမှု၊ စွမ်းအင်ဝယ်ယူရေး သဘောတူညီမှုများ၊ အခြေခံ အဆောက်အဦ စီမံကိန်းအပေါ် အကျိုးသက်ရောက်မှု လေ့လာဆန်းစစ်ခြင်း (Infrastructure Project Risk Anlaysyis)၊ လာဘ်ပေးလာဘ်ယှု တိုက်ဖျက်ရေးနှင့် ပွင့်လင်းမြင်သာမှု ရှိရေး၊ အခြေခံ အဆောက်အဦ စီမံကိန်း အကဲဖြတ်မှုနှင့် ဘဏ္ဍာရေး၊ အများပိုင်၊ ပုဂ္ဂလိကပိုင် ဖက်စပ်လုပ်ငန်းများ၊ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေး အပိုင်းတွင် ဦးဆောင်မှု စသည့် အကြောင်းအရာများကို လေ့ကျင့် သင်ကြားပေးခဲ့ကြောင်း လီကွမ်ယု ပြည်သူ့ရေးရာ မူဝါဒကျောင်းမှ ထုတ်ပြန်ချက်အရ ရှိရသည်။

“ဒီသင်တန်းက အကြီးတန်း အစိုးရ အရာရှိတွေကို အာဆီယံ ဒေသတွင်းက အရေးကြီးတဲ့ သင်ခန်းစာတွေကို သင်ယူခွင့် ရစေပြီးတော့ ရေရှည် တိုင်းပြည်ဆက်လက် ဖွံ့ဖြိုးရေးမှာ အသုံးချ သွားနိုင်ပါလိမ့်မယ်” ဟု နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ဆိုသည်။

GE ဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံတွင် အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုဝန်ထမ်းများ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ အစိုးရနှင့် ပုဂ္ဂလိက ဆေးရုံများကို နည်းပညာပိုင်း ကူညီခြင်း၊ ကျန်းမာရေး ဝန်ထမ်းများကို လေ့ကျင့်ပေးခြင်းကိုလည်း ဆောင်ရွက်နေသည်။

ယင်းအပြင် GE ဖောင်ဒေးရှင်းသည် ပညာရေး၊ ကျန်းမာရေး၊ သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေး အစီအစဉ်များ၊ အလုပ်သမားရေးနှင့် ဒေသတွင်း ဖွံ့ဖြိုးရေး အစီအစဉ်များကို တစ်ကမ္ဘာလုံးတွင် ကူညီ ဆောင်ရွက်နေသည်။
The Voice Weekly Myanmar